ယမ်းငွေ့မပြယ်ခင် ချယ်ရီမြေသို့...

ယမ်းငွေ့မပြယ်ခင် ချယ်ရီမြေသို့...
Published 5 January 2016
ဝေလင်း(ပြည်)

တောလမ်းကြမ်းကို မောင်းနှင်မည့်   ပါဂျဲရိုးကား နောက်ခန်းလေးထဲကို နေရာယူပြီး စတင်စက်နှိုးလိုက်သည်နှင့် ကားကက်ဆက် ဆောင်းဘောက်က တေးသံလွင့်ပျံလာသည်။
‘ပန်းချယ်ရီပွင့်တဲ့တောင်တန်း... နှင်းမြူဆိုင်းတဲ့တောင်တန်း... မောရှမ်းတို့ရဲ့ မွေးမြေ..ရှမ်းပြည်က ချစ်စရာ... သာယာပျော်ရွှင်ခြင်းနဲ့ ပြည့်ဝခဲ့တာ... ရိုးရာမပျက်တဲ့ မြေပါ’ အဆိုတော်စိုင်းဆိုင်မောဝ်ရဲ့ ရိုးရာမပျက်တဲ့မြေ သီချင်းစာသားလေးကို ငယ်စဉ် ကျောင်းသား ကလေးဘဝကတည်းက ကြားဖူးခဲ့သည်။ သီချင်းက မြူးမြူးလေးနဲ့ ဆိုကောင်းခဲ့သလို စာသားများက ပန်းချီကား တစ်ချပ်လို၊ ဓာတ်ပုံများကို ကြည့်ရသလိုနှင့် ကွက်ကွက်ကွင်းကွင်း မြင်နေရပြီး အဝေးပြေး ကားကြီးတွေကိုစီးကာ ရှမ်းတောင်တန်းကြီးများဆီကို သွားချင်စိတ် ဖြစ်ပေါ်ခဲ့ရပြီး တကယ်တမ်း သွားခွင့် ကြုံဆုံလာချိန်တွင်တော့...။
နှစ်ဟောင်းတစ်ခု၏ ကုန်ဆုံးချိန် ဆောင်းရက်တစ်ရက်မှာတော့ မောရှမ်းမြေသို့သွားရန် အကြောင်းဖန်လာခဲ့သည်။ ရက်ဆက်နီးပါး ဆိုသလို ဖြစ်ပွားနေသည့် ရှမ်းပြည်၏စစ်ပွဲများကြောင့် စစ်ဘေးရှောင် တိုင်းရင်းသားများကို လှူဒါန်းရန်အတွက် ကျွန်တော်တို့နေထိုင်ရာ ပြည်မြို့နှင့်အနီးတစ်ဝိုက်တွင် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကဗျာ၊ ဂီတ၊ ပန်းချီ၊ ကာတွန်းပညာရှင်များ ဓာတ်ပုံဆရာများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ဒေသခံ သတင်းမီဒီယာများ စုပေါင်းခြင်း၊ အလှူခံခြင်းများက ရရှိလာခဲ့သည့်  အလှူငွေ ကျပ်သိန်း ၁၀၀ ကျော် ရရှိခဲ့ကြရာ ကိုယ်ထိလက်ရောက် လှူဒါန်းနိုင်ရန် ကော်မတီဖွဲ့ လူရွေးကြရာတွင် လိုက်ပါခွင့် ရခဲ့သည်။

ဒီဇင်ဘာ၏ ညတစ်ညကို ရွေးလိုက်ပြီး မိုးမေတ္တာ နာရေးကူညီမှုအသင်း၊ ပရဟိတ သွေးလှူရှင် လူငယ်လေးများ အစီအစဉ်ဖြင့်  တစ်ကိုယ်ရေ အသုံးအဆောင်များနှင့် အဓိက,ကတော့ ကင်မရာကို ထည့်ယူရင်း ညခရီးကို စတင်ခဲ့ကြသည်။
တစ်ညလုံးလုံး မောင်းနှင်ခဲ့ရင်း မှောင်နဲ့မည်းမည်း ပတ်ဝန်းကျင်ကို ငေးရင်းငိုက်ရင်း မိုးလင်းလင်းမှာတော့ ပြင်ဦးလွင်အတက်သို့ ရောက်ရှိခဲ့ကြရာ နံနက်စာ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သိသာလာသည်က တောင်ပေါ်မြေသို့စတင်ဝင်ရောက်ချိန် အအေးဓာတ်က သိသိသာသာ ပိုကဲနေသည်ကို ခံစားလိုက်ရသည်။
ပြင်ဦးလွင် ခရီးတစ်လျှောက်မှာတော့  ပန်းမြို့တော် တောင်လှေခါးလို့ ပြောရအောင်ပင် တောင်တက်တောင်ဆင်းများနှင့် ပန်းပေါင်းစုံ ပွင့်ဝေနေကြပြီး ဆွယ်တာဝတ် လူငယ်များ ဆိုင်ကယ်လေးများကို စီးနင်းသွားလာနေကြသည်။ ရထားလုံးများကိုတော့ များများစားစား မမြင်ခဲ့ရပါ။ ပြင်ဦးလွင်က ဆင်းတော့ နောင်ချို့မြို့လေးကို အဝေးလွင်ပြင်ကြားတွင် မြင်နေရသည်။ ထိုနေရာကနေ စသည်ထင်သည်။ စိုက်ခင်းများက ကျွန်တော်တို့ မြေပြန့်လိုမဟုတ်။ လှေကားထစ်ကိုမှ အကွေ့အဝိုက် အဝိုင်းဆိုပြီး ပုံစံလေးတွေက ပန်းချီကား ဆန်နေသည်။ အရောင်တွေကလည်း ပြောင်းလဲသွားပြီ။ နီကျင်ကျင်မြေသားတွင် အစိမ်းရောင် စိုက်ခင်းများ အဝါရောင် တောပန်းများက လမ်းတစ်လျှောက် ကွေ့ဝိုက် ဆင်းသွားနေသည့် ကားတန်းကို ကြည့်ရသည်က အရသာတစ်မျိုး ခံစားရစေသည်။ တောင်ပေါ်သားများ အတွက်တော့ မသိ။ မြေလတ်သား တစ်ယောက်အတွက်တော့ အအေးဓာတ်က စိမ့်စိမ့်လို့သာလာသည်။
မြို့လေးကိုကျော်တော့ ကမ္ဘာကျော် ဂုတ်ထိပ်တံတားရှိရာ တောင်ကမ်းပါးကြီးကို မြင်တွေ့ရနိုင်သည့် ဂုတ်တွင်းအတက် အဆင်း။ မတ်စောက်လှသည့် အတက်အဆင်း တောင်ကမ်းပါးယံကြီးကို ကြောင်လိမ် လှေကားသဖွယ် လမ်းမကိုဖောက်လုပ်ထားသည်။ လမ်းကကျဉ်းသလို တံတောင်ဆစ် အချိုးအကွေ့များက အသည်းယားစရာ။  ကမ်းပါးယံနှင့် တစ်ဖက်တွင် ချောက်ကြီး။  ကုန်တင်ကားကြီးတွေက အတန်းလိုက် အတွဲကားကြီးတွေ များသည်။ သတိတစ်ချက် လွတ်ခွင့်မပေး။ ဂုတ်တွင်း အလယ်တည့်တည့် စမ်းချောင်းလေး ဘေးမှာတော့ ရဲကင်းတစ်ခုက လက်နက်များ ကိုင်ဆောင်ကာ ကားများကို စစ်ဆေးသည်။ ကျောက်မီးသွေး တင်ဆောင်ထားသည့် ကားလာသည့်နှင့် ဝီစီမှုတ်ကာ တားမြစ် စစ်ဆေးနေသည်ကို တွေ့ရသည်။ ပြန်တက်တော့လည်း ထိုနည်းတူပင်။ မတ်စောက်သည့် အတက်တွင် ကားရပ်တန့်ခွင့် မရှိ၊ ဓာတ်ပုံရိုက်မရ၊ ဓာတ်ပုံရိုက်ခွင့်ရသည့် နေရာအရောက် ရှုခင်းသာတွင်တော့ ဂုတ်ထိပ်တံတားကို မမြင်ရတော့။ ထုံးကျောက်တောင်များ၏ ထိပ်နားတွင်တော့ သဘာဝဂူများကိုသာ တွေ့ရတော့သည်။

ကျောက်မဲတွင် ရှမ်းထမင်းချဉ်နှင့် မုန့်ညင်းချဉ်ရည်ဟင်း၊ အပူ၊ အစပ် ထမင်းဟင်းများကိုသာ စားခွင့်ရတော့သည်။ ဒေသစာ ဆိုပေမယ့် အစာကြေဖို့တော့ မလွယ်ကူပါ။ သီပေါမြို့ကိုဖြတ် ဒုဋ္ဌဝတီမြစ်ကိုရောက်တော့ နှင်းမြူတွေကြားက စီးဆင်းနေသည့် မြစ်ကို ကြည်လင်စွာနှင့် ချောင်းသာသာအနေ အထားဖြင့်တွေ့ရသည်။ လားရှိုးမြို့ကို ရောက် တော့ ညနေစောင်း။ ရေပူစမ်းကို တန်းမောင်းလိုက်ကြရင် ရေဆင်းချိုးကြသည်။ ထိုနေရာတွင်တော့ အခက်တွေ့ခဲ့ရသည်။ ရေချိုးရမည့်နေရာက ကန်လိုမျိုး ချောင်းမြောင်း အတွင်းတစ်ဖက်တွင် အမျိုးသမီးကြီးငယ်များ နှင့်တစ်ဖက်တွင်တော့ ယောက်ျားကြီးငယ်များ ချိုးကြရာ ပုဆိုး၊ ဘောင်းဘီတိုနှင့် ချိုးသူမရှိ၊ အတွင်းခံ ဘောင်းဘီများဖြင့်သာ အမျိုးသားအားလုံး ချိုးရသည်ကတစ်ကြောင်း အမျိုးသမီးများက တစ်ဖက်တွင်ရှိနေသည် ကတစ်ကြောင်းနှင့် ရေချိုးရန် နာရီဝက်ကျော်ကြာ စဉ်းစားရင်း တက်လိုက်ဆင်းလိုက်ဖြင့် အဆုံးတော့ ရောက်ပြီးမှ မထူးဟုဆိုကာ မျက်နှာကိုအုပ်ကာ ရေကန်ထဲဆင်းလိုက်သည်။ ပူလိုက်သည့် ရေကတော့ ကြက်ဥပြုတ်လျှင်ပင် ကာကျက်အဆင့်တော့ ရမည်ထင်သည်။ အငွေ့များကလည်း တထောင်းထောင်း ထနေသည်။ ကျန်သူများကတော့ မရှက်ကြတာလား ရိုးသွားသည်လားမသိ။ ရေပူစမ်းကြောင့်လား၊ ရှက်စိတ်လားမသိ။ ကျွန်တော်ကတော့ မျက်နှာပူလှပြီ။ ထိုညကတော့ လားရှိုးမြို့၏ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကြီးထဲတွင် အိပ်လိုက်ကြသည်။
နံနက်အလင်းတွင်တော့ လိုက်ပါလာသည့် လိုက်ထရပ်ကားတစ်စီးက ခရီးလမ်း ဝေးလံမှုနှင့် အခြားလုံခြုံရေးဆိုင်ရာများကြောင့် ပါလာသည့် လှူဒါန်းရမည့် ပစ္စည်းများကို လူမှုရေးအဖွဲ့တစ်ခု လက်ထဲထည့်ကာ ပြန်လှည့်သွားတော့သည်။ ကျွန်တော်တို့ကတော့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ သိန္နီမြို့လေးရဲ့ လမ်းဘေးတစ်နေရာမှာ ရှမ်းခေါက်ဆွဲ ထပ်စားကြပြန်သည်။ ဆိုင်နာမည်တွေက အထူးအထွေမဟုတ်။ ပိုင်ရှင်တွေ၏ နာမည်များကို ပေးထားကြသည်။ လမ်းမတစ်လျှောက် ဖြတ်သွားသူများကတော့ ကျွန်တော်တို့ကို လူစိမ်းတွေမှန်းသိသည်။ ကွက်ကြည့် ကြည့်သွားကြသည်။
အဲဒီနောက်တော့ ကွတ်ခိုင်မြို့လေး၊ ကျောင်ဆောင် ကျောက်တောင်များနှင့် တောင်တက်လမ်း ကျယ်ကျယ်ကြီးကြီးများကို ကွေ့ဝိုက် တက်လာခဲ့ကြရသည်။ လမ်းမတစ်လျှောက် ရွှေဝါရောင် ပြောင်းခင်းများကို တောင်ယာအနှံ့ စိုက်ပျိုးထားကြသည်။ အချို့အိမ်များတွင်တော့ ကြက်စာပြောင်းအဖြစ် အစေ့ခြွေနေကြကာ ထွက်လာသည့် ပြောင်းဖူးစင်းရိုးများကိုပုံကာ မီးလှုံကြသည်။ မီးခိုးတအူအူဖြင့်။ အချို့ ဒေသရိုးရာမပျက် အိမ်လေးများကို ခပ်စိပ်စိပ် မြင်တွေ့ရသည်။ ထရံကို မြေနီရွှံ့လိမ်းကျံထားသည့် မြေနီအိမ်လုံးလုံးလေးများ ပအို့နီနီ အသားကြမ်းကြမ်း ကွတ်ခိုင်သူလေးများ။
ကွတ်ခိုင်မြို့ကိုအကျော် တောင်တန်းတွေပေါ်မှာ ကားခဏနားတော့ လိုက်ပါပို့ဆောင်သည့် ရှမ်းတိုင်းရင်းသားကြီး ဦးစိုင်းထူးက အမောဆို့နေသည့်အသံဖြင့်’’ဒီတောင်တန်းတွေကိုစုပြီး လွိုင်ဆမ်ဆစ်လို့ ခေါ်တယ်။
ဗမာလိုပြန်တော့ တောင်အလုံးသုံးဆယ်တဲ့။ ဆမ်ဆစ်ဆိုတာ သုံးဆယ် လွိုင်ဆိုတာ တောင်တန်း အဲဒီတော့ တောင်အလုံး သုံးဆယ်ရှိတဲ့ တောင်တန်းတွေပေါ့။ဒါပေမယ့် အခုတော့ တောင်အလုံး(၃၀) မရှိတော့ပါဘူးလေ။”ဟု တောင်တန်းတွေကို ကြည့်ယင်း ညည်းညူသလို
ပြောပြနေသည်။ အမှန်လည်း ဟုတ်သည်ပဲ တောင်အတော်တော်များက ဖြိုချခြင်း မြေတူးခြင်းနှင့် သစ်ထုတ်ခြင်း ဒဏ်များကို ခံထားရသည်။ လွမ်းရပါပေ့ လွိုင်ဆမ်ဆစ်၊ သီချင်လေးအတိုင်း လွိုင်ဆမ်ဆစ်ရယ် ခွင့်လွှတ်ပါ……။
မူဆယ်မြို့ကိုမဝင်ခင် ၁၀၅ မိုင်ဂိတ် အဖြတ် မယံနိုင်အောင်ပင် ကုန်တင် တွဲကားကြီးတွေ ရာချီအောင် စောင့်ဆိုင်းနေကြရသည်မှာ ကားတန်းကြီးက နှစ်မိုင်ခန့်ပင် ရှိလောက်မည်ထင်သည်။ အချို့ကတော့အိပါရာများဖြင့်ပင် ကားများအောက်တွင် အိပ်နေကြသည်။ မူဆယ်မြို့ကတော့ ရန်ကုန်ထက်ပင် ပိုလို့စည်ကားသာယာ လှပနေသည်။ လှုပ်ရှားနေသူများကတော့ ရှမ်းနှင့်သွေးနှောသွားသည့် တရုတ်များကိုသာ တွေ့နေရသည်။ ရုမ်းဘာသာစကားနှင့်အတူ တရုတ်စာများကို ဆိုင်တိုင်းအိမ်တိုင်းတွင် ပူးတွဲရေးထိုးထားကြသည်။ တရုတ်ပြည်နှင့် ရွှေလီမြစ်ကလေးသာ ကြားထားပြီး မူဆယ်ဘက်ခြမ်းမှ တစ်ဖက်ခြမ်းကို ကူးလိုက်မည်ဆိုလျှင် မယုံကြည်နိုင်အောင်ပင် ပြောင်းလဲသွားသည်ကို တွေ့ခဲ့ရတော့ စိတ်ထဲမှာ မခံချိမခံသာ။ အချို့ တရုတ်လိုင်စင်တပ်ထားသည့် အိမ်စီးကား၊ ကုန်ကားများကလည်း မူဆယ်မြို့ထဲမှာ အင်နှင့်အားနှင့် မြင်တွေ့နေရသည်။ မူဆယ်မြို့က ရေရှည်တည့်တန့်နိုင်ပါ့မည်လား ရှမ်းလူမျိုးတို့ ကြီးစိုးနိုင်ပါအုံးမည်လား။ အတွေးတို့က နာမည်ကြီး မူဆယ်- နမ့်ခမ်းလမ်းပေါ်ကို အတက် လန့်ဖျန့်ထွက်ပေးသွားသည်။ နမ့်ခမ်းမြို့အသွား လမ်းတစ်နေရာ လယ်ကွက်အတွင်းမှ တဲလေး၏ နောက်ခံမြင်ကွင်း အဝေးတစ်နေရာမှာတော့ မိုးမျှော်တိုက်ကြီးများနှင့် ခန့်ထည်နေသည့် တရုတ်နိုင်ငံကြီးက မြူကြားထဲ ကျွန်တော်တို့ကို မခိုးမခန့်ကြည့်နေပုံ။

စိုင်းဆိုင်မောဝ်၏ မြောက်ပိုင်းလမ်း……. မူဆယ်. နမ့်ခမ်းလမ်း ရွှေဖီချိန်ခါ လက်ဘက်ပေါတဲ့အချိန် ကုန်တင်ကားကြီးများ ဖြတ်သန်းတတ်သည့်လမ်း။ တရွှေ့ရွှေ့ ဖြတ်သန်းနေရသည်။ လမ်းဘေးတွင် အလေ့ကျပေါက်နေသည့် လက်ဖက်ပင်များကိုလည်း တွေ့ရပြန်သည်။ နမ့်ခမ်းမြို့ကလေးကို ရောက်တော့ ဒေသခံ နာရေးကူညီမှုအသင်းသားများက လာရောက်ကြိုဆိုကြ၊ ညဈေးလေးမှာ ထမင်းစားကြတော့ ထုံးစံအတိုင်းပင် ရှမ်းအစားအစာများသာ ဈေးမေးစားခဲ့သော်လည်း ပိုက်ဆံရှင်းသည့်အခါ ထင်ထားသည်ထက် အများကြီးဈေးကြီးနေသည်။ မတတ်နိုင်တော့ ပြုသမျှနုကြဖို့သာ။ တစ်ခုထူးခြားသည်က နမ့်ခမ်းမြို့လေးတွင် စားသောက်ဆိုင်၊ ဘီယာဆိုင်ဟူ၍ သီးသန့်ရှိမနေ။ အကင်နှင့်ထမင်း ရောင်းသည့်ဆိုင်တိုင်းတွင် တံဆိပ်မျိုးစုံနှင့် အရက်ပုလင်းများ ဘီယာ၊ ရှမ်းရိုးရာ ဆန်အရက်နှင့် ဝိုင်များကိုရသည်။ ညဈေး အကင်ဆိုင်လေးမှာလည်း ရသည်။ ထိုညကလည်း တိုင်းရင်းသား ဘုန်းတော်ကြီးကျောင်းတွင်ပင်ညအိပ်ကြသည်။ ရေကတော့ မချိုးနိုင်တော့ပါ။ ခြေလက်ဆေးဖို့ပင် ရေခဲသေတ္တာထဲကရေများလို အေးစက်နေသည်။
နံနက်လင်း ဆက်လက်သွားရမည့် ခရီးကတော့ ရှမ်းငွေ့များကြား။ တောတန်းတောင်ကုန်း လျိုများကို ဖြတ်သန်းရမည်။ လုံခြုံရေးက ကိုယ်တစ်ကိုယ်ရေကို စောင့်ရှောက်ရမည့်ခရီး။ ရှမ်းတိုင်းရင်းသား လူလတ်ပိုင်းတစ်ဦး မောင်းနှင့်မည့် ပါဂျရိုးကားလေးပေါ် မတက်တင်မှာပင် ဆောင်ရန်ရှောင်ရန်များကို ကြိုပြောထားကြသည်။ တတ်နိုင်သမျှ စကားများများမပြောကြရ။ စစ်ဆေးရေးဂိတ်များတွင် မေးမြန်းပါက ဒါရိုင်ဘာကသာ တိုင်းရင်းသားစကားဖြင့် ပြောမည်။ လမ်းတလျှာက်တွင် မကြာသေးခင်က ရက်ပိုင်းကပင် တိုက်ပွဲများ ဖြစ်ပွားထားသည်။ လှည့်ကင်းလှည့်သည့် စစ်ကြောင်းများရှိသည်။

လမ်းခရီးကတော့ တောင်တက်လမ်းဆိုမှလမ်း တောင်တက် ပါဂျရိုးကားပင်လျှင် လေးတစ်ဆုံး ဆန့်ထွက်ကာ ကားဘီးလေးလုံးက လေယာဉ်တောင်ပံတွေလို ဘေးကား ထွက်ကုန်သည် ကျောက်တုံးကြီးတွေက အကြီးကြီးတွေကို ခွမောင်းရတော့ ဘယ်ညာယိမ်းထိုးလို့ လေးဆယ့်ငါးဒီဂရီခန့် မတ်စောက်နေသည့်အတက်များ၊ ချောက်ကမ်းပါးများ၊ လမ်ဖက်ခင်းများ၊ တောင်ယာ လှေခါးထစ်စိုက်ခင်းတွေက ပိုလိုစိပ်လာသည်။ လှလာသည်။ လမ်းတစ်လျှောက် ရွာမရှိ၊ တွေ့ရသည့် အိမ်ကလေးများကတော့ လေးငါးဆယ် အိမ်စုလေးများသာ။ ဗမာစကားမတတ်၊ လူစိမ်းမြင်လျှင်ကြောက်လန့်သည့် အမူအရာက ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများက စကားပြောမည် ထင်သည်။
မည်သို့ပင်နိုင်ငံသားတစ်ဦး အရောက်အပေါက် နည်းသည်ဆိုစေတော့ တရုတ်နိုင်ငံသွားသည့် ဂတ်(စ်) ပိုက်လိုင်းကြီးကတော့ ဖြူးနေသည်။ ထပ်ဆင့်တွန်းသည့် စက်ရုံက တောင်ထိပ်တွင် အခန့်သား သစ်လွင်လို့။ ဘယ်သူသေသေ ငတေတို့ကတော့ မာမြဲပင်။ တစ်နက်ခင်း ကုန်အောင်ပင် လူးလိမ့်ကာ စတင် တွေ့လိုက်ရသည်ကတော့ မိုင်းဝီးကျေးရွာလေး၊ စစ်ဘေးရှောင် စခန်းလေးရှိရာ ရွာကလေး။ လတ်လတ်ဆတ်ဆတ်ပင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ အမြောက်ဆံနေရာလွဲကာ ဘုန်းတော်ကြီးကျောင်းအတွင်း ကျခဲ့သေးသည်။ ဒေသခံ ရွာသားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံထားရသည်။ ပြန်လည် လွတ်ပေးရေး ဗျာများကာ ဆွေးနွေးနေကြသည်။ စစ်ဘေးရှောင်များကတော့ လူစိမ်းများကိုမြင်လျှင် ကြောက်လန့်နေရသော်လည်း ကူညီဖေးမမည့်သူ့များ ဖြစ်သည့်အတွက် နွမ်းနွမ်းလျလျ ပြုံးပြရှာသည်။ ဈေးလေးဘက်လျှောက်ကြည့်တော့ ပန်ဆေးပြည်သူ့စစ်သားတစ်ဦး မောင်းပြန်လွယ်လျှက် ခပ်သုတ်သုတ် လျှောက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။

မိုင်းဝီးက အပြန်ခရီးတွင်တော့ ကင်းလှည့်နေသည့် စစ်ကြောင်းတစ်ခုနှင့် တည့်တည့်တိုးကာ စစ်ဆေးမြန်းမှုကို ခံလိုက်ရသည်။ တောထဲတွင် သူတို့မည်မျှ ကြာနေသည်မသိ ဆံပင်ရှည်ရှည် မုတ်ဆွေးမွှေး၊ နှုတ်ခမ်းမွှေး ထူလပျစ် ထနေပြီ၊ စစ်ရောင်က မွဲကျေနေရှာပြီ။ အချိန်နှင့် ရက်ကိုထည့်သွင်း တွက်ချက်ရသည့်အတွက် အပြန်ခရီးက မြန်ဆန်လှသည်။ ရပ်နားခြင်း မပြုတော့ နမ့်ခမ်းပြန်ရောက်တော့ ချက်ချင်း ခရီးပြန်ထွက်ကြသည်။ မူဆယ်လမ်းဘက်က မလှည့်နိုင်တော့ နမ့်ခမ်းမှ တဆင့် နမ့်ဖခ သို့ တောလမ်းဗျူဟာ လမ်းအတိုင်း တောင်တက်ဆင်း ကြမ်းကြမ်းကို မောင်းခဲ့လိုက်သည်။ လမ်းကတော့ကောင်းသည်။ လက်နက်ကိုင် မောင်းတံဂိတ်များစွာကို ဖြတ်ကျော်ခဲ့ကြကာ ညဦးပိုင်းအရောက် လူသူမကွဲပြားသည့် ဂိတ်တစ်ခုတွင်တော့ လက်နှိပ်ဓါတ်မီးရောင်က ကားအောက်ကနေမ မီတမှီလှမ်းထိုးရင်း ရပ်ခိုင်း၍ကြည့်လိုက်တော့ ကလေးနှစ်ဦး လက်နက်ကိုင်ထားသည် လုံခြုံရေး စစ်ဆေးနေသည့် ဂိတ်တစ်ခု ပြည်သူ့စစ်ဂိတ်ပင်  ဖြစ်လိမ့်မည်ထင်သည်။ ကစားနေရမည့် ကလေးတစ်ဦးက သေနတ်ကိုင်ကာ ကားကို လှည့်ပတ် စစ်ဆေးနေသည်။
ထိုညကမနားကြ တောက်လျှောက် မောင်းပြန်ခဲ့တော့ နမ့်ဖခမှ ကွတ်ခိုင်၊ ဝေလီဝေလင်း အချိန်တွင်တော့ လားရှိုးမြို့ကို ပြန်ရောက်သည်။ အလင်းရောင်က ကောင်းကောင်းပေါ်လာပေါ်ပြီ မည်သို့ပင်ဆိုတော့ နောက်တစ်ကြိမ်လာခွင့်ကြုံခဲ့လျှင် သီချင်းစာသားလေးအတိုင်း ရှမ်းပြည်ကချစ်စရာ…….သာယာပျှော်ရွှင်ခြင်းနဲ့ ပြည့်ဝစေချင်တော့သည်။ ယခုတော့ ယမ်းငွေ့တို့မပြယ်ခင် ချယ်ရီမြေက ထွက်ခွါလာခဲ့သည်။

Most Read

Most Recent