တနင်္သာရီတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို လာမည့်ဖေဖော်ဝါရီတွင် ဖွဲ့စည်းမည်

တနင်္သာရီတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို လာမည့်ဖေဖော်ဝါရီတွင် ဖွဲ့စည်းမည်
Published 10 January 2016
အောင်ဇော်ထွန်း

တနင်္သာရီတိုင်း ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးကော်မတီကို ဖေဖော်ဝါရီတွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) စစ်ဦးစီးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းမှုများ ပြုလုပ်ရမည်ဖြစ်ရာ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဇန်န ဝါရီ ၉ ရက်က ရှမ်းပြည်နယ် ခိုလန်မြို့၌ ကျင်းပရာ ကော်မတီကို အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ် ငါးဦး၊  NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) မှ ကိုယ်စား သုံးဦး၊ PNLOမှ ကိုယ်စားလှယ်နှစ်ဦး၊ အရပ်သားကိုယ်စားလှယ် လေးဦး စုစုပေါင်း ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ဗိုလ်မှူးကြီး ခွန်အောင်မန်းက “ဒီရှမ်းပြည်ဖွဲ့ပြီးပြီဆိုတော့ နောက်လဆိုရင် ဖေဖော်ဝါရီ ၂၅၊ ၂၆ မှာ တနင်္သာရီမှာ ဖွဲ့မယ်။ တနင်္သာရီပြီးတော့ မွန်ပြည်နယ်ပြီးတော့ ကရင်ပြည်နယ်၊ ပဲခူးတိုင်းပြီးတော့ ချင်းပြည်နယ် အဲဒီလိုဖွဲ့သွားဖို့ရှိပါတယ်” ဟု ဇန်နဝါရီ ၁၀ ရက်က ပြောကြားသည်။တနင်္သာရီတိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့များတည်ရှိပြီး မွန်ပြည်နယ်တွင် KNU ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA) နှင့် KNLA-PC တပ်ဖွဲ့များရှိကြောင်းနှင့် NCA လက်မှတ်မထိုးရသေးသည့် အခြားအဖွဲ့များလည်း ရှိကြောင်းသိရသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးမှု ပီပီပြင်ပြင် ဖြစ်စေရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီများ၏ လုပ်ငန်းများသည် အရေးကြီးကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝလျော့ကျသွားစေရန်နှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ယုံကြည်မှုရှိစေရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီလုပ်ငန်းများကို အတိအကျ အကောင်အထည်ဖော်ရန် လိုကြောင်း ဗိုလ်မှူးကြီးခွန် အောင်မန်းက ဆိုသည်။ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ၎င်းက “အဓိကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့သွားအောင်၊ လျော့ပြီးတာနဲ့ လုံးဝမရှိတော့အောင်ဆိုတဲ့ လုပ်ငန်းစဉ်ကတော့ သူတို့ရဲ့ အဓိကလုပ်ငန်းစဉ်ပေါ့။ နောက်ပြီးတော့ အရပ်သားတွေကို အကာအကွယ်ပေးတဲ့ လုပ်ငန်းစဉ်တွေပေါ့”ဟု ပြောကြားသည်။လက်ရှိ ဖွဲ့စည်းပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီများ၏ ဖွဲ့စည်းပုံမှာ အသေမဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးသည့် အဖွဲ့များ တိုးလာပါက တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အစိုးရ၊လွှတ်တော်၊ တပ်မတော်အရာရှိများနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် အရပ်သားများ ပါဝင်သော ပြည်ထောင်စုအဆင့်ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အဖွဲ့ဝင် ၂၆ ဦး ဖြင့် ၂၀၁၅ ခုနှစ် နို ဝင်ဘာလက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။                

Most Read

Most Recent