နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ဖြင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများအား ကာကွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါစက်ရုံများ လွှဲပြောင်းမှုနှင့် ပတ်သက်သည့် စက်မှုဝန်ကြီးဌာန၏ စာမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် ပျံ့နှံ့ခဲ့ကာ ဝေဖန်မှုအချို့လည်း ရှိခဲ့သည်။
စက်မှုဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်စာတွင် စက်မှုဝန်ကြီးဌာနမှ ကုန်ထုတ်လုပ်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်းနေသော အမှတ်(၁၁) အကြီး စားစက်ရုံ(ရန်ကုန်)၊ အမှတ်(၁၂) အကြီးစား စက်ရုံ(ထုံးဘို)၊ အမှတ်(၁၃) အကြီးစားစက်ရုံ(မကွေး)၊ ကုန်တင်ယာဉ်ဘီးဝင်ရိုး ထုတ်လုပ်မှု စက်ရုံခွဲ(မြင်းခြံ)နှင့်အမှတ်(၂၅) အကြီးစား စက်ရုံ(မြိုင်)တို့အား စက်မှုကဏ္ဍ ဖွံ့ဖြိုးစေရန်နှင့် ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် အသုံးပြုနိုင်ရန်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးနိုင်ပါရန် ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခြင်းအပေါ် ခွင့်ပြုပါသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် စက်မှုဝန်ကြီးဌာနသို့ စာဖြင့် ပေးပို့လာကြောင်း၊ သို့ပါ၍ အဆိုပါစက်ရုံများအား လွှဲပြောင်းပေးနိုင်ရေးအတွက် ဒုတိယဝန်ကြီး(၂)မှ ဦးစီး၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ပြီးပြတ်စေရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် တိုးတက်မှုအခြေအနေကို ပြည်ထောင်စုဝန်ကြီးထံသို့ ပြန်လည်တင်ပြရန် အကြောင်းကြားအပ်ပါသည်ဟု ဖော်ပြထားသည်။
အဆိုပါ စက်မှုဝန်ကြီးဌာန၏ စာအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှမိုးက ဒီဇင်ဘာ ၇ ရက်တွင် လက်မှတ် ရေးထိုးထားကြောင်း သိရသည်။
အဆိုပါစာနှင့် ပတ်သက်၍ အတည်ပြုရန်အတွက် စက်မှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်ရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျအမှုထမ်းတစ်ဦးက ဒုတိယ အမြဲတမ်း အတွင်းဝန်မှာ ဝန်ကြီးအစည်းအဝေး ရှိနေသဖြင့် လက်ထောက်အမြဲတမ်း အတွင်းဝန်သို့ ဆက်သွယ်မေးမြန်းရန်သာ ပြောကြားသည်။
ဆက်လက်ပြီး စက်မှုဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးတင်ဝင်းထံ ဆက်သွယ်မေးမြန်းရာ "အဲဒီကိစ္စက အခု ဆောင်ရွက်နေတုန်းပဲ ရှိပါသေးတယ်။ အထက်ကတော့ လမ်းညွှန်ထားတာရှိပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
စက်ရုံများလွှဲပြောင်းရာတွင် အခမဲ့ သို့မဟုတ် ငွေကြေးဖြင့် လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် ပြောပိုင်ခွင့်မရှိကြောင်း၊ ပြောရေးဆိုခွင့်လည်း ပေးမထားကြောင်း ဖြေကြားခဲ့သည်။
လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးစိုးသိန်း လက်ထက်တွင် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံပေါင်းများစွာကို ပုဂ္ဂလိကသို့ ငှားရမ်း လွှဲပြောင်းခဲ့သည်။ ထိုသို့ လွှဲပြောင်းရာတွင် ကာလပေါက်ဈေးထက် များစွာနည်းပါးသည့် နှုန်းထားများဖြင့် ငှားရမ်းခဲ့သည့် စက်ရုံများရှိပြီး စက်ရုံတစ်ရုံ တစ်လလျှင် ကျပ် ၁၅ သိန်း၊ ကျပ်သိန်း၂၀ ၊ ကျပ် ၂၅ သိန်းကဲ့သို့သော လွန်စွာနည်းပါးသည့် ငှားရမ်းခများဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သော စက်ရုံပေါင်းများစွာ ရှိခဲ့သည်။
ယခင် ပုဂ္ဂလိကပိုင် ပြုလုပ်စဉ်ကလည်း ရန်ကုန်မြို့ အချက်အချာကျ နေရာများရှိ ကျယ်ဝန်းသည့် စက်ရုံများကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ကာလပေါက်ဈေးထက် များစွာနည်းပါးသည့် နှုန်းထားများဖြင့် တင်ဒါပေးခဲ့မှုများလည်း ရှိခဲ့သည်။
နိုင်ငံတော်သမ္မတရုံး ခွင့်ပြုချက်ဖြင့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများအား ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးမည်















