ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နေပြည်တော်တွင် ယနေ့ စတင်ကျင်းပမည်၊ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ တက်ရောက် နှုတ်ခွန်းဆက်စကား ပြောမည်

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နေပြည်တော်တွင် ယနေ့ စတင်ကျင်းပမည်၊ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ တက်ရောက် နှုတ်ခွန်းဆက်စကား ပြောမည်
Published 11 January 2016
အောင်ဇော်ထွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) တွင် ပြုလုပ်မည်ဖြစ်သည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က နှုတ်ခွန်းဆက်စကား ပြောကြားမည် ဖြစ်ကြောင်း ညီလာခံ ဖွင့်ပွဲအခမ်းအနား အစီအစဉ်အရ သိရသည်။ထို့နောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) စသည်တို့နှင့် ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ညီလာခံ ဖွင့်ပွဲအခမ်းအနားအပြီး မွန်းလွဲပိုင်း အစီအစဉ်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲ့ အသီးသီးမှ ရွေးချယ် တင်မြှောက်ထားသော ညီလာခံ သဘာပတိများအား အတည်ပြုခြင်း၊ ညီလာခံ ကျင်းပမည့် ပုံစံနှင့်အစီအစဉ်များ ရှင်းလင်းခြင်း၊ ညီလာခံ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခြင်းနှင့် အကြောင်းအရာအလိုက် ဆွေးနွေးရန်အတွက် အကျိုးဆောင်များ သတ်မှတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ကို ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ယခု ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ စသည့် ခေါင်းစဉ်ကြီး ငါးရပ်မှ ကဏ္ဍတစ်ခုစီကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အစိုးရ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော် ကိုယ်စားလှယ် ၁၅၀ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀၊ တရားဝင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ တို့ဖြင့် ကျင်းပမည်ဖြစ်သည်။ညီလာခံ ဒုတိယနေ့တွင် အစုအဖွဲ့ငါးစုနှင့် အစုငယ် နှစ်စုတို့မှ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးသွားမည့် ခေါင်းစဉ်ငါးခုကို မိမိတို့ အစုအဖွဲ့အတွင်း ဆွေးနွေးခြင်း၊ ညီလာခံ တတိယနေ့နှင့် စတုတ္ထနေ့များတွင်  အကြောင်းအရာများကို အုပ်စုအလိုက် ဆွေးနွေးခြင်း၊ ပဉ္စမနေ့  နံနက်ပိုင်းတွင် အစုအဖွဲ့ တစ်ခုချင်းစီမှ မိမိအစုအဖွဲ့အတွင်း ဆွေးနွေးခြင်းနှင့် မွန်းလွဲပိုင်းတွင် စုံညီအစည်းအဝေး ပြုလုပ်ကာ ကဏ္ဍအလိုက် ဆွေးနွေးချက်များကို ဖတ်ကြားတင်သွင်းခြင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အဆိုပြုချက်များ တင်သွင်းခြင်းတို့ ပြုလုပ်မည်ဖြစ်ပြီး ထို့နောက် ညီလာခံ ပိတ်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ဒုတိယအကြိမ် ညီလာခံကို နောင်တက်လာမည့် အစိုးရလက်ထက်မှသာ ကျင်းပနိုင်မည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ အချက်များအရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို လေးလလျှင် တစ်ကြိမ် ကျင်းပရမည်ဖြစ်ရာ ၂၀၁၆ ခုနှစ် မေတွင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent