ပြည်တွင်းရော်ဘာဈေး ဆက်လက်ကျဆင်းနေခြင်းကြောင့် ခြံငယ်များ ထုတ်လုပ်မှု စရိတ်အောက်သို့ ကျဆင်းကာ အထွက်နှုန်းနည်းသည့် မျိုးမှားစိုက်မိသည့် ခြံအပါအဝင် ခြံငယ်ရာခိုင်နှုန်း ၃၀ ကျော် လုပ်ငန်းရပ်နား

ပြည်တွင်းရော်ဘာဈေး ဆက်လက်ကျဆင်းနေခြင်းကြောင့် ခြံငယ်များ ထုတ်လုပ်မှု စရိတ်အောက်သို့ ကျဆင်းကာ အထွက်နှုန်းနည်းသည့် မျိုးမှားစိုက်မိသည့် ခြံအပါအဝင် ခြံငယ်ရာခိုင်နှုန်း ၃၀ ကျော် လုပ်ငန်းရပ်နား
Published 26 January 2016
ချမ်းမြေ့သူ

ပြည်တွင်းရော်ဘာဈေး ဆက်လက် ကျဆင်းနေခြင်းကြောင့် ခြံငယ်များ ထုတ်လုပ်မှုစရိတ်အောက်သို့ ကျဆင်းကာ အထွက်နှုန်းနည်းသည့်မျိုးကို မှားစိုက်မိသည့် ခြံအပါအဝင် ခြံငယ် ရာခိုင်နှုန်း ၃၀ ကျော် လုပ်ငန်း ရပ်နားထားကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။
“လက်ရှိဈေးကတော့ ထုတ်လုပ်မှု စရိတ်အောက်မှာပဲ။ ခြံငယ်တွေကတော့ လုပ်ကိုင်စားဖို့အတွက် အခက်အခဲဖြစ်တာပေါ့။ အထွက်နှုန်းနည်းတဲ့ မျိုးတွေကို စိုက်ထားတဲ့ ခြံတွေကတော့ လုပ်သားငှားဖို့ သိပ်မလွယ်တော့ဘူးပေါ့။ မိသားစု တစ်နိုင်တစ်ပိုင်ပဲ လုပ်နေကြရတယ်။ ဒီဇင်ဘာ လတုန်းကဆိုရင် နိုင်ငံတကာဈေးက တစ်တန်ကို ဒေါ်လာ ၁၃၀၀ နီးပါးအထိ အမြင့်ဆုံးဖြစ်ခဲ့တယ်။ ပြည်တွင်းမှာဆိုရင် အမြင့်ဆုံးက တစ်ပေါင် ကျပ် ၆၀၀ ပတ်ဝန်းကျင် ရှိခဲ့တယ်။ ပြည်ပ တင်ပို့တာကတော့ ပုံမှန်ပဲ၊ ရငွေ နည်းတာပဲ ရှိတယ်”ဟု မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ဇန်နဝါရီ ၂၆ ရက်တွင် မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ၎င်းက“ ပိတ်ထားတဲ့ ခြံတွေလည်းရှိတယ်။ ၃၀ ရာခိုင်နှုန်းကျော်လောက် ပိတ်ထားရတယ်။ ဇန်နဝါရီ လကုန်လောက်ကစပြီး အစေးထွက်နှုန်းကျတဲ့ အချိန်ပေါ့။ ရာသီဥတုကလည်း နောက်ပိုင်းမှာ ပူလာပြီဆိုတော့။ ရာသီဥတုပူရင် အစေးထွက်တာကျတယ်။ ခြံပိတ်ထားတာကတော့ ခြံငယ်တွေပဲ။ နေရာအနှံ့ပဲ။ မျိုးရွေးမှားတဲ့ခြံတွေပေါ့။ ပေါင် ၆၀၀၊ ၇၀၀ တန်းလောက် ထွက်တဲ့ ခြံတွေဆိုရင်တော့ ဒီဈေးနဲ့ဆိုရင် လုပ်ကိုင်လို့မရဘူး”ဟု ပြောကြားသည်။ မြန်မာနိုင်ငံ၏ ရော်ဘာခြံ စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကျော်မှာ ခြံငယ်များ ဖြစ်သည့်အတွက် ယခုကဲ့သို့ ရော်ဘာဈေးနှုန်း ကျဆင်းချိန်တွင် ထုတ်လုပ်မှု စရိတ်အောက်သို့ ရောက်ရှိသည့် ခြံများစွာ ရှိနေကြောင်း သိရသည်။ ပုံမှန်အားဖြင့် နှစ်စဉ် စက်တင်ဘာလမှ မေလအထိ ခြံဖွင့်ရာသီဖြစ်ပြီး မိုးရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ခြံပိတ်ရာသီအဖြစ် သတ်မှတ်လေ့ရှိသည်။
“ရော်ဘာခြံတွေမှာက နေ့စားရယ် ပင်စားရယ်ဆိုပြီး ရှိတယ်။ နေ့စားကတော့ တစ်နေ့ကို ရှစ်ပြားလောက်ထွက်ရင် ခြံရှင်နဲ့ အလုပ်သမား တစ်ဝက်စီယူတာပေါ့။ ပင်စားကကျတော့ တစ်ပင်ကို ဘယ်လောက်ဆိုပြီး ပေးရတာ။ အခုနေ့စားရော ပင်စားရော လုပ်တဲ့ ခြံတွေက အလုပ်သမားကို ပြန်ပေးဖို့အတွက်ကို တွက်ခြေမကိုက်ဘူး ဖြစ်နေတာ။ အရင်ကဆိုရင် အပင် ၂၀၀၀ ဝန်းကျင်ကို တစ်နေ့ ပျမ်းမျှပေါင် ၁၀၀ ကျော်လောက် ထွက်တာ အခုအရွက်လည်း ကြွေပြီးသွားရော အထွက်က နည်းသွားတယ်”ဟု သံဖြူဇရပ်ရှိ ရော်ဘာခြံ လုပ်ငန်းရှင် ဦးအောင်သူက ဆိုသည်။
ပြည်တွင်းရော်ဘာဈေးနှုန်းမှာ နိုင်ငံတကာ ရော်ဘာဈေး ကျဆင်းနေမှုကြောင့် လိုက်ပါ ကျဆင်းနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတကာ ရော်ဘာဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁၂၀၀ ကျော် ဝန်းကျင်တွင်ရှိပြီး ပြည်တွင်းရော်ဘာဈေးမှာ RSS 3 အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၅၄၀ ဝန်းကျင် ရှိကြောင်း သိရသည်။ နိုင်ငံတကာတွင် ရော်ဘာဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ထိုင်း စစ်အစိုးရအဖွဲ့ အကြီးအကဲသည် ထိုင်းနိုင်ငံ၏ အကုန်အကျများသည့် စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှု သမိုင်းရှည်ကြီးကို အဆုံးသတ်မည်ဟု ပေးထားသည့်ကတိကို ဖောက်ဖျက်ကာ အကျပ်ရိုက်နေသော စိုက်ပျိုးရေးသမားကို ကူညီရန်အတွက် ရော်ဘာများဝယ်ယူရန် ဝန်ကြီးဌာနရှစ်ခုကို အမိန့်ပေးခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။ သို့ဖြစ်၍ ပြည်တွင်း ရော်ဘာဈေး ဆက်တိုက် ကျဆင်းနေခြင်းကြောင့် အထိနာနေသည့် ခြံငယ်ရှင်များကို နိုင်ငံတော်မှ ထောက်ပံ့မှုတစ်ခုခု ပြုလုပ်ပေးရန် ခြံရှင်များက မျှော်လင့်နေကြောင်း သိရသည်။

Most Read

Most Recent