တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဒိုးသောင်ကျေးရွာ၌ လယ်မြေအတွင်း တရားမဝင် ရွှေတူးဖော်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေ

တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဒိုးသောင်ကျေးရွာ၌ လယ်မြေအတွင်း တရားမဝင် ရွှေတူးဖော်နေခြင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေ
Published 9 January 2016
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာအုပ်စု ဒိုးသောင်ကျေးရွာတွင် ရွာလမ်းမအနီး လယ်မြေအတွင်း၌ မုံစုပ်စက်ဖြင့် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်နေသောကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများ သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေပြီး မုံစုပ်စက်ကြီးဖြင့် ရွှေတူးဖော်သည့်လုပ်ငန်းအား အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။“မနှစ်ကလည်း သောက်သုံးရေ မရလို့၊ ရေမကောင်းလို့ပါဆိုပြီး တိုင်တယ်။ မြို့နယ်က အဖွဲ့ဖွဲ့ပြီး လာစစ်တယ်။ လာစစ်တဲ့အထဲမှာ ထန်းတပင်မြို့နယ်က ဒုဦးစီးမှူး ပါတယ်၊ မြေစာရင်းဦးစီးမှူး ပါတယ်။ ကျန်းမာရေးက ဆရာဝန်လည်း ပါတယ်။ စစ်တဲ့အချိန်မှာတော့ မုံစက်က ရပ်သွားရော။ အဲဒီတော့ သူတို့က လုပ်တဲ့သူကို အရေးမယူလိုက်ဘူး။ အခု ပြန်လုပ်နေတာလည်း အရင်လူပဲ။ သူတို့လည်တာ ရပ်မိရပ်ဖကို ပိုက်ဆံပေးပြီးလည်တာတဲ့။ ဒီမှာ ရေဒုက္ခရောက်တော့ ကျွန်တော်တို့ ပြည်သူတွေပဲ ဒုက္ခရောက်တာ။ အဲဒီ ရပ်မိရပ်ဖတွေ ဒုက္ခရောက်တာ မဟုတ်ဘူး။ ဒီနားပတ်ဝန်းကျင်က အိမ်ခြေတွေအကုန် ဒုက္ခရောက်တယ်။ ရွှေတူးတဲ့လုပ်ငန်းကြောင့် ရေတွေက သောက်လို့၊ သုံးလို့ မရတော့ဘူး”ဟု ဒိုးသောင်ကျေးရွာမှ ကိုမျိုးဆွေက ပြောကြားသည်။အဆိုပါ လယ်မြေအတွင်း မုံစုပ်စက်ဖြင့် တရားမဝင် ရွှေတူးဖော်နေခြင်းကို ၂၀၁၄ ခု နှစ်ခန့်က စတင်လုပ်ကိုင်လျက်ရှိရာ ၂၀၁၅ ခု နှစ် ဧပြီ ၃၀ ရက်တွင် ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားစာပို့ခဲ့ပြီး၊ မေ ၄ ရက်တွင် ဒေါက်တာထွန်းထွန်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း တရားမဝင် ရွှေရှာသူအား မည်သို့မျှ အရေးယူမှုမရှိသည့်အပြင် စစ်ဆေးနေဆဲ ကာလတွင် ရွှေတူးဖော်သည့်လုပ်ငန်းမှာ ရပ်ဆိုင်းသွားခဲ့သော်လည်း၊ ၂၀၁၅ ဒီဇင်ဘာ လကုန်ခန့်တွင် လယ်မြေအတွင်း တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းအား ပြန်လည်စတင်နေသောကြောင့် ဒေသခံများ၏ သောက်သုံးရေအခက်အခဲအပြင် ကျန်းမာရေးထိခိုက်မှု အခြေအနေဖြစ်ပေါ်မည်ကို စိုးရိမ်နေပြီး မုံစုပ်စက်ဖြင့် တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်းအား အမြန်ဆုံးရပ်ဆိုင်းပေးစေလိုကြောင်း ဒေသခံများက ပြောကြားသည်။“မနှစ်က တိုင်တာတော့၊ ပဲခူးတိုင်းကို တိုက်ရိုက် တိုင်လိုက်တာ၊ အဲတော့သူတို့ အောက်ခြေကနေပြီး၊ အရင်မတိုင်လို့တဲ့ ပြောတယ်၊ ကျွန်တော်က ဒိုင်နယ်အုပ်ချုပ်ရေးကို တိုင်ပြီးပြီ၊ သူတို့ မလုပ်ပေးလို့ တိုင်းကို တိုင်ရတာလို့ ပြောလိုက်တယ်၊ တိုင်လိုက်လို့ စစ်တော့လည်း သူတို့စစ်တဲ့ ပုံစံက ကျွန်တော်တို့ တိုင်တဲ့လူတွေကိုပဲ ဖိငေါက်တာ၊ ကျွန်တော်တို့ကိုကျတော့ သုံးခါ ခေါ်စစ်တယ်၊ လုပ်တဲ့ လူကိုစစ်တာ ကျွန်တော်တို့ မသိလိုက်ရဘူး၊ အဲဒီစက်တွေလုပ်ရင် မြေအောက်လှိုဏ်ကနေ ရေတွေအကုန် စုပ်ယူကုန်တော့ ခန်းတဲ့ရေတွင်းက အကုန် ခန်းတယ်၊ ပြီးတော့သူတို့က ရွာလယ် လမ်းမနဘေးမှာ လုပ်တော့၊ အချိန်တန်ကျတော့ ကမ်းပါးပြိုလာရင်လမ်းတောင် ထိခိုက်လာနိုင်တယ်၊ ဒီဘက်က ရှောက်ခြံတွေ၊ မရမ်းခြံတွေလည်း အကုန်ပါမှာ” ဟု ဒိုးသောင်းကျေးရွာဒေသခံ ကိုအောင်စိန်က ပြောကြားသည်။ 

Most Read

Most Recent