ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခနှုန်းထားများကို ရာခိုင်နှုန်း ၄၀ အထိ တိုးမြှင့်တော့မည် မဟုတ်ဘဲ ဆိုင်ခန်းငှားရမ်းသူများနှင့် ညှိနှိုင်း၍ လျှော့ပေးသွားမည်ဖြစ်ကြောင်း ယုဇနပလာဇာအုပ်ချုပ်မှုကော်မတီက ကတိပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် (၄) ဦးထင်ဇော်ဝင်းက ပြောကြားသည်။မင်္ဂလာဈေး မီးလောင်မှုဖြစ်စဉ်အပြီး ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများ တိုးမြှင့်မည်ဟု ငှားရမ်းဖွင့်လှစ်ထားသူများကို ယုဇနပလာဇာအုပ်ချုပ်မှု ကော်မတီက ခေါ်ယူအသိပေးခဲ့ပြီး ဆိုင်ခန်းငှားရမ်းခများ ရာခိုင်နှုန်း ၄၀ အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခင် တစ်လကျပ် ၁၀ သိန်းပေးရသော ဆိုင်ခန်းမှာ ကျပ် ၁၄ သိန်းခွဲသို့လည်းကောင်း၊ ယခင် ၁၈ သိန်းပေးရသော ဆိုင်ခန်းမှာ ကျပ် ၂၅ သိန်းသို့လည်းကောင်း တိုးမြှင့်သွားခြင်းဖြစ်ကြောင်း၊ ယင်းသို့ တိုးမြှင့်သည့်အပေါ် ဆိုင်ခန်း ငှားရမ်းဖွင့်လှစ်ထားသူများက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြလာခြင်းကြောင့် သက်ဆိုင်ရာ ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီကိုလည်း နှစ်ကြိမ် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။“စည်ပင်က ခွင့်ပြုထားတဲ့ ကိုယ်ပိုင်ဈေး ပေါင်း ၈၂ ဈေးရှိတယ်။ ယုဇနပလာဇာ အပါအဝင်ပေါ့။ စည်ပင်ဥပဒေအရ စည်ပင်က တာဝန်ရှိတာက ကိုယ်ပိုင်ဈေးများကို လိုင်စင်ထုတ်ပေးတယ်။ လိုင်စင် ရုပ်သိမ်းတယ်။ ကြီးကြပ်တဲ့ အပိုင်း တာဝန်ရှိတာပေါ့။ အဲဒီမှာ ဒီကာလမှာ ယုဇနပလာဇာ ဆိုင်ခန်းခတွေ ၄၀၊ ၄၃ ရာခိုင်နှုန်းလောက် တက်တယ်လို့ တင်ပြကြတယ်။ အဲဒီအပေါ်မူတည်ပြီး တစ်ခါခေါ် ယူတွေ့ဆုံပါတယ်။ အဲဒီမှာ ယုဇနပလာဇာရဲ့ ဒါရိုက်တာ ဒေါ်မေမိုးသန့် တက်ပါတယ်။ နောက်ပြီး ဒုတိယအကြိမ် ဖေဖော်ဝါရီ ၃ ရက်မှာ ထပ်တွေ့တယ်။ မနှစ်က ၁၈ သိန်း ပေးရတဲ့ ဆိုင်ခန်းက ဒီနှစ်မှာ ၂၅ သိန်း ပေးရမယ်ဆိုပြီး အကြောင်းကြားတယ်။ ဦးတို့က တိုက်တွန်းထားတယ်။ ဒီလိုမင်္ဂလာဈေး မီးလောင်လို့ ဈေးသူဈေးသားတွေ အခက်အခဲကြုံတဲ့ ကာလလေးမှာ ဈေးနှုန်း မတက်သင့်ပါဆိုတာကို အတိအကျပြောတယ်။ ငှားနေကြသူတွေ တင်ပြတာပါ။ မင်္ဂလာဈေးက မီးလောင်တဲ့သူတွေ သွားငှားလို့ တင်ပြတာမဟုတ်ပါဘူး။ ၄၃ ရာခိုင်နှုန်း မတက်သင့်ပါဘူး။ တက်ဖို့ ခွင့်မပြုသင့်ပါဘူးလို့ ပြောတော့ ယုဇနပလာဇာအဖွဲ့ က ၄၃ ရာခိုင်နှုန်း မတက်ပါဘူးလို့ ကတိပေးသွားတယ်။ ဒါပေမဲ့ သူတို့ဆိုင်ခန်း ငှားရမ်းသူတွေနဲ့ ဆုံပြီး အတိုင်းအတာ တစ်ခုတော့ သူတို့တင်မှာပေါ့” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၄) ဦးထင်ဇော်ဝင်းက ပြောကြားသည်။“ဦးတို့က ဈေးမတက်ရလို့ အတိအကျ ဥပဒေအရ ညွှန်ကြားလို့မရဘူး။ ဒီကာလအတွင်းမှာ ဒီလိုဈေးနှုန်းတက်တာကို ခွင့်မပြုသင့်ပါ လို့ပြောတော့ သူတို့လက်ခံတယ်။ ဆိုင်ခန်းငှားရမ်းသူတွေ လာပြောရင် သူတို့ညှိပြီး လျှော့ပေးမယ်။ ဘယ်လောက် လျှော့ပေးမယ်ဆိုတာ သူတို့ငှားရမ်းတဲ့ အချိန်မှာ အဖြေပေါ်မှာပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများကို ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်တိုးမြှင့်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် မင်္ဂလာဈေး မီးလောင်မှုဖြစ်စဉ်အပြီးနှင့် တိုက်ဆိုင်စွာဈေးနှုန်းများကို ထပ်မံ တိုးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။ယခုကဲ့သို့ ဆိုင်ခန်းငှားရမ်းခများကို ရာခိုင်နှုန်း ၄၀ အထိ တိုးမြှင့်မည် မဟုတ်တော့သည့်အကြောင်း ဈေးသူဈေးသားများကိုလည်း တင်ပြခဲ့သည့် ဆိုင်ခန်း ကိုယ်စားလှယ်များမှတစ်ဆင့် အသိပေးသွားမည်ဟု သိရသည်။ယုဇနပလာဇာသည် ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်သောဈေးဖြစ်ပြီး ၎င်းတို့ငှားရမ်းထားသည့် ဆိုင်ခန်းပေါင်း ၈၀၀ ခန့်ရှိကြောင်း သိရသည်။
ယုဇနပလာဇာ၏ ဆိုင်ခန်းငှားရမ်းခများ ရာခိုင်နှုန်း ၄၀ အထိ တိုးမြှင့်တော့မည် မဟုတ်ဘဲ ငှားရမ်းသူများနှင့် ညှိနှိုင်း၍ လျှော့ပေးသွားမည်ဟု ယုဇနပလာဇာ အုပ်ချုပ်မှု ကော်မတီ ကတိပေး















