နိုင်ငံအသီးသီးအနက် ၂၀၁၅ ခုနှစ်အတွက် အအောင်မြင်ဆုံးနှင့် အကောင်းဆုံးကုမ္ပဏီ ၁၀၀ စာရင်းကို World Finance အဖွဲ့အစည်းမှ ရွေးချယ်ထုတ်ပြန်ရာ မြန်မာနိုင်ငံမှ KBZ ဘဏ် ရွေးချယ်ခံရကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။World Finance အဖွဲ့အစည်းမှ ကမ္ဘာ့နိုင်ငံအသီးသီးအနက် အအောင်မြင်ဆုံးနှင့် အကောင်းဆုံးကုမ္ပဏီ ၁၀၀ စာရင်းအား ထုတ်ပြန်ရာတွင် ဆွစ်ဇာလန်နိုင်ငံ DAVOS ၌ ကျင်းပမည့် World Economic Forum တက်ရောက်လာသူများသို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ဖြန့်ဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။World Finance အဖွဲ့အစည်းမှ ၂၀၁၅ ခုနှစ်အတွက် World Finance 100(2015) စာရင်း၌ မြန်မာနိုင်ငံမှ KBZ ဘဏ်အား ရွေးချယ်ရာတွင် KBZ ဘဏ်အနေဖြင့် “၂၀၁၅ ခုနှစ်အတွင်း နိုင်ငံနှင့်အဝှမ်း ဘဏ်ခွဲများကို တိုးချဲ့ဖွင့်လှစ်နိုင်ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုများ တိုးတက်ကောင်းမွန်ခြင်း၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကောင်းမွန်ခြင်း၊ ပွင့်လင်းမြင်သာမှုတွင် ထိပ်ဆုံးမှ ရပ်တည်နေခြင်း၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထောက်ကူပေးနိုင်ခြင်း၊ နိုင်ငံအတွက် အခွန်အများဆုံး ပေးဆောင်ခဲ့ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာမှ ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းစံနှုန်းများနှင့်အညီ ကျင့်သုံး လိုက်နာဆောင်ရွက်နိုင်ခြင်း၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ကဏ္ဍအသီးသီးတွင် တက်ကြွစွာ ပါဝင်ကူညီမှု၊ အများအပြား လှူဒါန်းခဲ့မှု” စသည့် အချက်များကြောင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။KBZ ဘဏ်အနေဖြင့် လေးနှစ်ဆက်တိုက် နိုင်ငံအတွက် ဝင်ငွေခွန် အများဆုံပေးဆောင်ထားခဲ့ပြီး လေးနှစ်အတွင်း အခွန်ငွေ ကျပ် ၆၄ ဘီလျံကျော် ပေးဆောင်ထားခဲ့ကြောင်း သိရသည်။World Finance 100(2015) စာရင်း၌ အမေရိကန်နိုင်ငံမှ Apple IT ကုမ္ပဏီ၊ ဂျာမဏီ နိုင်ငံမှ BMW ကုမ္ပဏီ၊ အင်္ဂလန်နိုင်ငံမှ Barclays Bank ၊ ပြင်သစ်နိုင်ငံမှ BNP Paribas ဘဏ်၊ UAE နိုင်ငံမှ Emirates လေကြောင်း လိုင်းနှင့် Qatar National Bank ၊ သြစတြေးလျနိုင်ငံမှ ANZ ဘဏ်၊ ဂျပန်နိုင်ငံမှ Toyota ကုမ္ပဏီ၊ ဟောင်ကောင်မှ HSBC ဘဏ်နှင့် စင်ကာပူနိုင်ငံမှ SingTel ကုမ္ပဏီကဲ့သို့ နာမည်ကျော် ကုမ္ပဏီပေါင်းများစွာ ပါဝင်ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။KBZ ဘဏ်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်သည့် ဘဏ်ဆုပေါင်းများစွာကို ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် အာရှတိုက်၏ ဘဏ်လုပ်ငန်းရှင်ဆုကိုလည်း KBZ ဘဏ်၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းမှ ရရှိခဲ့ကြောင်း သိရသည်။
World Finance မှရွေးချယ်သော ၂၀၁၅ ခုနှစ်အတွက် အအောင်မြင်ဆုံးနှင့် အကောင်းဆုံး ကုမ္ပဏီ ၁၀၀ စာရင်း၌ မြန်မာနိုင်ငံမှ KBZ ဘဏ် ရွေးချယ်ခံရ















