အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ပထမဆုံးအကြိမ် ခင်းကျင်းပြသ

အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ပထမဆုံးအကြိမ် ခင်းကျင်းပြသ
Published 10 January 2016
သင်းဖြိုး

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကြီးမှူး၍ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ပထမဆုံးအကြိမ် ခင်းကျင်းပြသလျက်ရှိသည်။ယင်းထုတ်ကုန်ပြပွဲကို ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်တိုင် ခင်းကျင်းပြသမည်ဖြစ်ကာ မှော်ဘီနည်းပညာတက္ကသိုလ်၊ သန်လျင်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့အပြင် အခြားကောလိပ်နှင့် ကုမ္ပဏီများမှလည်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။“အင်ဂျင်နီယာထုတ်ကုန်ပြပွဲကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ပြသတာဖြစ်ပါတယ်။ ဒီမှာ တက္ကသိုလ်လေးခုက တီထွင်ထားတဲ့ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းတွေအပြင် အခြားကုမ္ပဏီတွေက ပါဝင်ပြသတာလည်း ရှိတယ်။ကုမ္ပဏီပေါင်း ၃၀ က ပြခန်းပေါင်း ၅၀ လောက် ပြသထားပါတယ်”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးမြင့်ဖေက ဆိုသည်။ပြပွဲတွင် အင်ဂျင်နီယာဆိုင်ရာ ပစ္စည်းများဖြစ်သည့် စက်မှုထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ပစ္စည်းများ၊ စက်နှင့် စက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ၊ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ၊ ပညာရေးဝန်ဆောင်မှုနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။“WYTU ကပါ။ ညီမတို့ ကျောင်းက မေဂျာငါးခု ပြခွင့်ရတယ်။ Control System နဲ့ Smart Home ဒီဇိုင်းကို ပြသခွင့်ရတယ်။ တိုးတက်လာတဲ့ခေတ်မှာ ဒီလိုပြပွဲတွေလုပ်တာ ကောင်းပါတယ်။ ကိုယ်သိထားတဲ့ ပညာရပ်ကို အခြားသူတွေသိဖို့ Sharing လုပ်နိုင်တယ်။ ပြီးရင် သူများတွေ သိထားတဲ့အရာကိုလည်း လေ့လာမှုတွေ ပြုလုပ်နိုင်ပါတယ်” ဟု ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ လာရောက်ပြသသည့် ကျောင်းသူ မခိုင်ဇင်ထွဋ်က ပြောကြားသည်။အဆိုပါ ထုတ်ကုန်ပြပွဲကို ယခင်က ပြသခဲ့သော်လည်း ယခုကဲ့သို့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း၌မူ ပထမဆုံးအကြိမ် ခင်းကျင်းပြသခြင်းဖြစ်ကာ ကျောင်းသား၊ ကျောင်းသူဟောင်း များလည်း လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။                                         

Most Read

Most Recent