အင်းစိန်မြို့နယ်၌ ရဲတပ်ကြပ်တစ်ဦးအား ဓားဖြင့်ခုတ်ကာ စကေဘာနှင့် ထိုးသတ်ခဲ့သူနှစ်ဦးက ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားခွင်တွင် ငြင်းဆို

အင်းစိန်မြို့နယ်၌ ရဲတပ်ကြပ်တစ်ဦးအား ဓားဖြင့်ခုတ်ကာ စကေဘာနှင့် ထိုးသတ်ခဲ့သူနှစ်ဦးက ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားခွင်တွင် ငြင်းဆို
Published 7 January 2016
ဝေလင်းအောင်၊ မြင့်သူ

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း အင်းစိန်မြို့နယ်၌ ရဲတပ်ကြပ်တစ်ဦးအား ဓားဖြင့်ခုတ်ကာ စကေဘာနှင့် ထိုးသတ်ခဲ့မှုကြောင့် လူသတ်မှုဖြင့် တရားစွဲခံထားရသူ နှစ်ဦးကို ဇန်နဝါရီ  ၇ ရက်က အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့သည်။
 
ယင်းရုံးထုတ်တွင် တရားစွဲခံထားရသူ နှစ်ဦးဖြစ်သည့် ချစ်ကိုနှင့် သက်ခိုင် (ခ) တက်ပုတို့အား စစ်ဆေးခဲ့ပြီး ၎င်းတို့နှစ်ဦးက ရဲတပ်ကြပ် သေဆုံးမှုနှင့် ပတ်သက်၍ အပြစ်မရှိဟု တရားခွင်တွင် ငြင်းဆိုခဲ့ကြောင်း သိရသည်။
 
“ဒီနေ့ သူတို့နှစ်ဦးကို စစ်ဆေးတယ်။ အဲဒီထဲက တစ်ဦးက အပြစ်မရှိဘူးလို့ ငြင်းဆိုတယ်။ ကျန်တစ်ဦးကတော့ ကြိုတင်ကြံစည်မှု မရှိဘူး။ အပြစ်မရှိဘူးလို့ ငြင်းဆိုတယ်။ လာမယ့် ရုံးချိန်းမှာတော့ တရားခံပြသက်သေကို စစ်ဆေးမှာပါ”ဟု မြောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၇ ရက်က ပြောကြားသည်။
 
တရားစွဲဆိုခံထားရသူ နှစ်ဦးဖြစ်သည့်  ချစ်ကိုနှင့် သက်ခိုင်(ခ) တက်ပုတို့အား မြောက်ပိုင်းခရိုင် တရားရုံးမှ ဒုခရိုင်တရားသူကြီး (၄)က ကြိုတင်ကြံစည်ချက်ဖြင့် လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
 
ပြီးခဲ့သည့်နှစ် ဇူလိုင်၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်းဖြစ်သော ရဲတပ်ကြပ်ချစ်ကိုကိုမောင်က အောင်ဇေယျတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် စုံတွဲတစ်တွဲအား ဓားဖြင့် ထောက် ခြိမ်းခြောက်လုယက်ကာ မိန်းကလေးအား သားမယားပြုကျင့်ခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား စုံစမ်းရန် အင်းစိန်မြို့နယ်၊ ကမ်းနားလမ်းအနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာလမ်းရှိ လမင်းရိပ်အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆယ်အိမ်မှူးတစ်ဦးနှင့် စကားပြောနေခဲ့စဉ် ရွာမအနောက်ရပ်ကွက်နေ သက်ခိုင်(ခ)တက်ပု (၂၀)နှစ်ဆိုသူက ဓားရှည် ကိုင်ဆောင်ပြီး လည်းကောင်း၊ ရွာမအလယ်ရပ်ကွက်နေ ချစ်ကို (၂၇)နှစ်သည် စကေဘာ ကိုင်ဆောင်ပြီးလည်းကောင်း ရောက်ရှိလာကာ ရဲတပ်ကြပ်အား ဝိုင်းဝန်းပြီး ဓားဖြင့် ခုတ်ကာ စကေဘာဖြင့် ထိုးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
 
အလားတူ သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သူ တင်မြင့်အား သန်လျင်မြို့နယ် တရားရုံးကပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် မသေမချင်း ကြိုးကွင်းစွပ်သတ်၍ လည်းကောင်း၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                       

Most Read

Most Recent