ပထမဦးစွာယနေ့ စုစည်းတက်ရောက်လာကြတဲ့ နိုင်ငံတော်အစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်နှင့် အခြားအဖွဲ့အစည်းတို့ကို ကိုယ်စားပြုတက်ရောက် သူများနှင့် ပြည်ထောင်စု တိုင်းရင်းသားညီအကို မောင်နှမများ အာလုံးအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ၂၀၁၆ ခုနှစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေးရရှိရန် ဝိုင်းဝန်းကြိုးပန်းကြသော နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စု လွှတ်တော်နာယကကြီး ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ တပ်မတော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ မြန်မာ့နိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟို (MPC) မှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တာဝန်ရှိသူများ အားလုံးရဲ့ ဆောင်ရွက်မှုများကြောင့် ယခုလို ညီလာခံကြီးကိုကျင်းပနိုင်ခြင်း ဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်ထောင်စုအတွင်း တိုင်းရင်းသား အားလုံးတို့ရဲ့ တန်းတူရည်တူ အခွင့်အရေးများကို လေးစား အကောင်အထည်ဖော်ရေး၊ ပြည်ထောင်စုသား အချင်းချင်းအကြား သဟဇာတ ဖြစ်ရေးတို့ကို ခိုင်ခိုင်မာမာ ဆွဲကိုင်ခဲ့ပါတယ်။ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် စားပွဲဝိုင်း ဖြေရှင်းနည်းကို ကျင့်သုံးပြီး ပင်လုံစိတ်ဓါတ်ကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရာမှာ ကျွန်မတို့ အဖွဲ့ချုပ် တည်ထောင်စဉ်ကတည်းက မူတွေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမ အစ ခြေလှမ်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေ ပူးပေါင်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းကြားမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲပြားဖို့ အရေးကြီးပါတယ်။မတရားအသင်းမှ ပယ်ဖျက်ခံရပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ မတရားအသင်းမှ ပယ်ဖျက်ခြင်း မခံရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြားမှာ နားလည်မှု လွဲမှားခြင်း မဖြစ်စေဖို့လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ တစ်မျိုးသား လုံးပြန်လည်သင့်မြတ်ဖို့ အထူးလိုအပ်နေပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လျစ်လျူရှုထားလို့ မရနိုင်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး မရှိဘဲနဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး။ယခုအချိန်မှာ ပြည်သူပြည်သား တိုင်းရင်းသားများက ကျွန်မတို့ကို ပေးထားသော လုပ်ပိုင်ခွင့် အာဏာပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့် ရှိပါတယ်။ အားလုံးက ပူးပေါင်းပါဝင် ကူညီကြမယ်လို့လည်း အထူးမျှော်လင့်ပါတယ်။နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်းမှာ အခြေအနေ အချိန်အခါအရ လိုအပ်သလို ပြုသာပြင်သာ ဖြစ်ရန် လိုအပ်ပါတယ်။ ပြန်လည်ပြင်ဆင်လို့ ခက်ခဲမယ့် အကြောင်းအရင်းများ ရှိနေတတ်တာကြောင့်မို့လို့ အနာဂတ် လုပ်ငန်းစဉ်တွေ ချမှတ်ရာမှာ သတိထားပြီး ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်းရေးဆိုတဲ့ အာဏာကြီး သုံးရပ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို သတိမူ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာပါ။ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းရဲ့ အသီးအပွင့်များဖြင့် ပြည်ထောင်စု တိုင်းရင်းသားများရဲ့ ငြိမ်းချမ်းရေး အိပ်မက်ကို အကောင်ထည် ဖော်နိုင်ပါလိမ့်မယ်။ ကျမတို့က ၂၁ ရာစုနှစ်နဲ့ ကိုက်ညီမှုရှိတဲ့ ပင်လုံညီလာခံမျိုးကို မျှော်လင့်ပါတယ်။ တစ်ချိန်က တိုင်းရင်းသားများ အားလုံး တတ်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျွန်မတို့ နိုင်ငံက လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိခဲ့ပါတယ်။ တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဟာ တစ်ကွဲတစ်ပြားစီ လုပ်ဆောင်ရခြင်းထက် ပိုပြီးတော့ ထိရောက်မှု ရှိတယ်ဆိုတဲ့ သင်္ကတ ဖြစ်ပါတယ်။ယခုလည်း တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ဆန်ဆန် အောင်အောင်မြင်မြင် ရောက်နိုင်ပါတယ်။ တိုင်းရင်းသားများ အသီးသီးရဲ့ မျှော်လင့်ချက်များကို စုပေါင်းပြီးတော့ အကောင်အထည် ဖော်နိုင်တယ်ဆိုတဲ့ အတွေးအခေါ် အယူအဆက ၂၀ ရာစုနှစ်က စခဲ့ပေမယ့် ၂၁ ရာစုနှစ် အတွက်ပါ လိုအပ်တဲ့ ပင်လုံစိတ်ဓါတ် တနည်းအားဖြင့် ပြည်ထောင်စု စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။ယခုအခါ ဆက်သွယ်ရေးနည်းပညာ တိုးတတ်မှုများကြောင့် ကမ္ဘာတဝှမ်း အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်မှုများ ရှိနေပါတယ်။ ယင်းနည်းပညာသစ် အခွင့်အလမ်းသစ်များကို အသုံးချပြီး ယခင်က မစွမ်းဆောင ်နိုင်ခဲ့တာမျိုးကို ယခုအခါမှာ အောင်အောင်မြင်မြင် လုပ်နိုင်ခြင်းဖြင့် ၂၁ ရာစုနှစ် ညီလာခံကြီးကို ကျင်းပနိုင်မှာပါ။ တိုင်းရင်းသားအားလုံး အပြန်အလှန် ယုံကြည်မှု နားလည်မှု အပြန်အလှန် ယုံကြည်မှု အပြန်အလှန် ချစ်ခင်ရင်းနှီးမှု အပြန်အလှန် လေးစားမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက် ကြမှသာလျှင် စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ထောင်နိုင်မှာ ဖြစ်ပါတယ်။ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံး စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသစ်ကို တည်ဆောက်ရာတွင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ စည်းလုံးစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါတယ်။ မိမိတို့ အတွင်း အခုဖြစ်ပွားနေတဲ့ တိုက်ပွဲများကို မိသားစုစိတ်ဓါတ် အခြေခံပြီး ရင့်ကျက်တဲ့ နိုင်ငံရေးစံနှုန်းများကိုပြုစုပျိုးထောင်ခြင်းအားဖြင့် အမြန်ဆုံး ရပ်စဲသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်တကွ နိုင်ငံသူ နိုင်ငံသားများ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်းစေရန်အတွက် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အမြန်ဆုံးအောင်မြင်စွာ ထူထောင်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား















