အသုံးစရိတ်ဘတ်ဂျက်များအား ဘူဖေးစားသကဲ့သို့ ကြိုတင်ဦးယူထားပြီး အသုံးမပြုနိုင်မှ ပြန်အပ်နှံမှုကြောင့် ပြည်သူအတွက် အမှန်တကယ်လိုအပ်သည်များကို အသုံးမပြုနိုင်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြောကြား

အသုံးစရိတ်ဘတ်ဂျက်များအား ဘူဖေးစားသကဲ့သို့ ကြိုတင်ဦးယူထားပြီး အသုံးမပြုနိုင်မှ ပြန်အပ်နှံမှုကြောင့် ပြည်သူအတွက် အမှန်တကယ်လိုအပ်သည်များကို အသုံးမပြုနိုင်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ပြောကြား
Published 10 January 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အသုံးစရိတ်ဘတ်ဂျက်များကို ဘူဖေးစားသကဲ့သို့ ကြိုတင်ဦးယူထားပြီး အသုံးမပြုနိုင်မှသာ ပြန်လည်အပ်နှံသောကြောင့် ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည်များကို အသုံးမပြုနိုင်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းစဉ် ကော်မတီအတွင်းရေးမှူး ဦးမောင်တိုးက ပြောကြားသည်။၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတင်သွင်းစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုအစိုးရအဖွဲ့၏ ခန့်မှန်းခြေ ငွေစာရင်းအရ ရငွေသည် ၂၀၁၂-၂၀၁၃ မှ ၂၀၁၆-၂၀၁၇ အကြားတွင် ကျပ် ၇၃၉၆ ဘီလျံ (၇၃ ဒသမ ၅၆ ရာခိုင်နှုန်း) တိုးတက်ခဲ့ပြီး သုံးငွေမှာလည်း ကျပ် ၉၇၂၀ ဘီလျံ ပိုမိုသုံးစွဲခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၈၃ ဒသမ ၄၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ သုံးငွေ၏ တိုးတက်မှုနှုန်းသည် ရငွေ၏ တိုးတက်မှုနှုန်းထက် ၁၀ ရာခိုင်နှုန်းခန့် မြင့်မားနေခြင်းကို ဂရုပြုရန်လိုအပ်ကြောင်းလည်း ကော်မတီက အစီရင်ခံခဲ့သည်။၂၀၁၁-၂၀၁၂  မှ ၂၀၁၄-၂၀၁၅ အထိ ဘတ်ဂျက်လိုငွေများသည် မူလခန့်မှန်းခြေ (BE) တွင် ပျမ်းမျှ (၄ ဒသမ ၄၂) ရာခိုင်နှုန်းရှိသော်လည်း အမှန်စာရင်းတွင် ၂ ဒသမ ၀၈ ရာခိုင်နှုန်းသာ ရှိကြောင်း၊ မူလခန့်မှန်းခြေတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသော ရငွေ၊ သုံးငွေ၊ လိုငွေနှင့် ဂျီဒီပီ အချိုးများသည် အမှန်စာရင်းများတွင် များစွာလျော့ကျသွားကြောင်း၊ ထိုသို့ ခန့်မှန်းခြေနှင့် အမှန်စာရင်းတွင်များစွာ လျော့ကျမသွားသင့်ကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။“ဘာကြောင့် ကျသွားလဲ။ မလိုတဲ့ဌာနတွေက ဒီငွေတွေကို တောင်းထားတယ်။ ဘူးဖေးစားသလို ဦးထားတာပေါ့။ ဦးထားပြီးတော့ ဘတ်ဂျက်ကုန်လည်း ကုန်ရော မသုံးနိုင်တော့ ပြန်အပ်တယ်။ တကယ်လိုတဲ့ ဌာနတွေက မသုံးရတော့ဘူး။ ပြန်အပ်တာကို ကြည့်ပါ။ ၂၀၁၄-၂၀၁၅  စာရင်းစစ်ရဲ့ အစီရင်ခံစာမှာဆိုရင် ၄ ဒသမ ၂၀၄ ထရီလျံ ပြန်အပ်ပါတယ်။ ဘတ်ဂျက်ကို အများကြီး တောင်းထားပြီးတော့ ထရီလျံနဲ့ချီပြီး ပြန်အပ်နေတယ်ဆိုတာ Allocation မှားနေတယ်။Allocation မှားနေတယ်ဆိုတာ မသုံးနိုင်တဲ့ ဌာနတွေကို ငွေသွားပေးထားပြီးတော့ တကယ်သုံးနိုင်တဲ့ ဌာနတွေက နိုင်ငံတော်အတွက် ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့ မသုံးရဘဲနဲ့ တချို့သော ဌာနတွေက ပိုတောင်းထားပြီးတော့ ပြန်အပ်နေရတယ်ဆိုတဲ့ သဘောမျိုးပေါ့။ Allocation လွဲနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်”ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ အတွင်းရေးမှူး ဦးမောင်တိုးက အစီရင်ခံစာတင်သွင်းစဉ် ပြောကြားသည်။၂၀၁၆ ခုနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ခန့်မှန်းခြေငွေစာရင်းတွင် ရငွေမှာ ကျပ် ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၀၊ အသုံးစရိတ်မှာ ကျပ် ဘီလျံ ၂၁၃၇၀ ဒသမ ၉၆၄ ဖြစ်ပြီး ကျပ်ဘီလျံ ၃၉၂၂ ဒသမ ၂၇၄ လိုငွေဖြစ်ပေါ်မည် ဖြစ်ကာ ဂျီဒီပီတန်ဖိုးမှာ ကျပ်ဘီလျံ ၈၄၁၂၈ ဒသမ ၁၂၇ နှင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၆၆ ရာခိုင်နှုန်း ဖြစ်ပေါ်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ 

Most Read

Most Recent