တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသတွင် တီဘီရောဂါဖြစ်ပွားနှုန်း မြင့်မားနေ

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသတွင် တီဘီရောဂါဖြစ်ပွားနှုန်း မြင့်မားနေ
Published 8 January 2016
အိသÍ္ဇာကျော်၊ထွယ်ဆန်အောင်

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန (ရောဂါနှိမ်နင်းရေး)၊ ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်ရုံးခွဲ)၊ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုအဖွဲ့ဖြင့် တီဘီလူနာများအား ရှာဖွေခဲ့ရာ လေ့လာမှုများအရ တီဘီရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေကြောင်း သိရသည်။လောက်ကိုင်မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်နှင့်အထက် လူကြီးများတွင် နှစ်လခြားပြီး နှစ်ကြိမ်ဆက်တိုက် လူထုလှုပ်ရှားမှုအဖွဲ့ဖြင့် တီဘီလူနာများ ရှာဖွေခြင်းကို လုပ်ဆောင်ခဲ့ပြီး တီဘီရောဂါရှာဖွေနိုင်ရန် ဒေသခံများအား လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ရုံးစာများဖြင့် အကြောင်းကြားဖိတ်ခေါ်ကာ ရောဂါရှိမရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။စစ်ဆေးမှုများပြုလုပ်ရာတွင် ပထမအကြိမ်တွင် ၂၀၅၇ ဦးနှင့် ဒုတိယအကြိမ်တွင် ၈၀၁ ဦးကို စမ်းသပ်စစ်ဆေးခဲ့ပြီး ပါဝင်သူများကို ရောဂါလက္ခဏာများ မေးမြန်းကာ ရင်ဘတ်ဓာတ်မှန်၊ အဏုမြူမှန်ပြောင်းဖြင့် တီဘီရောဂါပိုး စစ်ဆေးရန်နှင့် သလိပ်ပိုးမွေးမြူရန် သလိပ်နမူနာများကို ရယူစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုအရ ပထမတစ်ကြိမ်တွင် သလိပ်ပိုး တွေ့လူနာ ၂၂ ဦး (သလိပ်ပိုးတွေ့တီဘီလူနာ တွေ့ရှိမှုနှုန်း လူဦးရေတစ်သိန်းလျှင် ၁၀၆၆ ဦး)၊ ဒုတိယအကြိမ်တွင် ၁၀ ဦး (သလိပ်ပိုးတွေ့ တီဘီလူနာတွေ့ရှိမှုနှုန်း လူဦးရေတစ်သိန်းလျှင် ၁၀၈၃ ဦး) နှင့် တီဘီ (အားလုံး) လူနာတွေ့ရှိမှုနှုန်းမှာ ၈၅ ဦး (တီဘီ (အားလုံး) အမျိုး အစားလူနာတွေ့ရှိမှုနှုန်း လူဦးရေတစ်သိန်း လျှင် ၄၁၁၈ ဦး)၊ ဒုတိယအကြိမ် ၄၁ ဦး (လူဦးရေတစ်သိန်းလျှင်  ၄၄၄၂ ဦးနှုန်း) တို့တွေ့ရှိခဲ့ရခြင်းကြောင့် ယင်းဒေသတွင် တီဘီရောဂါ တွေ့ရှိမှုနှုန်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် နှစ်ကြိမ်စလုံးတွင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ လူဦးရေတစ်သိန်းလျှင် တီဘီလူနာသစ် ၃၇၃ ဦးရှိကြောင်း၊ လူနာဟောင်းများမှာ လူဦးရေတစ်သိန်းလျှင် ၄၇၃ ဦးရှိပြီး သေဆုံးနှုန်းမှာ လူဦးရေတစ်သိန်းလျှင် ၄၉ ဦးနှုန်း သေဆုံးလျက်ရှိကြောင်းနှင့် ယင်းတို့အနက် တီဘီရောဂါပိုးရှိသော်လည်း ဆေးကုသမှုခံယူခြင်း မရှိသည့် လူနာဦးရေမှာ ၂၆ ရာခိုင်နှုန်း ခန့် (လူဦးရေ ငါးသောင်းကျော်) ရှိနေကြောင်းနှင့် ယင်းလူနာများမှာ ဆေးကုသသည့် နေရာများနှင့် လက်လှမ်းမမီခြင်း၊ နည်းအမျိုးမျိုးဖြင့် ပြင်ပတွင် ဆေးကုသနေခြင်း၊ ရောဂါရှိသည်ဟု သိရသော်လည်း ရောဂါပိုးရှာဖွေ မတွေ့ရှိခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ထို့ပြင် လက်ရှိတွင် အမျိုးသားတီဘီ တိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် မြို့နယ် ၃၆ မြို့နယ်တွင် ဆေးယဉ်ပါးတီဘီ ကုသပေးနိုင်သည့် ကျန်းမာရေးဌာန ၆၈ ခုသာ ဖွင့်လှစ်ထားနိုင်ပြီး ယင်းကျန်းမာရေးဌာနအများစုမှာလည်း မြို့ကြီးများတွင်သာ ရှိသဖြင့် ဝေးလံသည့် ဒေသများမှ လူနာများအတွက် လက်လှမ်းမီရန် ခက်ခဲနေဆဲဖြစ်ကြောင်းနှင့် ဝေးလံ သည့် ဒေသတွင် နေထိုင်သူများအနေဖြင့် ဆေးကုသမှုခံယူနိုင်ရန် ဆေးခန်းများနှင့် အနီးဆုံးနေရာများသို့သာ ပြောင်းရွှေ့နေထိုင်ရမှုများရှိနေကြောင်းလည်း သိရသည်။မြန်မာနိုင်ငံတွင် ဆေးယဉ်ပါးတီဘီလူနာသစ်များမှာ နှစ်စဉ် ၉၀၀၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ဆေးယဉ်ပါးတီဘီလူနာ ၁၅၃၇ ဦးကိုသာ ဆေးကုသမှုပေးနိုင်ခဲ့ကြောင်းနှင့် ဆေးကုသမှုကုန်ကျစရိတ်မှာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၀၀ မှ  ၅၀၀၀ အထိ ရှိကြောင်းသိရသည်။                                       

Most Read

Most Recent