NLD ကို မဲပေးရန် ညွှန်ပြသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က မဲလက်မှတ် ထုတ်ပေးသူ ဆရာမအား တရားစွဲထားသည့်အမှု ခုနစ်ကြိမ်မြောက် ရုံးချိန်းတွင် လိုပြသက်သေ ဒုမဲရုံမှူးအား စစ်ဆေး

NLD ကို မဲပေးရန် ညွှန်ပြသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က မဲလက်မှတ် ထုတ်ပေးသူ ဆရာမအား တရားစွဲထားသည့်အမှု ခုနစ်ကြိမ်မြောက် ရုံးချိန်းတွင် လိုပြသက်သေ ဒုမဲရုံမှူးအား စစ်ဆေး
Published 4 February 2016
နေရိုင်း၊ ကျော်မျိုး

NLD ပါတီအား မဲပေးရန် ညွှန်ပြသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က  မဲလက်မှတ် ထုတ်ပေးသူ ဆရာမအား  တရားစွဲထားသည့်အမှု ခုနစ်ကြိမ်မြောက်ရုံးချိန်းတွင် လိုပြသက်သေအဖြစ် ဒုမဲရုံးမှူးအား စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာ မဲရုံအမှတ် (၁) ၌ ဆရာမဒေါ်ဝင်းဌေးက NLD ပါတီအား မဲပေးရန် ညွှန်ပြသည်ဟုဆိုကာ တရားလိုဖြစ်သူ ဦးကောင်းမြတ်ကျော်က နိုဝင်ဘာ ၉ ရက်တွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများနှင့် အဆိုပါကိစ္စအား ညှိနှိုင်းခဲ့ပြီး ဦးဝေလွင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးနေအောင်၊ ဒေါ်ယမင်းမြင့်ဆွေတို့နှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ ထုံးဘိုရဲစခန်းတွင် ရွေးကောက်ပွဲဥပဒေ ၆၁ (ခ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် တရားရုံး၌ ဖေဖော်ဝါရီ ၂ ရက်က စစ်ဆေးသည့်  ခုနစ်ကြိမ်မြောက်ရုံးချိန်းတွင် လိုပြသက်သေဖြစ်သူ ဒုမဲရုံးမှူး ဆရာမဒေါ်မိုးမိုးဝေအား အခင်းဖြစ်ပွားသည့်နေ့က မဲရုံအတွင်း ဖြစ်ပွားခဲ့သည်များကို စစ်ဆေးခဲ့သည်။
မဲရုံဖွင့်ပြီးနောက် ၇ နာရီခွဲခန့်တွင် ဆရာမဒေါ်ဝင်းဌေးက မဲလက်မှတ်ရှိ အကွက်ကို ထောက်ပြသည်ဟုဆိုကာ မဲရုံမှူးထံ လာရောက် တိုင်ကြားသည်ကို တွေ့ရကြောင်း၊ မဲရုံမှူးက ဆရာမဒေါ်ဝင်းဌေးအနီးရှိ မဲစာရင်း စစ်ဆေးသူ ဦးနိုင်ဝင်းနှင့် ဦးချမ်းအေးအား မေးမြန်းရာ ဆရာမဒေါ်ဝင်းဌေးက ထိုသို့ပြုလုပ်သည်ကို မြင်တွေ့ခြင်းမရှိဟု ဖြေခဲ့ကြောင်း၊ ထို့နောက် ဆရာမဒေါ်ဝင်းဌေးအား မေးမြန်းရာတွင် နှစ်သက်ရာပါတီကို မဲပေးရန် ပြောကြားခဲ့ကြောင်း၊ ထို့နောက် တိုင်ကြားသူ ဦးကောင်းမြတ်ကျော်အား မဲရုံမှူးက ဆက်လက်မေးမြန်းရာ ကိုယ်တိုင်မြင်တွေ့ခြင်းမရှိဟု ဖြေကြားခဲ့ကြောင်း ဒုမဲရုံမှူး ဆရာမဒေါ်မိုးမိုးဝေက ထွက်ဆိုခဲ့သည်။
အဆိုပါအမှုအား ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း ဆက်လက် စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့်ရုံးချိန်းတွင် ကျန်ရှိသည့် လိုပြသက်သေများအား ဆက်လက် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။   

Most Read

Most Recent