ဒါ...လို့ပြေ..ဒါလို့မြေ...ဝ..ပိုင်လဲ့မြေ

ဒါ...လို့ပြေ..ဒါလို့မြေ...ဝ..ပိုင်လဲ့မြေ
Published 10 January 2016
မောင်ကမ္ဘာ

ရှင်းနရင်..ဟောင်း..မင်္ဂလာနှစ်သစ်ပါ...ဖုမူရင်မီနဲ..မိဘပြည်သူများခင်ဗျား..
သမ်မဒအစစ် မပေါ်သေးခင်တော့..စိတ်ကူးလေး တယဉ်ယဉ်နဲ့..စိတ်ကူးလေးပါပဲ_ _ အိမ်မက်လေးပါပဲ _ _ စိနတိုင်း ဂန္ဓာလရာဇ်ပြည်သုံး ကျေးဇူးရှင်တွေစကားနဲ့ နှုတ်ခွန်း ဆက်သလိုက်တာပါ။
နှစ်ဟောင်းက ကုန်သွားပါပြီ။ ကုန်ခါနီး ထွက်ခတ် ခတ်သွားတာ ခိုတောင်ကျွန်းဆိုလား၊ လိပ်ကျွန်းဆိုလား အဲသမှာ မောင်ကမ္ဘာတို့နိုင်ငံသား လူငယ်လေးနှစ်ယောက် နှစ်ကုန်လုဆဲဆဲမှာ သေဒဏ်ချခံရသဗျ။ ဟာ..တစ်နိုင်ငံလုံး ဒေါသ အမျက်ခြောင်းခြောင်းထွက် ဆန္ဒပြလိုက်ကြတာ။ မောင်ကမ္ဘာလည်း စိတ်မကောင်းဘူးခင်ဗျ။ သေသူတွေရော သေဒဏ်ကျသူတွေရော (၂၂၊ ၂၄) ပတ်ဝန်းကျင်တွေ။ အဲဒါနဲ့ သူငယ်ချင်း အမိန့်တော်ရမင်း ဗိုလ်ပုချိုနဲ့ သွားတိုင်ပင်တာပေါ့။  ဘာလုပ်ရင်ကောင်းမလဲ ဘာလဲပေါ့။ ဗိုလ်ပုချိုက အမှုကြီးက လိမ်ဆင်ကြီးကွတဲ့၊ ဒါပေသိ..အယူခံနှစ်ရုံး ကျန်သေးသတဲ့။ အဲဒါရှုံးရင် ထိုင်းဘုရင်မင်းမြတ်ကြီးဆီ အသနားခံစာ တင်နိုင်သေးသတဲ့။ ပြီးတော့ ဘုရင်မင်းမြတ်ကြီးမွေးနေ့၊ ဘုရင်မကြီးမွေးနေ့တို့၊ မိဖုရားခေါင်ကြီး မွေးထားတဲ့ ကြောင်လေး အမြွှာပူမွေးလို့ စတဲ့ နေ့ရက်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ခဏခဏပေးသတဲ့။ ၂၀၀၉ ခုနှစ်ကစပြီး ခုထိသေဒဏ်ကျသူ ၆၀၀ ကျော် ဘယ်သူမှ အသတ်မခံရသေးဘူးတဲ့။ မောင်ကမ္ဘာလည်း ဗြုံးခနဲ ဝမ်းသာမိပြီးမှ တစ်ချက်တွေးမိလို့လန့်သွားတယ်။ “ငင်..ဒါဆို..တင်မြင့်လို ထိုင်းလူသတ်သမားတွေ လွတ်လာပြီး ဒို့ နိုင်ငံထဲကရဲတွေ လာသတ်သွားပါဦးမယ် “ ဗိုလ်ပုချိုက “မင်းကလဲ ပူရန်ကော” ဟုဆိုပြီး ထိုင်းရဲတွေအကြောင်း ပြောပြပါတယ်။
တစ်နေ့သားမှာတဲ့ ဗြိတိန်ရဲရယ်၊ အမေရိကန်ရဲ၊ ထိုင်းရဲရယ် ဆုံမိတော့ သူတိုရဲ့စွမ်းရည်ကိုကြွားကြသတဲ့။ ဗြိတိန်ရဲက အင်္ဂလန်ရဲတွေဟာ ဓားပြမှုဖြစ်ပြီး ၁၅ မိနစ်အတွင်း အချင်းဖြစ်နေရာရောက်သတဲ့။ အမေရိကန်ရဲနဲ့ ထိုင်းရဲက ရယ်ကြသတဲ့။ အမေရိကန်ရဲက ငါတို့အမေရိကန်ရဲတွေက အဲ့နေရာကို (၁၀)မိနစ်အတွင်း ရောက်တယ်လို့ ကြွားသတဲ့။ ထိုင်းရဲက ခွက်ထိုးခွက်လန်ရီတော့ ဗြိတိန်ရဲနဲ့ အမေရိကန်ရဲက “ဟင်မင်းတို့က ၅ မိနစ်နဲ့ ရောက်လို့လား”လို့ မေးသတဲ့။ ထိုင်းရဲက မျက်နှာပိုးသတ်ပြီးမဟုတ်ဘူးကွ။ ငါတို့က ဓားပြမှု မဖြစ်ခင် ၁၅ မိနစ်ကတည်းက ကြိုရောက်နေတာလို့ပြောသတဲ့။ အဲသမှာ ဗြိတိန်ရဲနဲ့ အမေရိကန်ရဲ ပါးစပ်အဟောင်းသားနဲ့ “မင်းတို့က ဓားပြတိုက်မှာ ကြိုသိနေလို့လား”လို့ မေးတော့ “အင်း..ဓားပြတိုက်တာ ငါတို့ပဲလေ”လို့ ပြောသတဲ့ခင်ဗျား။ ဒါကြောင့် ထိုင်းရဲတွေက ဇော်လင်းထွန်းတို့ဆီက ပြစ်မှုကျူးလွန်ကြောင်း ဖြောင့်ချက် ရထားပါတယ်ဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းတွေက မယုံကြတာလေ။
မောင်ကမ္ဘာလည်း ဆန္ဒပြပွဲတွေမှာ ဝင်ပါတော့မလို့ဗျ။ ဒါပေသိ..လေဒီကြီးအိမ်ရှေ့ စုရုံးဆန္ဒပြသလိုလို ဘာလိုလိုတွေ ကြားတော့ တွန့်သွားတယ်။ “ငင်.. ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုန်နဂိုရ်က နွားမနို့ကြောင်း ပိတ်ပြန်ပြီလား”ဆိုပြီး သတိစဝင်သွားတယ်။ အံမယ်..ရဲကလည်း သဘောကောင်းသဗျ။ မျိုးစောင့်ရဲ..အဲ..မျိုးချစ်ရဲနဲ့တူတယ်။ ဘာမှ လာမပြော..အရေးမယူဘူး။
တစ်ချိန်တည်းမှာ ဖားကန့်မြေပြိုပြီး လူ ၁၀၀ ကျော်သေတဲ့သတင်း၊ အပစ်ရပ်စာချုပ် တစ်ခြမ်းပဲ့ လက်မှတ်ထိုးပြီး “မိဘပြည်သူများခံဗျား၊ အခုဆိုရင် သမိုင်းဝင်ငြိမ်းချမ်းရေး၊ ဒိုင်းညောင့်..ဒိုင်းညောင့် ရွှီ..ဝုန်း..အောင် မျယ်လေးဗျန့်’ဆိုတဲ့ ‘တစ်မတ်သားငြိမ်းချမ်းရေး’ ” ပြဿနာတွေကို ပြည်သူတွေ သတိမပြု မိစေချင်သူတွေ ရှိနေတယ်၊  ဒါကို ငါးပိမစားဘဲ သတိထားရလိမ့်မယ်ဗျ။
အဲဂလိုတွေဖြစ်ပျက်နေချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာ လျော်ကြေးယူမထားတဲ့ လယ်မြေတွေကို တရုတ်ဝမ်ပေါင်ကုမ္ပဏီက ချိန်ကိုက်ခြံစည်းရိုး ခတ်သဗျ။ မီဒီယာသမားတွေရော တက် ကြွသူတွေရော ခိုထောင်ဆန္ဒပြပွဲရောက်နေတဲ့ အလစ်အငိုက်အချိန်ပေါ့။ ဘယ်ရမလဲ..လက်ပံတောင်း ပြည်သူတွေက တစ်ခဲနက်ခုခံ ဆန့်ကျင်ကြတာပေါ့။ အဲဂလို ခြံစည်းရိုးခတ်ရင်း ရဲတွေပစ်လိုက်တဲ့ မြေထောက်ကျည်ထိ ပြီး မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းကွယ်လွန်ခဲ့ရတာ တစ်နှစ်ပြည့်သွားပြီဗျ။ ဒါ သူတို့ ဖုတ်သတ် သုံးလလောက် ကျန်တဲ့အတောအတွင်း အပြတ်ရှင်းတာပေါ့။ တကယ်က နိုဝင်ဘာ ၈ ရက်ကတည်းက သူတို့ ဇီဝိန်ကြွေသွားပြီလေ။ ခုဟာက ဖုတ်ဝင်နေတာ။
အဲဒီအချိန်မှာပဲ မောင်ကမ္ဘာဆီကို မျက်စိလည် လမ်းမှားပြီး မြန်မာဝမ်ပေါင် ကြေးနီသတ္ထုတွင်း အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ ဆားလင်းကြီးမြို့နယ်ဆိုတဲ့ တံဆိပ်ဝိုင်း ရိုက်ထားတဲ့စာတစ်စောင် ရောက်လာတယ်။ စာကကြာပေါ့။ မနှစ် နိုဝင်ဘာ ၃၀ ရက်စွဲနဲ့ဗျ။ အဖြစ်အပျက်က တော်တော်ခံပြင်းစရာ ကောင်းသဗျို့။
ကံကုန်းရွာသူ မကြည်ကြည်မေ ဆိုတဲ့ ကလေးမလေးက Myanmar Wanbao Miniing Copper Limited Coffee Room Keeper ကော်ဖီခန်းမှူး အလုပ်လုပ်သတဲ့။ သူတို့ရဲ့ဌာနမှူး အဲ. .ကြီးကျယ်အောင် ပြောရရင်တော့ စားဖိုဆောင်ချုပ်မှူးကြီး တရုတ်နိုင်ငံသား ‘လီတချူ’ဖြစ်ပါသတဲ့။ ၁၃-၁၁- ၂၀၁၅ ရက်က  စားဖိုဆောင်မှာ ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားရှိလို့ ကြည်ကြည်မေ အလုပ်ဝင်ဖို့ လီတချူက အော်ဒါအောက်သတဲ့။
ကြည်ကြည်မေက သူ့နားရက်ဖြစ်လို့ တစ်ကြောင်း၊ နေလည်း မကောင်းတာနဲ့ မတက်နိုင်ဘူးလို့အကြောင်းကြားခဲ့သတဲ့။ အဲဒီအတွက် တရုတ်ကြီးက ‘ဝ’ အားကီးစိတ်ဆိုးလယ်ဆိုပြီး ကြည်ကြည်မေကို အလုပ်ချိန် ပြောင်းလိုက်သတဲ့။ မနက် ၇ နာရီက ၁၁ နာ ရီ၊ ညနေ ၄ နာရီက ည ၈ နာရီ နားချိန် အပါအဝင် နှစ်ဆိုင်း ၁၂ နာရီပေါ့။
ပြီးတော့ ကြည်ကြည်မေကို ကော်ဖီခန်းကနေ တရုတ်စားဖိုဆောင်ခေါ်ပြီး အလုပ်သမားတွေရှေ့မှာ  သုံးရက်မတ်တတ်ရပ်ခိုင်းပြီး ဒဏ်ပေးသတဲ့။ ခြေသလုံးတွေတောင့်ပြီး ဆက်မရပ်နိုင်တော့လို့ ဆေးခန်းတောင် ပြယူရပါသတဲ့၊ အလုပ်ချိန်ကိစ္စ ညှိနှိုင်းဖို့ဆိုပြီး ညဘက် ခေါ်တွေ့တော့လည်း စားဖိုဆောင်ချုပ်မှူးကြီးက ဘီယာမူးနေသတဲ့။ ပြီးတော့ အီကွေးကို သံပုရာသီးညှစ်ထားတဲ့ မျက်နှာကြီးနဲ့ ရိသဲ့သဲ့လုပ်သေးသတဲ့။ (မောင်ညီမလေးတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲကွယ်)
ဟိုဂျပန်ခေတ်တုန်းက မာစတာတွေနဲ့ ပရောပရီလုပ်တဲ့ ဟာတွေကို  ‘စိန်ကြည်နော် ..စိန်ကြည်__လင်ယူပက်စက်သည်_ _ ဂျပန်ကြီးက တိုကျိုပြန် _ _ ဗိုက်တစ်လုံးနဲကျန်” လိ့ု သံချပ်ထိုးခဲ့ကြသတဲ့။ အခုလည်း “စိန်ပြောင်နော် . .စိန်ပြောင် _ _ ဝမ်ပေါင် ကြောက်တဲ့မောင် _ လီတချုက ယူနန်ပြန် _ _ ရွာသူ ပက်လက်လန်” လို့ သံချပ်ထိုးနေရဦးမယ်။ ကြည့်လည်း လုပ်ကြပါဦး။  စာကို မြန်မာဝမ်ပေါင် ကြေးနီသတ္တုတွင်း အခြေခံအလုပ်သမား အဖွဲ့အစည်းဥက္ကဋ္ဌက လက်မှတ်ထိုးထားပြီး ကြည်ကြည်မေကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ တိုင်စာလည်းပါသဗျ။ မောင်ကမ္ဘာလည်း သယ်ရင်း အမိန့်တော် ရမင်း ဗိုလ်ပုချိုကို ချက်ချင်းစာသွားပြတယ်။  လူလည်းမြင်ရော ဗိုလ်ပုချိုက ဘုဆီးမှုတ်တယ်။ ဟိတ်ကောင် ခိုတောင်ကိစ္စဆို ငါ့လာမပြောနဲ့” ဟာ မဟုတ်ပါဘူး။ ငါက ခိုတောင်မုန့်တီပဲ စိတ်ဝင်စားတာ  မင်းက ငတ်ကြီးကျ ပဲ။ အစားပဲ စိတ်ဝင်စားတော့မပေါ့လို့ သူကနှိပ်သဗျ။ မောင်ကမ္ဘာလည်းဟေ့ “ငါက အစားအသောက်ပဲ ငတ်တာ ဘာမှမလုပ်ဘဲ ပင်စင် သိန်းငါးဆယ်တောင်းတဲ့ ကောင်တွေလောက်တော့ မငတ်သေးဘူး”လို့ ပြန်တုတ်တယ်။ ပြီးတော့မှပဲ လိုရင်းပြောရတော့တယ်။ “သယ်ရင်း မင်းပြည်သူတွေကို သိပ်ချစ်တယ်လို့ ခဏခဏပြောနေတာ ဂိုးစောင့်ဥပဒေလည်း မင်း သိပ်ကြိုက်ဆို..ဒါလေးလုပ်ပါဦး”လို့ ပြောပြီး စာထုတ်ပြလိုက်တယ်။ သူက စာဖတ်ကြည့်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ “ဟယျောင့် ငါ့မိန်းမက ပြည်ကမို့ ပြည်သူချစ်တယ် ပြောတာကွ..ဒီကိစ္စက ဒိန်းဂျားပဲ ပိုက်ဆံလည်း ရမှာမဟုတ်ဘူး။  ပြီးတော့ ခွေးမရိုက်ခင် ခွေးရှင် အရင်စုံစမ်းတဲ့။ ခွေးရှင်က ပြုတ်သွားပြီ ဆိုပေမယ့် ဖုတ်သက်သုံးလလောက် ကျန်သေးတယ်။ ငါမလုပ်ဝံ့ဘူး” လို့ တူးတူးခါးခါး ငြင်းတယ်။ နောက်မှ နှစ်ယောက်သား အကြံရပြီး ‘ရှေ့နေကုန်းယက်’က ကောင်တွေဆီ သွားလော်’ကြတယ်။ အဲဒီလူမိုက်တွေက ကြားကြားချင်းပဲ ဟာ..ဒါက ကျုပ်တို့အလုပ်ပဲဆိုပြီး ပုတုတု စွာကျယ်ကျယ် နှစ်ယောက် မုံရွာ ဆင်းသွားကြလေရဲ့။
ခိုထောင်ကျွန်းမှာ သူများစော်ကားခံရတာက သူများနိုင်ငံထဲမှာ။ ကိုယ့်နိုင်ငံမှာ လူလိုသူလို မနေရမစားရလို့ ငတ်လို့ သူများဆီ ကျွန်သွားခံရတော့ အစော်ကားခံရတာ မဆန်းပါဘူး။ ကပ္ပလီ ပင်လယ်ပြင်မှာ ဘော်နီယိုကျွန်း ကြံစိုက်ခင်းတွေထဲမှာ မတရား အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေ နည်းမယ်မထင်။
ခုဟာက ကိုယ့်မြေကိုယ့်ရေမှာ ‘အိမ်ရှင်ကို ဧည့်သည်မစော်ကားရ’မူ ချိုးဖောက်ခံရတာ။ ခုတော့ ကိုယ့်တိုင်းပြည်ထဲမှာ သစ်တွေ ကျွန်းတွေ ခိုးခုတ်ခိုးသယ်၊ အဲဒါတောင် ရွှေလီက မောင်ကမ္ဘာ ဘော်ဘော်လီ တယ်စင်း (ခ) ဝင်းမောင်မောင်သွင်က ပြောတယ်။  ဟင် ဘာခိုးသယ်လာလည်း ၁၂ ဘီးကားပေါ်မှာ အီလောက် အီလောက်ကြီးတဲ့ သစ်တုံးကြီးတွေတင်၊ လမ်းမကြီးပေါ်က အီလိုအီလို သယ်တာကွ”တဲ့ စံပယ်တောင်ကြီးလည်းတွင်းပဲ ကျန်ရစ်ပါတော့တယ်။ ခုလောက်ဆို စားဖိုဆောင်ချုပ်မှူးကြီး ‘လီတချူး’တို့ ဘီယာမူးမူးနဲ့ ဝလို့ အဲ မောင်ကမ္ဘာတို့ နိုင်ငံတော်သီချင်းကို ကရင်း ဆိုနေကြပြီထင်တယ်။
“ဒါလို့ပြေ..ဒါလို့မြေ..၀ ပိုင်လဲ့မြေ..၀ အန်းကုန်း..အမွေစိမို့..ချိမြတ်နိုးပေ”
(ကြောက်လို့ပါတို့၊ ကျေးဇူးရှိပါတယ်တို့ ဆိုတဲ့သူတွေ အိမ်ခေါ်ထားနိုင်ကြောင်း ပါခင်ဗျ)မင်္ဂလာပါခင်ဗျ။

Most Read

Most Recent