မင်္ဂလာဈေး မီးလောင်မှုတွင် ဆုံးရှုံးခဲ့သော ဆေးဆိုင်အများစု ဆိုင်ခန်းနေရာ အခက်အခဲနှင့် ဆိုင်ငှားရမ်းခ ဈေးနှုန်းမြင့်တက်မှုကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လမ်းသွယ်များတွင် မော်တော်ယာဉ်များဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း ဆေးဆိုင်များထံမှ သိရသည်။ယင်းသို့ ရောင်းချရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ၁၃၅၊ ၁၃၆၊ ၁၃၇ လမ်းများ အတွင်းတွင် မော်တော်ယာဉ်များအား ဆိုင်ခန်းနေရာအဖြစ် အသုံးပြု၍ ရောင်းချလျက်ရှိကြောင်း သိရသည်။“မင်္ဂလာဈေးမီးလောင်မှုကြောင့် ဆေးဈေးတက်တာတော့ မရှိပါဘူး။ နေရာအခက်အခဲပဲ ရှိတာပါ။ ဆေးလာချပေးတဲ့ ကုမ္ပဏီတွေကလည်း အရင်ဈေးတိုင်းပဲ ရောင်းပေးတာဆိုတော့ ဈေးမြင့်တက်ခြင်း မရှိပါဘူး။ ကုမ္ပဏီပေးတဲ့ ဈေးအတိုင်းပဲ ရောင်းရတာဆိုတော့ ကျွန်တော်တို့ ဈေးမြင့်တက်လို့လည်း မရပါဘူး။ လာဝယ်နေကျ Customer တွေက လိုချင်တဲ့ ဆေး ၁၀ မျိုးရှိရင် ငါးမျိုးလောက်ပဲ ရမယ်။ အကုန်လုံးတော့ မရဘူးဆိုတဲ့ အခက်အခဲပဲရှိတာပါ”ဟု မင်္ဂလာဈေး မီးလောင်ဆုံးရှုံးမှုတွင် ပါဝင်ခဲ့သည့် ဆေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။လမ်းသွယ်များတွင် ဆေးရောင်းချမှုကို မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှ စတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်မကတော့ မီးလောင်ပြီး နောက်နေ့ မှာ ဆေးဈေးတက်မှာစိုးလို့ ဆေးတွေ ကြိုသွားဝယ်ခဲ့တယ်။ ဒါပေမဲ့ ဈေးမတက်ပါဘူး” ဟု သာကေတမြို့နယ်တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောကြားသည်။“အချို့ဆိုင်တွေကတော့ မီးလောင်တာကို အကြောင်းပြပြီး ဈေးနည်းနည်းလောက် တင်ရောင်းတာတွေ ရှိတယ်။ ဒါပေမဲ့ အနည်းအကျဉ်းပါ။ အချို့ကတော့ ခုလို လမ်းသွယ်မှာ ရောင်းတာကို မသိတဲ့သူတွေကတော့ ဗိုလ်ချုပ်ဈေးမှာ သွားဝယ်ကျတယ်။ အဲဒီမှာတော့ ဈေးနည်းနည်းကြီးတာပေါ့” ဟု မင်္ဂလာဈေးရှေ့တွင် ဆေးဆိုင်ဖွင့်ထားသည့် မသူသူက ဆိုသည်။မင်္ဂလာဈေးမီးလောင်မှုကြောင့် ယင်းဈေးအနီးရှိ ရွှေမင်္ဂလာဈေးသစ်ကြီးတွင် ဆိုင်ခန်းငှားရမ်းခ တစ်လလျှင် ကျပ် သိန်း ၂၀ အထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး ငှားရမ်း၍ ပင်မရတော့ကြောင်း မင်္ဂလာဈေးဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။ မင်္ဂလာဈေး မီးမလောင်မီက အဆိုပါဈေးတွင် ဆိုင်ခန်းငှားရမ်းခ တစ်လလျှင် ကျပ်တစ်သိန်း၊ နှစ်သိန်းသာရှိခဲ့ရာမှ ယခု မီးလောင်ပြီးချိန်တွင် ဆိုင်ခန်းငှားရမ်းခများ တစ်ဟုန်ထိုး မြင့်တက်ခဲ့ခြင်းကြောင့် အချို့ဆိုင်ခန်းများအနေဖြင့် မိမိနေအိမ်ရှေ့တွင်သာ ဆိုင်ဖွင့်၍ အရောင်းအဝယ်ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။မင်္ဂလာဈေးရှိ မီးလောင်ကျွမ်းခဲ့သည့် တတိယလွှာနှင့် လေးလွှာသည် ကုန်စုံ၊ အလှကုန်၊ မီးဖိုချောင်သုံးပစ္စည်းနှင့် ဆေးပစ္စည်းများ ရောင်းချသည့်နေရာဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဆေးဆိုင်အများစု ဆိုင်ခန်းနေရာ အခက်အခဲနှင့် ဆိုင်ငှားရမ်းခ ဈေးနှုန်းမြင့်တက်မှုကြောင့် လမ်းသွယ်များတွင် မော်တော်ယာဉ်များဖြင့် ရောင်းချမှုများ ရှိနေ















