မုန်တိုင်းပြီးရင်

မုန်တိုင်းပြီးရင်
Published 7 January 2016
သဲသီရိကျော်

“ဘယ်တော့မှ မရှုံးနိမ့်ခြင်းထက် ကျရှုံးလည်း ပြန်ပြီးရအောင် ထနိုင်တာက ပိုသာပါတယ်”
(Nelson RolihlahlaMadela)
မကြာသေးခင် ရက်ပိုင်းလောက်ပဲ နေပြည်တော်၊ ပျဉ်းမနားမြို့မှာ အသက် ၂၂ နှစ် အရွယ် အမျိုးသားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တဲ့အကြောင်း သတင်းစာမှာ ဖတ်လိုက်ရတယ်။ အဲ့ဒီအမျိုးသားလေးက သူလုပ်နေတဲ့ အလုပ်ကလည်း ပြုတ်ခဲ့ပြီး အကြွေး ၁၇ သိန်းလည်း ဆပ်ဖို့ရှိတဲ့အတွက် သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရတယ်။ အရင်ကလည်း ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ကြားသိနေရတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာဆိုရင် ဒီလိုကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ကိစ္စတွေက အရင်ထက်ပိုပြီး ခပ်စိပ်စိပ် ဖြစ်ပွားနေတာကို ကြားသိနေရတော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ များစွာရှိပေမယ့်လည်း လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်မှုတွေ များစွာနဲ့ ယိုယွင်းပျက်စီး မှုတွေကလည်း အရင်ထက်ပိုများပြား လာနေပြီ ဆိုတာကို သတိပြုမိခဲ့ရတယ်။
ဒီကနေ့ခေတ်မှာ ချမ်းသာတဲ့ သူတွေကလည်း အလွန်အကျွံ ချမ်းသာနေကြသလို ဆင်းရဲတဲ့သူများ ကျတော့လည်း ကုန်းကောက်စရာ မရှိလောက်အောင်ကို ဆင်းရဲငတ်မွတ် နေကြရသူတွေလည်း များစွာရှိနေတာပါ။ အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေ၊ အခြားသော ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေ၊ ခေတ်ရေစီးအလိုက် မျောပါနေကြရတဲ့ အကြောင်းအရာတွေ၊ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟချက်တွေ၊ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ၊ ခက်ခဲကြမ်းတမ်းတဲ့ လောကဓံတရားတွေ ကြားထဲမှာ ကွဲပြားတဲ့ စိတ်ခံစားချက်တွေ၊ မတူညီတဲ့ ဘဝအခြေအနေ ဖြတ်သန်းမှုတွေ၊ မတူညီတဲ့ အသိတရားတွေနဲ့ ပုံစံအမျိုးမျိုး ဖြစ်တည်နေကြရပါတယ်။ အဲ့ဒီထဲမှာမှ အခုလိုငွေရေး ကြေးရေး ပြဿနာတွေ၊ မိသားစုပြဿနာတွေ၊ ကိုယ့်ရဲ့ပုဂ္ဂလိက ခံစားချက် ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ ပြိုင်ဆိုင်မှုတွေ၊ လျင်မြန်ပြင်းထန်တဲ့ ဘဝရဲ့ အနိမ့်အမြင့် အတက်အကျတွေ ကြားထဲမှာ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်ရိုက်ခတ်မှု ဒဏ်တွေကို မခံစားနိုင်တော့တဲ့သူတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ မွန်းကျပ်မှုတွေကို ဆက်လက် ရင်မဆိုင် နိုင်တော့ဘဲ ရွေးချယ်စရာလမ်း မရှိတော့အောင် ထွက်ပေါက်မဲ့လာတဲ့အခါ ဒီမွန်းကျပ်မှုတွေ၊ ဒီစိတ်ဖိစီးမှု ဒဏ်တွေက လွတ်မြောက်ဖို့အတွက် တချို့သော သူတွေက အခုလိုပဲ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ နည်းကိုသာ ရွေးချယ်လိုက်ကြတော့တယ်။ သူတို့သာ ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားခဲ့ရင် ဒီဒုက္ခတွေလည်း ချုပ်ငြိမ်းသွားလိမ့်မယ်ဆိုတဲ့ အသိလောက်နဲ့ သေရဲတဲ့သတ္တိကို မွေးယူပြီး မိမိကိုယ်မိမိ အဆုံးစီရင် လိုက်ကြတော့တယ်။ ဘဝမှာ အရှုံးတွေနဲ့ ကြုံတွေ့ လာရတဲ့အခါ၊ အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ ဆင်းရဲမှု၊ ချမ်းသာမှု စတဲ့လောကဓံ တရားတွေနဲ့ ကြုံတွေ့လာရတဲ့အခါ လူတွေကစိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ ခံစားလာကြရတယ်။ စိတ်ခံစားမှုတွေထဲမှာ အဆိုးရွားဆုံးဖြစ်တဲ့ စိတ်ကျရောဂါက ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည့်မတ်နိုင်တဲ့၊ ပြန်လည် တည်ဆောက်နိုင်တဲ့ အသိတရားနဲ့ လုပ်ဆောင်မှုတွေ မရှိရင် ဘဝတစ်ခုလုံး တစစီ ပျက်စီးသွားနိုင်သလို အခုလို မလိုလားအပ်တဲ့ ကိစ္စမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတကာမှာတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ၊ အခြားသော နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူတွေ၊ ငွေကြေးချမ်းသာ ကြွယ်ဝသူတွေက ဒီလိုမျိုး စိတ်ကျဝေဒနာကို မကြာခဏ ခံစားရပြီး၊ သူတို့ဆီမှာတော့ ဒီလိုပြဿနာနဲ့ စိတ်ခံစားမှုတွေကို အချိန်ယူဖြေရှင်းဖို့ ကိုယ့်စိတ်ကိုယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တည်ဆောက်ဖို့အတွက် စိတ်ရောဂါကု ဆရာဝန်တွေ၊ ဒီလို စိတ်ကျဝေဒနာရှင်တွေ အတွက် အကြံဉာဏ် ပေးကူညီနိုင်တဲ့ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီး ပြန်လည်လုပ်ဆောင် ရတာတွေ အတော်လေး ခေတ်စားပါတယ်။ ဒီမှာကတော့ အဲ့ဒီလိုမျိုး လုပ်ဆောင်တာတွေက သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသလို သိတဲ့သူတွေကလည်း နည်းပါးနေပြီး ငွေကြေးပိုင်းဆိုင်ရာ၊ အချိန်ပိုင်းဆိုင်ရာတွေမှာ အခက်အခဲ ရှိနေတဲ့အတွက် သိပ်ပြီးအဲ့ဒီလို လုပ်ဆောင်တာမျိုးတွေ မရှိသလောက် နည်းပါးပါတယ်။ သာမန်လူ မဆိုထားနှင့် ငွေကြေးမတတ်နိုင်တဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေအတွက်တော့ ဒီလိုငွေကြေးနဲ့ အချိန်ပေးပြီး တဖြည်းဖြည်းချင်း ပြန်တည်ဆောက်ရမယ့် ကိစ္စမျိုးတွေကို ပြုလုပ်ဖို့ဆိုတာ အတော်လေး မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။
အဲ့ဒီတော့ ဒီလိုမျိုး စိတ်ကျဝေဒနာတွေ ခံစားလာရတဲ့အခါ ကိုယ်တွေ့ကြုံ ဖြစ်ပျက်နေရတဲ့ အခက်အခဲတွေအတွက် ဖြေရှင်းစရာ နည်းလမ်းရှာမရတဲ့အခါ မှားယွင်းတဲ့ စိတ်ထွက်ပေါက်တွေနဲ့ နည်းလမ်းရှာသွား ကြပါတော့တယ်။ ဒီလိုအခြေအနေတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ လာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်တည်ဆောက်ကြမလဲ ဆိုတာက အရေးအကြီးဆုံး ဖြစ်ပါတယ်။ အဲ့ဒီလို ပြန်တည်ဆောက်ဖို့ ဆိုတာလည်း အသိဉာဏ်ရှိဖို့လည်း အင်မတန်မှ အရေးကြီးပါတယ်။ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေ၊ လောကဓံရဲ့ ရိုက်ခတ်မှုဆိုတာ လူတိုင်းမှာ ရှိနိုင်ပါတယ်။ ဆင်းရဲတဲ့ သူမှာလည်း ဆင်းရဲတဲ့သူအလျောက် ချမ်းသာတဲ့ သူမှာလည်း ချမ်းသာတဲ့သူအလျောက် အခက်အခဲ ပြဿနာတွေဆိုတာ ရှိကြတာပါပဲ။ လောကမှာ ဘယ်သူမှ အရာအားလုံး အဆင်ပြေနေတာ မဟုတ်ဘူး ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်တွေ့ကြုံခံစား နေရတဲ့ အဖြစ်အပျက်ကအဆိုးဆုံးလို့လူတွေ က ထင်နေကြတာပါ။ တကယ်တော့ ဒီကမ္ဘာ ပေါ်မှာ ကိုယ့်ထက်ဘ၀ အခြေအနေ ဆိုးတဲ့သူတွေ၊ ကိုယ့်ထက်အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေ အများကြီးပါ။ လူတွေမှ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေမှာတောင် အခက်အခဲတွေ၊ ရင်ဆိုင်ကျော်ဖြတ်ရတဲ့ အခြေအနေတွေ များစွာရှိပါတယ်။ အဓိက ကတော့ လုံးဝစိတ်လျှော့ပြီး အရှုံးမပေးလိုက်ဖို့ပါပဲ။
ကျွန်မစာအုပ် တစ်အုပ်ထဲမှာ ဖတ်မှတ်ခဲ့ဖူးတဲ့ သိမ်းငှက်တွေ အကြောင်းကို ဒီနေရာမှာ ပြောပြချင်ပါတယ်။ သိမ်းငှက်တွေက ကမ္ဘာပေါ်မှာ သက်တမ်း ၇၀ အထိ ရှင်သန်နေထိုင်နိုင်တဲ့ သက်တမ်းအရှည်ဆုံး ငှက်တွေလို့ သိရတယ်။ သူတို့ရဲ့ လှပပြီး အားမာန်အပြည့်နဲ့ ခွန်အားရှိတဲ့ တောင်ပံအစုံနဲ့ ထက်မြက်စူးရှလှတဲ့ နှုတ်သီးတွေ၊ လက်သည်းတွေက သူတို့ရဲ့ အားသာချက် တစ်ခုဖြစ်သလို အခြားငှက်တွေထက် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်တာလည်း သူတို့ရဲ့ ကံကောင်းမှုတစ်ခုလို့ ဆိုနိုင်မှာပါ။ ဒါပေမဲ့ အဲ့ဒီလိုသက်တမ်း ရှည်ကြာစွာ လှပဝံ့ကြွားစွာ ရှင်သန်ပျံသန်း နိုင်ဖို့အတွက် သူတို့တွေမှာလည်း ရင်ဆိုင်ရတဲ့ အခက်အခဲ ဒုက္ခတွေလည်း ရှိပါတယ်။ အဲ့ဒါကတော့ သူတို့သက်တမ်းလေးဆယ် ရောက်တဲ့အခါမှာ သူတို့ရဲ့ နှုတ်သီးတွေက ကောက်ကွေးလာပြီး၊ ဘာပဲစားစား ခက်ခဲလာတာ၊ သူတို့ လက်သည်းတွေကလည်း ရှည်လျားကောက်ကွေး နေပြီး အစာရှာဖို့ ဖမ်းဖို့ခက်ခဲလာပါတယ်။သူတို့တောင်ပံတွေကလည်း ကြီးမားလေးလံ လာတဲ့အတွက် သွားချင်ရာနေရာကို အလွယ်တကူ ပျံသန်းဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ အစာရေစာ ငတ်ပြတ်ပြီး ဒီလိုနေထိုင်ရတာ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝမှာ တချို့သော သိမ်းငှက်တွေကတော့ ဆက်လက်ရှင်သန်ဖို့ အင်အားမရှိတော့ဘဲ သူတို့ရဲ့လက်သည်းတွေ၊ သူတို့ရဲ့နှုတ်သီးနဲ့ သူတို့ကိုယ်သူတို့ ထိုးသတ်ပြီး အဆုံးစီရင် လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း တချို့သော သိမ်းငှက်တွေကတော့ ဒီလိုအခြေအနေတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး သူတို့ရဲ့ရှည်လျား ကောက်ကွေးလာတဲ့ လက်သည်းတွေ၊ နှုတ်သီးတွေကို သွေးချင်းချင်းထွက် အနာခံပြီး ကျောက်ဆောင်ကျောက် သားတွေနဲ့ ပွတ်ခတ်ချိုးပစ်ကြတယ်။ သူတို့ရဲ့ လေးလံတဲ့ တောင်ပံတွေကို ပွတ်တိုက်ကျွတ်ကျသွားအောင် ခက်ခက်ခဲခဲ သတ္တိရှိရှိ ကြိုးစားကြပါတယ်။ အဲ့ဒီနောက်မှာတော့ အသစ်ပြန်ထွက်လာတဲ့ သူတို့ရဲ့ အတောင်ပံတွေက အရင်ထက် ပိုမိုလှပ ခွန်အားရှိစွာ လေအဟုန်မှာ ပျံနိုင်တဲ့ တောင်ပံတွေဖြစ်လာပြီး၊ သူတို့ရဲ့ နှုတ်သီးတွေ၊ လက်သည်းတွေကလည်း အရင်ထက် ပိုမိုလှပပြီး အစာရှာရာမှာ ပိုမိုလွယ်ကူစေတဲ့အထိ ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီလို သတ္တိရှိစွာ ရင်ဆိုင်ဖြေရှင်း ဖြတ်သန်းနိုင်တဲ့ သိမ်းငှက်တွေက ကျန်ရှိတဲ့ သူ့ဘ၀ သက်တမ်းမှာ ပိုမိုကောင်းမွန်စွာနဲ့ သက်တမ်းရှည်ကြာစွာ နေထိုင်သွားနိုင် ပါသတဲ့။
လောကမှာ လူသားတွေသာ မဟုတ်ဘဲ တိရစ္ဆာန်တွေမှာတောင် အခက်အခဲတွေ၊ လောကဓံရဲ့ အလှည့်အပြောင်း အချိန်တွေကို တွေ့ကြုံကြရတယ်ဆိုတဲ့အသိနဲ့ တိရစ္ဆာန်တွေတောင်မှ သူတို့ရဲ့အခက်အခဲတွေကို အရှုံးမပေးဘဲ ရင်ဆိုင် ဖြေရှင်းနိုင်ပါလားဆိုတဲ့ စိတ်ဓာတ်ခွန်အားတွေလည်း ရရှိခဲ့တယ်။
တကယ်တော့ ဘဝဆိုတာ နောက်ဆုံး ရွေးချယ်စရာ မရှိတော့ဘူးဆိုတဲ့ အခြေအနေမှာတောင် ကိုယ်အရှုံးမပေးသေးသရွေ့ မရှုံးသေးပါဘူး။ အမေးရှိရင် အဖြေရှိသလိုပါပဲ။ အခက်အခဲတွေရှိရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု မဟုတ်တစ်ခုတော့ အမြဲရှိပါတယ်။ မြင်အောင်ကြည့်ဖို့နဲ့ မလျှော့သော ဇွဲသတ္တိနဲ့ ကြိုးစားကြည့်ကြဖို့ပဲ လိုတာပါ။ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပါပဲ။ လောကမှာ သေရဲတာမှ သတ္တိမဟုတ်ပါဘူး။ နေရဲတာကမှ တကယ့်သတ္တိပါ။ ရခဲလှတဲ့ လူ့ဘဝကို ရလာပြီးမှတော့ တခြားဘာကိုမှ ကြောက်ရွံ့ အရှုံး ပေး ထွက်ပြေးနေစရာမလိုပါဘူး။
မုန်တိုင်းပြီးရင် လေပြည်လာမယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ အခက်အခဲတွေပြီးရင် အကောင်းဆုံးတွေ ရရှိလာမှာပါ။လဲကျသွားတာ ရှက်စရာမဟုတ်ပါဘူး။ လဲကျသွားတဲ့ နေရာကနေ ပြန်မထနိုင်တာကမှ ရှက်စရာပါ။ကျရှုံးသွားလည်း ပြန်ပြီးထနိုင်ဖို့ပဲ အရေးကြီးတာပါ။
ဘယ်လိုအခက်အခဲတွေပဲရှိရှိ စိတ်ဓာတ်ကို မလျှော့လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်လိုက်ပါ။ အခက်အခဲတွေ မွန်းကျပ်မှုတွေ ကြားထဲကနေ သတ္တိရှိရှိ ရင်ဆိုင် ဖြေရှင်းဖြတ်သန်းလိုက်ပါ။ ယုံလိုက်ပါ။ မုန်တိုင်းတိုက်ပြီးတဲ့ ပင်လယ် ပိုလှလာပါလိမ့်မယ် ဆိုတာ.....။

Most Read

Most Recent