ဝင်ငွေခွန် နှုန်းထားကို လက်တွေ့ အခြေအနေနှင့် ကိုက်ညီသည့် နှုန်းထားဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု လွှတ်တော်၏ နောက်ဆုံးရရှိသည့် အခွင့်အလမ်းကို မှန်မှန်ကန်ကန် အသုံးပြုရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ဇန်နဝါရီ ၁၁ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သူရဦးရွှေမန်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းသည် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းအတွင်း နောက်ဆုံးအကြိမ်အဖြစ် ဆွေးနွေး အတည်ပြုပေးရမည့် ဥပဒေကြမ်း ဖြစ်ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းအတွင်း ပြီးခဲ့သည့်နှစ်များတွင် ဘတ်ဂျက် ဥပဒေကြမ်း၊ အခွန်ဥပဒေကြမ်းများနှင့် ဆက်စပ်၍ နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာနှင့်အညီ ခံစားနေထိုင်နိုင်ရန်အတွက် လစာစရိတ်များ သင့်တင့်စွာ တိုးမြှင့်ရရှိရေးကို ဦးစားပေး ဆွေးနွေးဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်မူ လစာတိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးရန် အခြေအနေ မရှိတော့ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။“ပြည်ထောင်စု လွှတ်တော် အတွင်းမှာ ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြသလို ပြည်ထောင်စု အစိုးရအဖွဲ့ပိုင်းကလည်း အတတ်နိုင်ဆုံး လိုက်လျော ဆောင်ရွက်ပေးခဲ့လို့ နိုင်ငံ့ဝန်ထမ်းများ နှစ်အလိုက် အထိုက်အလျောက် တိုးမြှင့်ခံစားရရှိခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒီအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ကို လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကို လည်းကောင်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ ယခု ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်ရဲ့ နောက်ဆုံးနှစ်မှာတော့ နိုင်ငံ့ဝန်ထမ်းများအတွက် လစာစရိတ် အပိုင်းမှာ ဆောင်ရွက်ပေးနိုင်မှု အခြေအနေ အခွင့်အလမ်း မရှိတော့ပါ။ သို့သော်လည်း အခွန်ဥပဒေကြမ်းရဲ့ အပိုဒ် ၁၉ ပါ ဝင်ငွေခွန် စည်းကြပ်မှုနှုန်းထား သတ်မှတ်မှုများကို လက်တွေ့ အခြေအနေနဲ့ ကိုက်ညီတဲ့ နှုန်းထားဖြစ်အောင် လွှတ်တော် ကော်မတီများနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်ထောင်စု လွှတ်တော်ရဲ့ နောက်ဆုံးရရှိတဲ့ အခွင့်အလမ်းကို မှန်မှန်ကန်ကန် အသုံးပြု နိုင်အောင် ဆွေးနွေး အဖြေရှာပေးကြဖို့ မှာကြားလိုပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီ ၁၁ ရက်တွင် ဒေါက်တာခင်ရွှေ၊ ဒေါက်တာ ဝင်းမြင့်၊ ဦးညွန့်တင်နှင့် ဦးစောလှထွန်းတို့က ဆွေးနွေးခဲ့ကြသည်။၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ဝင်ငွေရလမ်း ဖော်ပြနိုင်သော ဝင်ငွေများအတွက် အခွန်စည်းကြပ်ရာတွင် ကျပ်၂,၀၀၀,၀၀၁ မှ ကျပ်သိန်း ၅၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် ၅,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀ ထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၂၀၀ ထိ ၁၅ ရာခိုင်နှုန်း၊ ကျပ် ၂၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၃၀၀ ထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၃၀,၀၀၀,၀၀၁ နှင့်အထက် ၂၅ ရာခိုင်နှုန်း စည်းကြပ်ရမည်ဟု ဖော်ပြထားသည်။ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့် ငွေကြေးများအား အခွန်စည်းကြပ်ရာတွင် ဝင်ငွေ ၁ ကျပ်မှ ကျပ် ၁၀၀၀၀၀၀၀၀ အထိ သုံးရာခိုင်နှုန်း၊ ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ် ၅၀၀၀၀၀၀၀၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် ၅၀၀၀၀၀၀၀၁ မှ ၁၀၀၀၀၀၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀၀၀၀၀၀၀၀၁ မှ ၁၅၀၀၀၀၀၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၁၅၀၀၀၀၀၀၀၁ နှင့်အထက်အား ၃၀ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံရမည်ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ထိုသို့ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသော်လည်း ဝင်ငွေခွန် စည်းကြပ်ကောက်ခံခြင်းသည် တရားမဝင် နည်းလမ်းမှ ရရှိသော ငွေမည်းများကို ငွေဖြူပြုလုပ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီကလည်း ပယ်ဖျက်ရန် ပြောကြားထားသည်။
ဝင်ငွေခွန် နှုန်းထားကို လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့် နှုန်းထားဖြစ်အောင် ဆွေးနွေး ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု လွှတ်တော်၏ နောက်ဆုံး ရရှိသည့် အခွင့်အလမ်းကို မှန်မှန်ကန်ကန် အသုံးပြုရန် ပြည်ထောင်စု လွှတ်တော် နာယက ပြောကြား















