ကုမ္ပဏီများက အစိုးရ၏လာဘ်ပေးလာဘ်ယူမှုများကို EITI ၏ အရပ်ဘက်ကိုယ်စားလှယ်များရှေ့တွင် ထုတ်ဖော်ပြောကြားခဲ့သော်လည်း အစိုးရ၊ ကုမ္ပဏီ၊ အရပ်ဘက် အဖွဲ့အစည်း သုံးပွင့်ဆိုင်ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် ကုမ္ပဏီများက လာဘ်ပေးလာဘ်ယူမှုများကို ဖော်ထုတ်ပြောကြားခြင်း မရှိသောကြောင့် ယခု ဒုတိယအကြိမ် တင်သွင်းမည့် အစီရင်ခံစာတွင် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် EITI နှင့်မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အနာဂတ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အရပ်ဘက်ကိုယ်စားလှယ်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“ကျွန်မတို့ နယ်ဘက်မှာ အရပ်ဘက်အဖွဲ့အစည်းနဲ့ ကုမ္ပဏီဆွေးနွေးတဲ့အခါမှာ ကုမ္ပဏီနှစ်ခု၊ သုံးခုလောက်က သတ္တုတွင်း လိုင်စင်လုပ်တဲ့အခါ လိုင်စင်ကျဖို့အတွက် သိန်း ၂၀၀ လောက်မှ မကုန်ရင် လိုင်စင်ကျဖို့ မလွယ်ဘူးပြောတယ်။ ခက်တာက အရပ်ဘက်အဖွဲ့အစည်းနဲ့တွေ့ဆုံရင် အဲဒီလိုပြောပေမယ့် တကယ့်တကယ် MSG အစည်းအဝေးမှာ အစိုးရဘက်က ပါလာရင် သူတို့က မပြောရဲတော့ဘူး။ အဲဒီတော့ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ဖော်ထုတ်နိုင်ခဲ့တာမျိုး ပထမအစီရင်ခံစာမှာ မပါခဲ့ဘူး။ နောက်အစိုးရက အခြားနည်းနဲ့ အခွန်ကောက်တာတွေလည်း ရှိတယ်။ အဲဒါတွေကို နောက်အစိုးရသစ်လက်ထက် ဒုတိယအကြိမ် အစီရင်ခံစာမှာ ဖော်ထုတ်နိုင်မယ်”ဟု EITI ၏ အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ပြောကြားသည်။ထို့ပြင် ဖားကန့်ဒေသသည် ကျောက်မျက်နှင့် ပတ်သက်ကာ ဝင်ငွေအများဆုံးဝင်သော်လည်း ပြည်နယ်နှင့် တိုင်းအလိုက် အခွန်ငွေရရှိမှုကို သီးသန့်စာရင်းထားခြင်း မရှိဘဲ ရန်ကုန်တွင်သာ စာရင်းသွင်းခြင်းကြောင့် တွင်းခွန်စောင့်ကြည့်သည့် အဖွဲ့ကို ပွင့်လင်းမြင်သာစွာ သိရန်လိုအပ်ပြီး ယင်းအချက်များကိုလည်း နိုင်ငံတကာအတွင်းဝန်ရုံးသို့ တင်သွင်းမည့် ဒုတိယအကြိမ် အစီရင်ခံစာရေးဆွဲရာတွင် သတိထားရန်လိုအပ်ကြောင်း ၎င်းတို့က ထည့်သွင်းပြောကြားသည်။“ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အချို့ကုမ္ပဏီတွေက ထုတ်ဖော်ပြောရဲပေမယ့် အချို့က မပြောရဲဘူး။ ပထမအကြိမ် အစီရင်ခံစာမှာ လာဘ်ပေးလဘ်ယူမှုကို မဖော်ထုတ်နိုင်ခဲ့ပေမယ့် အစိုးရသစ်လက်ထက်မှာ ဖော်ထုတ်နိုင်လိမ့်မယ်။ ဒါဟာ အလားအလာကောင်းတဲ့ သဘောပါ” ဟု အရပ်ဘက်ကိုယ်စားလှယ် ဒေါက်တာကျော်သူက ပြောကြားသည်။မြန်မာနိုင်ငံအနေဖြင့် EITI တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်စေရေးအတွက် ဇန်နဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်သတ္တုကဏ္ဍတို့မှ ရရှိသည့် အခွန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလျံ တိုက်ဆိုင်စစ်ဆေးထားသည့် EITI အစီရင်ခံစာကို တင်သွင်းခဲ့ကြောင်း သိရသည်။ (၂၇) ကြိမ်မြောက် နိုင်ငံတကာ EITI အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအား ၄၅ နိုင်ငံမြောက် EITI အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။
အစိုးရ၏ လာဘ်ပေးလာဘ်ယူမှုများကို ကုမ္ပဏီများက အရပ်ဘက်သို့ ဖွင့်ဟပြောဆိုသော်လည်း အစိုးရရှေ့တွင် ပြောဆိုခြင်းမရှိသောကြောင့် EITI ၏ ဒုတိယအကြိမ် အစီရင်ခံစာတွင် လာဘ်ပေးလာဘ်ယူမှုကို ဖော်ထုတ်မည်















