ပြုပြင်ပြောင်းလဲရေးတွေ တကယ်ဖြစ်လာဖို့

ပြုပြင်ပြောင်းလဲရေးတွေ တကယ်ဖြစ်လာဖို့
Published 7 January 2016
သစ်ထွဋ်

အပြောင်းအလဲတွေကို မျှော်လင့်နေကြသူတွေအတွက် ၂၀၁၆ ကတော့ဆီးလို့ ကြိုနေပါပြီ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမှန်တကယ် ပြောင်းလဲဖို့အတွက် မဲပေးကြသူတွေလည်း အပြောင်းအလဲတွေကို မျှော်လင့်ခွင့် ရရှိခဲ့ကြပါပြီ။
ဒီနေ့အချိန်မှာ အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးစို့ဆိုပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့လည်း အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ အခွင့်အရေးတွေ ရခဲ့ပါပြီ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရသစ် ဖွဲ့စည်းရေးနဲ့အတူ တိုင်းပြည်ကို တည်ဆောက်ဖို့ အစီအမံတွေလည်း ဆောင်ရွက်လို့နေပါပြီ။ ဒါပေမဲ့ စိန်ခေါ်မှုတွေကတော့ ရှိနေဆဲပါပဲ။ အထူးသဖြင့် နှစ်ရှည်လများ စီမံခန့်ခွဲမှု အလွဲများစွာရဲ့အောက်မှာ ဖြတ်သန်းခဲ့ရသူတွေအတွက်  ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ ခက်ခဲတဲ့ အရာတစ်ခု ဖြစ်စေမှာပါ။ နှစ်ရှည်လများ လုပ်ကိုင်ဖြတ်သန်းခဲ့တဲ့နောက် အရိုးစွဲနေကြတဲ့ အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့က ခိုင်မာတဲ့ ယုံကြည်ချက်ရှိဖို့ လိုပါတယ်။
 
တာဝန်သိဖို့
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က တချို့က အပြောင်းအလဲ ဆိုတာကို ကြောက်တာ၊ စိုးရိမ်တာတွေရှိပြီး အပြောင်းအလဲ ဆိုတာဟာ စိုးရိမ်စရာ၊ ကြောက်စရာ မဟုတ်ဘဲ ဆင်ခြင်တုံတရား အပြည့်အဝနဲ့ ရင်ဆိုင်စရာပဲဖြစ်ပြီး မစိုးရိမ်ကြဖို့ နိုင်ငံသူ နိုင်ငံသား အားလုံးကို စကားပါးခဲ့ပါတယ်။ အပြောင်းအလဲတွေကို လုပ်ဆောင်ရာမှာ အားလုံးအတွက် အကျိုးရှိစေမယ့် အပြောင်းအလဲကို ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အပြောင်းအလဲ အတွက် ကြိုးစားတဲ့နေရာမှာ တပ်မတော်၊ တိုင်းရင်းသားများ အပါအဝင် ပြည်သူတွေအားလုံး ပါဝင်ဖို့လိုပြီး ကိုယ်တိုင်ရုန်းကန်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ နိုင်ငံသူ နိုင်ငံသားများက ရုန်းကန်မှ၊ တာဝန်ယူမှသာ အောင်မြင်နိုင်မှာဖြစ်ပြီး လွတ်လပ်ရေး ဆိုတာဟာ လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တိုင်းလုပ်ဖို့ မဟုတ်ဘဲ လွတ်လပ်ရေးဆိုတာ တာဝန်သိသိနဲ့ ကိုယ့်ရဲ့လွတ်လပ်မှုကို အများကောင်းကျိုး အတွက် သုံးနိုင်ခြင်းဆိုတာဟာ လွတ်လပ်ရေး ဖြစ်တယ်လို့လည်း ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။
 
အပြတ်အသတ်ရှုံးနိမ့်ခဲ့
အမှန်တကယ်လည်း နိုင်ငံတစ်နိုင်ငံမှာ အားကောင်းမောင်းသန် ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ဆိုတာဟာ လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ နိုင်ငံသား တစ်ဦးချင်းစီက ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ထဲမှာ ကိုယ်တိုင်စီးမျောပါဝင် လှုပ်ရှားမှသာ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး စနစ်ဟာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရတဲ့ လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေ မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် အားလုံးပါဝင်နိုင်မယ့် အခင်းအကျင်းနဲ့ အစီအမံများ ချမှတ်ရေးဟာ အထူးအရေး ပါတာကို တွေ့နိုင်ပါတယ်။ အပေါ်က ပြောင်းပြီး အောက်က လိုက်မပြောင်းခြင်း၊ အပေါ်မှာလည်း အမှန်တကယ် ပြောင်းလဲခြင်းသို့ မရောက်ရှိခြင်း၊ နောက်ပိုင်းမှာ ပြောင်းလဲမှု ဖြစ်စဉ်များ ရပ်တန့်သွားခြင်း အတူနောက် ပြန်လှည့်မယ့် အခြေအနေအထိ စိုးရိမ်ခဲ့ကြရတဲ့ ဖြစ်ရပ်တွေဟာ လက်ရှိအစိုးရရဲ့ မအောင်မြင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ပြဆိုနေခဲ့တာ ဖြစ်ပါတယ်။ အများရဲ့အမြင်မှာ ပြုပြင်ပြောင်လဲရေး မအောင်မြင်ဘူးလို့ ယူဆလာတဲ့နောက်တော့ လက်ရှိအာဏာရ အစိုးရရဲ့ ကျောထောက်နောက်ခံ ပါတီကြီးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာဟာ အားလုံးအသိပဲ ဖြစ်ပါတယ်။
 
အချိန်ကိုက်
ပြုပြင်ပြောင်းလဲရေးလို့ ဆိုရာမှာ ဘယ်အချိန်မှာ ဘယ်အရာကို ဘယ်လောက် အတိုင်းအတာအထိ ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာက အရေးကြီးလှပါတယ်။ သူ့အရာနဲ့သူ အချိန်ကိုက် လိုအပ်သလောက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ တရားစီရင်ရေး မဏ္ဍိုင်ဆိုရင် ချက်ချင်းကို ပြုပြင်ပြောင်းလဲရေး လိုအပ်နေပါတယ်။ အများဝေဖန်မှု ရှိနေတဲ့ လက်ရှိတရားစီရင်ရေး မဏ္ဍိုင်ကို အချိန်မီပြုပြင် ပြောင်းလဲမှုက တရားဥပဒေ စိုးမိုးရေးအတွက် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။
တရားစီရင်ရေးလိုပဲ အဂတိလိုက်စားမှု၊ လက်ဝါးကြီးအုပ်စီးပွားရေး အပါအဝင် ပညာရေးနဲ့ ကျန်းမာရေး ဆိုင်ရာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေကို ချိန်ဆပြုလုပ်ပေးဖို့က အများမျှော်လင့်နေတဲ့ အရာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ ဆိုရာမှာ လာမယ့်အစိုးရ အဖွဲ့သစ်မှာ အဓိကတာဝန်ရှိပေမယ့် နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှုကလည်း ပြုပြင်ပြောင်းလဲရေးက အရေးပါလှပါတယ်။
 
ကိုယ်တိုင်ကိုယ်ကျ
ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံသားတွေအားလုံး ပူးပေါင်းပါဝင်ရေး ဆိုတဲ့နေရာမှာ နိုင်ငံသားတိုင်းဟာ ကိုယ်ကျရာ နေရာကနေ တတ်စွမ်းသရွေ့ ပါဝင်လို့ရပါတယ်။ သာဓကအနေနဲ့ ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့က ရန်ကုန်မြို့ အင်လျားကန်ပေါင်မှာ လာရောက်ပြီး နှစ်သစ်ကူးကြတဲ့ သူတွေရဲ့အမူအကျင့်တွေကို ညွှန်းဆို လိုပါတယ်။ အဲဒီနေ့က အင်းလျားကန်ပေါင်က လာရောက်တဲ့ သူတွေဟာ စားသောက်ပျော်ရွှင် ကြပြီးနောက် ကန်ပေါင်မြက်ခင်းပြင်မှာ အမှိုက်တွေကို စွန့်ပစ်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒီအင်လျား ကန်ပေါင်မှာ အမှိုက်ပုံးတွေ အများကြီးရှိပါတယ်။ ဖြစ်သင့်တာက အမှိုက်တွေကို အမှိုက်ပုံးတွေမှာ သွားစွန့်ပစ်ကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လူအများစုကတော့ ကိုယ့်ရဲ့နေရာအနီးမှာပဲ အမှိုက်တွေကို စွန့်ပစ်ခဲ့ကြတာကြောင့် မြက်ခင်းပြင်မှာ အမှိုက်တွေဟာ မြင်မကောင်းအောင် ဖြစ်နေခဲ့ရပါတယ်။ အမှိုက်တွေ စွန့်ပစ်ထားခဲ့တဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုအပေါ် ဝေဖန်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုကြည့်ရင် ပြုပြင်ပြောင်းလဲရေး အသက်ဝင်ဖို့ဆိုတာ နိုင်ငံသားတွေရဲ့ ပါဝင်ပတ်သက်မှုက အထူးအရေးပါတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲရေး ဆိုတာကို တောင်းဆိုနေရုံ သက်သက်မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ပြုပြင် ပြောင်းလဲရေးမှာ ပါဝင်ပြောင်းလဲကြဖို့ပါ။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက အပြောင်းအလဲကို မျှော်လင့်ကြလို့ ပြတ်ပြတ်သားသား မဲပေးခဲ့ပြီး ကျရာတာဝန် ထမ်းခဲ့ကြသလိုမျိုး အရင်တုန်းက အမူအကျင့်တွေကို ဒီနေ့အချိန်မှာ ပြုပြင်ပြောင်းလဲကြဖို့ တန်ပြီဖြစ်ပါတယ်။ တကယ်တမ်းပြန်ကြည့်ရင် ပြုပြင်ပြောင်းလဲရေး အောင်မြင်သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ နိုင်ငံတွေကိုကြည့်ရင် အစိုးရတွေက နည်းမှန်လမ်းမှန်နဲ့ ကြိုးစားဆောင်ရွက် ကြသလို ပြည်သူတွေကလည်း အစိုးရခင်းပေးတဲ့လမ်းမှာ ယုံကြည်စွာနဲ့ ပူးပေါင်းဆောင်ရွက်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့ နိုင်ငံတွေမှာလည်း ကြုံတွေ့နေကြရတဲ့ ပြဿနာတွေ ရှိနေကြပေမယ့် အစိုးရတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး အခက်အခဲတွေ ဖြေရှင်းတဲ့ နည်းလမ်းကသာ နှစ်ဖက်စလုံးအတွက် အကောင်းဘက်ကို ရောက်ရှိစေတာ တွေ့ရပါတယ်။ အစိုးရနဲ့ပြည်သူ ပူးပေါင်းမဆောင်ရွက်ဘဲ တိုးတက်တယ်ဆိုတဲ့ နိုင်ငံဟာ ကမ္ဘာမှာ မရှိသလောက် ရှားပါတယ်။ ဒီအတွက် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင်  အစိုးရနဲ့ပြည်သူ ညီညွတ်ပြီး အတူလက်တွဲ ဆောင်ရွက်ကြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဒီအတွက် အင်လျားကန်ပေါင်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်ကြသူတွေလို ကိုယ့်အကျိုး အတွက်သာကြည့်ပြီး အများအကျိုးအတွက် မကြည့်တဲ့ လုပ်ရပ်တွေကိုပစ်ပယ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလို တာဝန်သိသိနဲ့ ကိုယ့်ရဲ့လွတ်လပ်မှုကို အများကောင်းကျိုးအတွက် သုံးနိုင်ခြင်းက လွတ်လပ်ရေး ဖြစ်တယ်ဆိုတဲ့ အသိတရားတွေကို သိမြင်ကျင့်သုံးလာဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ စားသောက်ပြီး စည်းကမ်းမဲ့ အမှိုက်ပစ်ကြသူ တွေလိုပဲ အရင်ကအတိုင်းပဲ  မကောင်းတဲ့ အမူအကျင့်တွေကိုဆက်ပြီး ပြုလုပ်နေကြမယ် ဆိုရင်ဖြင့် နိုင်ငံနဲ့နိုင်ငံသားတွေအတွက် အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲရေးတွေ ရရှိဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံကို တကယ်ပြုပြင် ပြောင်းလဲဖို့အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲတတ်တဲ့ အစိုးရတစ်ရပ် လိုသလို ပူးပေါင်း ဆောင်ရွက်မယ့် ပြည်သူတွေလည်း လိုအပ်တာပဲ ဖြစ်ပါတယ်။

Most Read

Most Recent