ယခု ဇန်နဝါရီ ၅ ရက် မွန်းလွဲပိုင်းက ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ် အများသုံး အိမ်သာအား ဓာတ်ဆီလောင်းမီးရှို့၍ ငွေလုယက်ရန် ကြိုးစားခဲ့သူအား လုယက်ရန် ကြံစည်အားထုတ်မှုဖြင့် ဆက်လက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှုထံမှ သိရသည်။
ကျူးလွန်သူအား မီးရှို့မှုဖြင့်သာ ကနဦး အမှုဖွင့်အရေးယူထားပြီးနောက် ဆက်လက် စစ်ဆေး ပေါ်ပေါက်ချက်များ၊ ဘဏ်လုံခြုံရေး ကင်မရာမှတ်တမ်းများနှင့် ဝင်ရောက်ဖမ်းဆီးခဲ့သည့် မျက်မြင်သက်သေ ဘဏ်ဝန်ထမ်းများ၏ ထွက်ဆိုချက်များအရ လုယက်ရန် ကြံစည်မှုဖြင့် ဆက်လက်တရားစွဲရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်းလည်း ပခုက္ကူမြို့မရဲ စခန်းမှုးက ပြောကြားသည်။
“လုယက်ရန် ကြံစည်အားထုတ်မှုနဲ့ပါ ထပ်ပြီး တရားစွဲဆိုမှာပါ။ အခုအမှုကို ခိုင်မာအောင် တည်ဆောက်နေပါတယ်။ ပြစ်မှုဆိုင် ရာ ပုဒ်မတွေ တပ်ပြီးတာနဲ့ ဥပဒေအကြံပြု ချက် တောင်းခံတာတွေ ဆက်လုပ်သွားပါမယ်”ဟု ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးဦးကျော်စိုးက ပြောကြားသည်။
ကမ္ဘောဇဘဏ် အများသုံး အိမ်သာအား ဓာတ်ဆီလောင်း မီးရှို့၍ ငွေလုယက်ရန် ကြိုးစားခဲ့သူအား မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိဆေးစစ်ထားပြီး လတ်တလောဆေးစစ်မှု ရလဒ်အဖြေမသိရှိရသေးဟု ဆိုသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီ ၃၇ မိနစ်အချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၈) ရပ်ကွက်၊ လွတ်လပ်ရေးလမ်းရှိ ကမ္ဘောဇဘဏ်၌ ဘဏ်သို့လာရောက်သည့် အမျိုးသားတစ်ဦးက ဘဏ်အောက်ဆုံးထပ်ရှိ အများသုံး ကျားအိမ်သာ အတွင်းပိုင်းအား ဓာတ်ဆီလောင်း မီးရှို့ကာ ဘဏ်ငွေများ လုယက်ရန် ကြိုးစားခဲ့သည့်အတွက် ၎င်းအား ဘဏ်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။
ဘဏ်အများသုံး အိမ်သာအားမီးရှို့၍ ငွေလုယက်ရန်ကြုံစည်သူမှာ ပေါက်မြို့နယ် လက်ပံတို ရေနံမြေမှ အကြီးတန်းစာရေး ကိုမျိုးဆက် (၂၈)နှစ်ဖြစ်ပြီး ၎င်းအား ပခုက္ကူမြို့မရဲစခန်းတွင် (ပ) ၇/ ၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆ (မီးရှို့မှု)ဖြင့် ကနဦး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ပခုက္ကူကမ္ဘောဇဘဏ် စီစီတီဗွီမှတ်တမ်းများနှင့် ဝင်ရောက်ဖမ်းဆီခဲ့သည့် ဘဏ်ဝန်ထမ်းများ ပြောကြားချက်အရ ကိုမျိုးဆက် ဆိုသူသည် ဘဏ်အတွင်းသို့ ကြွပ်ကြွပ်အိတ် အမည်းရောင်အား ကိုင်ဆောင်၍ အများသုံး အမျိုးသားအိမ်သာအတွင်း ဝင်ရောက်သွားခဲ့ကြောင်း ၊ ၃ မိနစ်ခန့်အကြာ အိမ်သာမှ ပြန်ထွက်လာပြီး မီးလောင်နေသည်ဟု အော်ဟစ်ခါ လွှဲငွေများ သိမ်းဆည်းထားသည့်နေရာ (၎င်းနေရာသည် တာဝန်ကျ ဘဏ်ဝန်ထမ်းများမှလွဲ၍ အခြားဌာနခွဲမှ ဝန်ထမ်းများ၊ ငွေသွင်း၊ ငွေထုတ်ပြုလုပ်သူများ ဝင်ရောက်ခြင်း မပြုရန် အကာအရံဖြင့် တားဆီးထားသည့်နေရာ) အတွင်းသို့ ဝင်ရောက်၍ ကျပ်တစ်သောင်းတန် ငွေစက္ကူအစီး နှစ်စီးအား ဆွဲယူလိုက်သည့် အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့ရှိ ကမ္ဘောဇဘဏ် အများသုံးအိမ်သာအား ဓာတ်ဆီလောင်းမီးရှို့၍ ငွေလုယက်ရန် ကြိုးစားခဲ့သူအား လုယက်ရန် ကြံစည်အားထုတ်မှုဖြင့် ဆက်လက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရ















