အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အများစုပါဝင်မည့် မွန်ပြည်နယ် အစိုးရအား ကြိုဆိုပြီး စစ်မှန်သော တန်းတူရေး အပါအဝင် ပြည်နယ်တွင်း လိုအပ်ချက်များအတွက် အတိုက်အခံပါတီအဖြစ် ဆက်လက်ရပ်တည် တိုက်တွန်းသွားမည်ဟု မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးနိုင်ငွေသိန်း က The Daily Eleven ကို ပြောကြားသည်။ဦးနိုင်ငွေသိန်းက“အထူးသဖြင့်ကတော့ ဒီပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်ဘက်မှာရော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အများဆုံးအနိုင်ရတာတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုတယ် ဆိုတဲ့ အနေအထားမှာရှိတယ်။ ပြည်နယ်မှာဆိုရင်တော့ NLD အနေနဲ့ နေရာအများစုမှာ အနိုင်ရတယ်။ ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်တဲ့ အနေအထားရှိတာပေါ့။ အဲဒီမှာကတော့ ဒီပြည်နယ်မှာတော့ ကျွန်တော်တို့ပါတီက နှစ်ဦးရွေးချယ်ခံရတယ်။ နောက် NLD မဟုတ်ဘဲ တစ်ဦးကတော့ အရင်ကမွန်ဒေသလုံး ဆိုင်ရာပါတီကပေါ့။ အစိုးရဖွဲ့တဲ့အခါကျရင် လည်းပဲ NLD ကနေပြီးတော့ တိုင်းရင်းသားတွေအပေါ်မှာ သဘောထားကြေညာချက် အကြမ်းဖျင်းတော့ သိတာပေါ့နော်။ ဒါပေမဲ့လို့လည်းပဲ ဘယ်လို၊ ဘာလုပ်မလဲဆိုတာ အသေးစိတ်တော့လည်း မသိနိုင်ဘူးလေ။ မသိနိုင်တဲ့အခါကျတော့ ဆရာတို့အနေနဲ့ အထူးသဖြင့်ကတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး သို့မဟုတ် တိုင်းရင်းသားတွေအနေနဲ့ ပြောမယ်ဆိုရင်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စစ်မှန်သော တန်းတူရေးအပေါ်မှာ မူတည်ပြီးတော့ အမြဲလုပ်ဆောင်နိုင်အောင်တော့ တို့အမြဲတိုက်တွန်းသွားမယ့် အနေအထားတော့ရှိတာပေါ့။ ပြည်နယ်ရဲ့ လိုအပ်ချက်တွေအတွက် ပြည်နယ်ပါလီမန်ထဲမှာရော၊ ပြည်နယ်ရဲ့ ပါလီမန်အပြင်ဘက်မှာရော၊ တိုက်တွန်းသွားမယ့် အနေအထားတော့ ရှိတာပေါ့။ အမှန်ကတော့ ဆရာတို့က ဘယ်လိုပဲပြောပြော အတိုက်အခံပါတီ တစ်ခုအနေနဲ့ ရပ်တည်ရမယ့် အနေအထားမျိုးတော့ ရှိတာပေါ့။ ဒါလုပ်ပါ။ ဒါမလုပ်ပါနဲ့ အစရှိသည်ဖြင့် ဒါမျိုးရပ်တည်ဖို့တော့ အဓိကထားတယ်။ အဓိက ရည်ရွယ်ချက်ထားတယ်။ ပြည်နယ် မှာဆိုလို့ရှိရင်တော့ အတိုက်အခံပါတီအနေနဲ့ ဆက်လက်သွားဖို့ ရည်မှန်းထားတယ်”ဟု ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် မဲဆန္ဒနယ် ၂၀ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၆ နေရာအထိရွေးချယ်ခံထားရခြင်း ဖြစ်သည်။ မွန်ပြည်နယ်တွင်း လိုအပ်ချက်များစွာ ရှိကြောင်း၊ NLD အနေဖြင့် စိန်ခေါ်မှုများစွာ တွေ့ရဦးမည်ဖြစ်ကြောင်းနှင့် မိမိတို့ပါတီ အနေဖြင့် ထောက်ပြသင့်သည်များကို ဝေဖန်ထောက်ပြမည်ဖြစ်သလို ကူညီသင့်ပါကလည်း ဝိုင်းဝန်းလုပ်ဆောင်ရန်ရှိကြောင်း ဦးနိုင်ငွေသိန်းက ဆက်လက်ပြောကြားသည်။ မွန်အမျိုးသားပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီလည်းဖြစ်ရာ အခြားသောအဖွဲ့ဝင်ပါတီများနှင့် ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အပါအဝင် လွှတ်တော်ပြင်ပ လှုပ်ရှားမှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။မွန်အမျိုးသားပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌအပါအဝင် ပါတီဝင်ရာခိုင်နှုန်း ၉၀ ကျော် လာရောက်ပေါင်းစည်းသောကြောင့် ၂၀၁၄ ဇန်နဝါရီတွင် ယခင် မွန်ဒီမိုကရေစီပါတီကို အမည်ပြောင်းလဲခဲ့ကာ ပါတီအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ညီလာခံကို ၂၀၁၅ ဇန်နဝါရီတွင် ပြုလုပ်ခဲ့သည်။ မွန်အမျိုးသားပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်နှစ်နေရာတွင်သာ ရွေးချယ်ခံခဲ့ရသည်။
NLD ကိုယ်စားလှယ်အများစု ပါဝင်မည့် မွန်ပြည်နယ်အစိုးရအား ကြိုဆိုပြီး ပြည်နယ်တွင်း လိုအပ်ချက်များအတွက် အတိုက်အခံပါတီတစ်ခုအဖြစ် ရပ်တည်တိုက်တွန်းမည်ဟု မွန်အမျိုးသားပါတီဒုဥက္ကဋ္ဌ ပြောကြား















