တနင်္သာရီ မြစ်ဖျားပိုင်းဒေသတွင် တရုတ်နိုင်ငံသားများက ရွေ့လျား သင်္ဘောကြီးများဖြင့် ရွှေများ လာရောက်တူးဖော်နေမှုကို ဒေသခံများက ကန့်ကွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်း ဒေသကြီးအတွင်းတည်ရှိသော တနင်္သာရီမြစ်မှာ ထားဝယ်ခရိုင်အတွင်းရှိ ဘန်းချောင်းနှင့် ခမောင်းသွယ်ချောင်းတို့ ပေါင်းဆုံ စီးဆင်းလာရာမှ ဖြစ်ပေါ်လာပြီး မြစ်ဆုံမှာ မေတ္တာဒေသတွင် ဖြစ်ကြောင်းသိရ သည်။ တနင်္သာရီမြစ်ကြောင်းတစ်လျှောက် အထူးသဖြင့် မြစ်ဖျားပိုင်းဒေသတွင် သယံဇာတများ ပေါကြွယ်စွာ တည်ရှိနေပြီး ရွှေ၊ ခဲ၊ စိန်၊ သစ်တောထွက် ပစ္စည်းများနှင့် တခြားသယံဇာတများလည်း ပေါများစွာ တည်ရှိနေကြောင်း သိရသည်။
အဆိုပါမြစ်ဖျားပိုင်းတွင် တရုတ်နိုင်ငံသားများက ရွှေ့လျားသင်္ဘောကြီးများကို မြစ်အတွင်း လာရောက်တပ်ဆင်ပြီး ရွှေများတူးဖော်နေသောကြောင့် မြစ်ကြောင်းပျက်စီးမည့် အနေထားများ ဖြစ်လာနေကြောင်း ဒေသခံများက ပြောကြားသည်။
“ တနင်္သာရီမြစ်ဖျားပိုင်းက ကျောက်လုံးကြီး ကျေးရွာအုပ်စု အထက်ပိုင်းမှာရှိတဲ့ မယ်ငေါကျေးရွာရဲ့ မြစ်ဖျား အထက်ပိုင်းနားမှာ တရုတ်တွေက သင်္ဘောကြီးတွေနှင့် ရွှေတွေ၊ ခဲတွေ လာတူးနေတာကြာပါပြီ။ အဲဒီသင်္ဘောကြီးတွေကို မြစ်ဖျားပိုင်းရောက်မှ လာရောက် တပ်ဆင်ကြတယ်။ ထားဝယ်ဘက်ကနေ တစစီ ကားတွေနှင့်သယ်ယူလာကြတယ်။ မြစ်ထဲရောက်မှ သင်္ဘောတွေ ပြန်တပ်ကြတာ ဖြစ်တယ်ပြီးတော့ မြစ်ထဲမှာ ရွှေတွေ၊ ခဲတွေကို တူးကြတယ်။ အဲဒါတွေအားလုံးကို တရုတ်တွေက လာရောက်လုပ်နေကြတယ်။ သူတို့မှာ ဘာအထောက်အထားတွေ ပါလည်း မသိဘူး။ ကျွန်တော်တို့ သူတို့သင်္ဘောပေါ်မှာ KNU အလံ ထောင်ထားတာတော့ တွေ့ရတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ မြစ်ကြောင်းတွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာကို စိုးရိမ်နေပြီ။ ကချင်လူမျိုးတွေ ရွှေလာတူးတုန်းကလည်း မြစ်ကြောင်းတွေ ပျက်စီးပြီး ရေတွေနောက်ကျိကုန်တယ်။ အခုလည်း တရုတ်တွေလာပြန်ပြီ။ ကျွန်တော်တို့ဒေသခံတွေ သူတို့ကို ကန့်ကွက်ပါတယ်”ဟု ဒေသခံ ကိုအောင်ကြည်စိုးက ပြောကြားသည်။
တနင်္သာရီမြစ်ဖျားပိုင်းရှိ အဆိုပါ လုပ်ကွက်မှာ အလွန်ဝေးလံပြီး လူသူအရောက်ပေါက်နည်းကာ အုပ်ချုပ်ရေးပိုင်းအနေဖြင့် လက်လှမ်းမမီသည့် အနေထား ဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို စုံစမ်းကြည့်တော့ ဒီစီမံကိန်းကို တရားဝင် ခွင့်ပြုထားကြောင်း သူတို့ဆီမှာ မရှိဘူးတဲ့။ ဒီနေရာက ထားဝယ်ဘက်နှင့် နီးစပ်တယ်။ ကျောက်လုံးကြီး အထက်ပိုင်းကလည်း အုပ်ချုပ်ရေး လက်လှမ်းမမီတော့ ပြောဖို့ခက်နေတယ်”ဟု တနင်္သာရီမြို့နယ် NLD မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သင်္ဘောကြီးများဖြင့် ရွှေလာရောက် တူးဖော်နေသည့် နေရာသို့ တနသ်ာရီမြို့မှ သွားရောက်ရန် အလွန်ခက်ခဲပြီး လှေငယ်များဖြင့် သွားရကာ သုံးညအိပ်ခရီး သွားရောက်ရကြောင်း သိရသည်။
တနင်္သာရီမြစ်ဖျားပိုင်းတွင် ရွေ့လျားသင်္ဘောကြီးများဖြင့် ရွှေတူးဖော်နေမှုကို ဒေသခံများ ကန့်ကွက်မည်ဟုဆို















