ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချရာတွင် ကြွေးကျန်အဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံ

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချရာတွင် ကြွေးကျန်အဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံ
Published 5 January 2016
စိုးမင်းထိုက်

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးကော်မတီမှ ရောင်းချခဲ့သည့် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချမှုအပေါ်တွင် ကြွေကျန်များအဖြစ် ကျပ် ၅၃၂၃ ဒသမ ၃၄၁ သန်း ကျန်ရှိနေ ကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကော်မတီ၏ အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မဟာဗန္ဓုလလမ်း အမှတ် ၇၂/၇၄ ဒီ မော်တော်ယာဉ် သိုလှောင်ရုံ မြေနှင့် အဆောက်အအုံအား ကော်မရှင် ရောင်းချရာတွင် ပေးသွင်းရန် ကျန်ငွေအဖြစ် ကျပ် သန်း ၂၃၄၄ ဒသမ ၈၄၁ ကျန်ရှိနေကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ (က-၁) စမ်းချောင်းမြို့နယ်၊ မြေကွက်အမှတ် (၇-အေ) ကျပ်သန်း ၃၆၀ ဒသမ ၅၀၀၊ (က-၂) ရွှေတောင်ကြားလမ်း မြေကွက် ကျပ်သန်း ၂၅၂၀ ဒသမ ၀၀၀၊(ခ) ပညာရေးဝန်ကြီး ဌာန (ဂ-၁) နိုဝင်ဘာ ဆောက်လုပ်ရေးကုမ္ပဏီ ကျပ်သန်း ၁၂ ဒသမ ၀၀၀၊ (ဂ-၂) ရဲရင့်အောင် ဆောက်လုပ်ရေးကုမ္ပဏီ ကျပ်သန်းပေါင်း ၆၉ ဒသမ ၀၀၀၊ (ဂ-၃) မြန်မာမြ ဆောက်လုပ်ရေး ကုမ္ပဏီ ကျပ်သန်း ၁၇ ဒသမ ၀၀၀ ပေးသွင်းရန် ကျန်ရှိနေကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ထို့ပြင် နိုင်ငံပိုင်ပစ္စည်းများ ထုခွဲရောင်းချမှုအပေါ် အခွန်ကောက်ခံမှုတွင် အားနည်းလျက်ရှိကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ ကျန်ရှိနေမှုများအနေဖြင့် ကော်မရှင်မှ ကောက်ခံရန် စုစုပေါင်း အမှုအရေအတွက်သည် ၇၇၃ ခုရှိပြီး ၂၀၂ မှုသာ ကောက်ခံပြီးစီးကာ  ၅၇၁မှု ကောက်ခံရန် ကျန်ရှိနေကြောင်း၊ ကော်မတီအနေဖြင့် ကောက်ခံရန် စုစုပေါင်း အမှုအရေအတွက်သည် ၈၃၁ မှုရှိပြီး ၂၃၉ မှု ကောက်ခံပြီးစီးကာ ကောက်ခံရန်အတွက် အမှုပေါင်း ၅၉၂  ခု ကျန်ရှိနေကြောင်း၊ ထို့အတွက် ကောက်ခံရန် ကျန်ရှိသည့် အမှုအရေအတွက်မှာ ၁၁၆၃ မှု ရှိကြောင်း ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော အိမ်ရာစီမံကိန်း အဆောက်အအုံများနှင့် မြေကွက်များ ရောင်းချမှုအပေါ် နှစ်ကာလ ကြာမြင့်စွာ အကြွေများ ကျန်ရှိနေခြင်းသည် မဖြစ်သင့်ကြောင်း၊ ဘဏ်ချေးငွေရရှိမှသာ ငွေပေးချေမည်ဟူသည့် ကတိကဝတ်မှာလည်း လိုက်လျောလွန်းရာ ရောက်နေသည်ဟု ကော်မတီ၏ အစီရင်ခံစာများတွင် ဖော်ပြထားသော်လည်း အရေးယူဆောင်ရွက်မှု အားနည်းလျက် ရှိသည်ဟု သုံးသပ်ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း (၇၂/၇၄)ရှိ မော်တော်ယာဉ် သိုလှောင်ရုံမြေ(၀ ဒသမ ၁၃၄) ဧကနှင့် သိုလှောင်ရုံ အဆောက်အအုံသည် ၁၁.၂.၂၀၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေး အရ ရောင်းချခဲ့ခြင်းဖြစ်ပြီး မြေဧရိယာ ကွဲလွဲနေခြင်းကြောင့် ငွေပေးသွင်းမှု နှောင့်နှေးနေကြောင်း တင်ပြခဲ့သည်မှာလည်း ယနေ့အထိ တိုးတက်မှု မရှိသေးခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းသည်ဟု သုံးသပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘဏ်ချေးငွေရရှိမှသာ ပေးဆပ်မည်ဟု နှစ်ကာလကြာမြင့်စွာ ငွေပေးသွင်းမှုမရှိဘဲ တင်ပြထားချက်များကို လက်ခံကာ စောင့်ဆိုင်းနေမှုများသည် မလျော်ကန်သည့်အတွက် ဒဏ်ကြေးပေးဆောင်စေခြင်း သို့မဟုတ် ပြန်လည်သိမ်းယူ စာရင်းရှင်းလင်းခြင်း ပြုလုပ်သင့်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပညာရေးဝန်ကြီးဌာနမှ ပေးသွင်းရန် ကျန်ရှိသည့် သုံးခုတွင် အိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီများမှ ပေးသွင်းရန် ကျန်နေခြင်းဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများသည် ကုမ္ပဏီ မှတ်ပုံတင်ထားမှုမရှိခြင်း၊ သက်တမ်း ကုန်ဆုံးခြင်း၊ စာရင်းမှ ပယ်ဖျက်ထားသော ကုမ္ပဏီများ ဖြစ်နေခြင်းသည် စီမံခန့်ခွဲမှု ပေါ့လျော့သည်ဟု သုံးသပ်ကြောင်း၊ ထို့အတွက် လွှဲပြောင်းခြင်းမပြုဘဲ ပြန်လည်သိမ်းဆည်းကာ ဆက်လက် အရေးယူ ဆောင်ရွက်သင့်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်မြေနှင့် အဆောက်အအုံ ရောင်းချခြင်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ကျန်ရှိနေမှုများသည် ၂၀၁၁ ခုနှစ်မှ ကျန်ရှိနေခြင်းဖြစ်ပြီး ပထမအရစ်သာ ပေးသွင်းထားသည့်အတွက် မြေနှင့်အဆောက်အအုံကို ပြန်လည်သိမ်းယူ သင့်သည်ဟု သုံးသပ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီက ထောက်ပြထားသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များသည် ခွဲဝေပေးသော အသုံးစရိတ်များအပေါ် အကျိုးသက်ရောက်မှုရှိရှိ ထိရောက်စွာသုံးစွဲရေး၊ စံချိန်စံညွှန်း ပြည့်မီရေး၊ ပြည်သူများ အမှန်တကယ် အကျိုးရှိစွာ ခံစားခွင့်ရရှိရေးအတွက် အဆင့်ဆင့် ကြီးကြပ်သည့် စနစ်ထားရှိရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။              

Most Read

Most Recent