ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိ အခြေအနေထက် အစိုးရအပေါ် တွန်းအားပေးခြင်း၊ အကြံပြုခြင်း၊ အားပေးခြင်း၊ ထိန်းကျောင်းခြင်းများကို ပို၍ ဆောင်ရွက်သင့်ကြောင်း အမျိုးသားလွှတ်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီက အကြံပြုထားသည်။ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီက ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ချက်များအား အစီရင်ခံစာ တင်သွင်းစဉ် အကြံပြုထားခြင်းဖြစ်သည်။ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အရပ်ဘက် အဖွဲ့အစည်းများနှင့် ထဲထဲဝင်ဝင် ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်သင့်ကြောင်း၊ စီမံကိန်းနှင့် ရသုံးငွေစာရင်း ရေးဆွဲရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးတွင် ပို၍ ဦးစားပေးရန်နှင့် ပေးထားပြီးသော ကတိကဝတ်များကို အပြည့်အ၀ ဆောင်ရွက်မှု ရှိ မရှိ စိစစ်ရန် လိုအပ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် အကြံပြုထားသည်။ထို့ပြင် မြစိမ်းရောင် စီမံကိန်းကို နှစ်စဉ် ကျေးရွာများကို ထပ်ချပေးလျှင် တစ်နိုင်ငံလုံးသို့ ခြုံငုံမိမည်ဖြစ်ကြောင်း၊ စီမံကိန်းသည် တကယ်အကျိုးရှိလျှင် ရန်ပုံငွေ ပမာဏကို ထပ်မံ တိုးပေးနိုင်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီ အနေဖြင့် စီမံကိန်းလုပ်ငန်း အတည်တကျ ဖြစ်လာသည့် အချိန်တွင် လေ့လာအကြံပြုရန် စီစဉ်ထားကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။လက်ရှိတွင် မြစိမ်းရောင် စီမံကိန်းသည် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော် ကောင်စီနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသငါးခုရှိ ခရိုင် ၄၇ ခုမှ မြို့နယ် ၁၃၀၊ မြို့နယ်ခွဲရှစ်ခု၊ ကျေးရွာပေါင်း ၁၁၅၀ ဖြစ်ကြောင်း၊ စီမံကိန်းကာလ အနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်ကြောင်း၊ ကျေးလက်ဒေသရှိ အိမ်ထောင်စု ၃ ဒသမ ၃ သိန်းမှ ဆင်းရဲသားဦးရေ ၁ ဒသမ ၈၃ သန်းဖြစ်ကာ ကျပ် ၃၄ ဒသမ ၅ ဘီလျံအား ရန်ပုံငွေထားရှိထားကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။လက်ရှိတွင် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် ကျေးလက်နေ ပြည်သူများဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် နိုင်ငံတော်တွင် အဓိကဖြစ်ကြောင်း၊ မြို့ပေါ်နေသူများ အလုပ်လက်မဲ့ဖြစ်၍ လည်းကောင်း၊ လုပ်ခလစာနည်း၍ လည်းကောင်း၊ ကိုယ်ပိုင် အလုပ်လုပ်သော်လည်း ဝင်ငွေမလုံလောက်၍ လည်းကောင်း၊ မြို့နေ ဆင်းရဲသူ အများအပြား ရှိကြောင်း၊ ဆင်းရဲမှု လျော့ကျရေး၊ ဆင်းရဲမှု ပပျောက်ရေး ဆောင်ရွက်ရာတွင် ကျေးလက်ဆင်းရဲသူများနှင့် မြို့နေဆင်းရဲသူများကိုပါ ဆင်းရဲမှုလျော့ကျရန် ဆောင်ရွက်နိုင်မှသာ တစ်နိုင်ငံလုံး ဆင်းရဲမှု ကျဆင်းနိုင်မည်ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရအပေါ် လက်ရှိ အခြေအနေထက် တွန်းအားပေးခြင်း၊ အကြံပြုခြင်း၊ ထိန်းကျောင်းခြင်းများကို ပို၍ ဆောင်ရွက်သင့်ကြောင်း လွှတ်တော် ဆင်းရဲမှုလျှော့ချရေး ကော်မတီ အကြံပြု















