ရန်ကုန်မြို့အနီး ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ ပြင်းအားရှိ မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် တစ်နိုင်ငံလုံး နှစ်နာရီကြာ လျှပ်စစ်မီးပြတ်တောက်

ရန်ကုန်မြို့အနီး ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ ပြင်းအားရှိ မြေငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် တစ်နိုင်ငံလုံး နှစ်နာရီကြာ လျှပ်စစ်မီးပြတ်တောက်
Published 13 January 2016
မင်းသိန်းနိုင်၊ ပြည့်ဖြိုးအောင်

မြန်မာနိုင်ငံ ရန်ကုန်မြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၄ဒသမ ၈ ပြင်းအားရှိ မြေငလျင်တစ်ခုသည် ဇန်နဝါရီ ၁၂ ရက်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲ မှ စုံစမ်းသိရှိရသည်။
အဆိုပါ မြေငလျင်မှာ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၄၁မိုင်အကွာခန့် မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ ရန်ကုန်တိုင်းဒေသကြီးတွင် မြေငလျင်လှုပ်ခတ်မှုကို အများအပြား ခံစားသိရှိခဲ့ရပြီး အခြားတိုင်းနှင့် ပြည်နယ်တို့၏ နေရာအချို့တွင်လည်း မြေငလျင် လှုပ်ခတ်မှုမှာ သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
"အင်အားက ၄ ဒသမ ၈ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ပါ။ ပြည်တွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်"ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးလှစောက ဇန်နဝါရီ ၁၂ရက် ညပိုင်းတွင် ပြောကြားသည်။
"မော်လမြိုင်မှာဆိုရင် ထိုင်နေရင်းနဲ့တောင် ဆတ်ခနဲ ခန္ဓာကိုယ်က တုန်ခါသွားတယ်"ဟု မော်လမြိုင်မြို့နေ ကိုထွန်းလင်းနိုင်က ပြောကြားသည်။
"ကျွန်တော်က စာဖတ်နေတာပါ။ ကျွန်တော့်အခန်းတံခါးက အလူမီနီယံတံခါး ဖြစ်တဲ့အတွက် လှုပ်ရင်သိပါတယ်။ ပြီးတော့ ခေါင်းက မိုက်ခနဲ ဖြစ်သွားတယ်။ ပထမက ကိုယ်ဘဲ ခေါင်းမူးနေတာလားပေါ့။ တံခါးပေါင်တွေ အနည်းငယ် လှုပ်ခတ်တာကိုတွေ့မှ ငလျင်လှုပ်တယ်လို့သိရတာ"ဟု ရန်ကုန်မြို့ တာမွေမြို့နယ်နေ ကိုလင်းထွန်းက ပြောကြားသည်။
ယင်းသို့ မြေငလျင်လှုပ်ခတ်သွားပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်မီးမှာလည်း ပြတ်တောက်သွားခဲ့ကြောင်း ဒေသအလိုက် ပြည်သူများထံမှ စုံစမ်းသိရသည်။
"ငလျင်လှုပ်ပြီး စက္ကန့်ပိုင်းလောက်အကြာမှာပဲ မီးကပြတ်သွားတယ်။ ကျွန်တော့်သူငယ်ချင်းတွေကို လှမ်းမေးတဲ့အခါမှာလည်း သူတို့မြို့နယ်တွေမှာ အကုန်မီးပြတ်နေတယ်လို့ သိရတယ်။ ည ၉ နာရီခွဲလောက် ကတည်းက မီးပြတ်သွားတာဖြစ်ပါတယ်"ဟု ရန်ကုန်မြို့ ရန်ကင်းမြို့နယ်နေ ကိုအောင်မျိုးကျော်က ပြောကြားသည်။
ထိုသို့ လျှပ်စစ်မီး ပြတ်တောက်ရခြင်းမှာ နေပြည်တော်နှင့် ပျဉ်းမနားအကြားရှိ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း၊ လိုင်းခွဲ System Breakdown ဖြစ်ရာမှ စတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်နေပြီး ပြုပြင်မှုများ ပြုလုပ်ခဲ့ရကြောင်း အလုံမြို့နယ်၊ ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ တာဝန်ကျ ဝန်ထမ်းတစ်ဦး ပြောကြားချက်အရ သိရသည်။
"ငလျင်လှုပ်ခတ်သွားတာနဲ့ လျှပ်စစ်မီး ပြတ်တာ ဆက်စပ်တယ်လို့ အကြမ်းဖျင်း ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျှပ်စစ်မီး ဖြန့်ဖြူးပေးနေတဲ့ အချို့စက်တွေက တုန်ခါမှု ကိုခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် အခုလို System Breakdown ဖြစ်သွားတာလို့ ယူဆရပါတယ်"ဟု လျှပ်စစ်ကျွမ်းကျင် အင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် နံနက် ၅ နာရီ ၃၅ မိနစ်ခန့်တွင်လည်း မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက်မိုင် ၂၅၀ ခန့်အကွာ အိန္ဒိယနိုင်ငံ မဏိပူရသို့ ဗဟိုပြု လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ မြေငလျင် လှုပ်ခတ်မှုကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ငလျင်ဒဏ် သက်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ပါက အင်အား ၁ ရစ်ချ်တာစကေးမှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက  အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ  ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အား အသင့်အတင့်ဖြစ်၍ ရစ်ချ်တာစကေး ၆ မှ ၇ ဒသ ၅ အထိ လှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး ရစ်ချ်တာစကေး ၇ ဒသမ ၆ အထိ လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းသည့် ငလျင်ဖြစ်သည်ဟု သတ်မှတ်ကြောင်း သိရသည်။

Most Read

Most Recent