ရာမာဒီမြို့ကို အီရတ်က ပြန်သိမ်းနိုင်ခြင်းဟာ အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ ဇာတ်သိမ်းခန်းအစလေလား

ရာမာဒီမြို့ကို အီရတ်က ပြန်သိမ်းနိုင်ခြင်းဟာ အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ ဇာတ်သိမ်းခန်းအစလေလား
Published 4 January 2016
နရီမင်း

စောင့်ခဲ့ရတာ အကြာကြီး ကြာခဲ့တယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၂၇ ရက်မှာတော့ အီရတ်လုံခြုံရေးတပ်တွေက သူတို့ဟာ ရာမာဒီမြို့ကို IS တွေ လက်ကနေ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာခဲ့တယ်။ မဆိုစလောက် ခုခံမှုလောက်သာ ကျန်တော့တယ်လို့ ဆိုတယ်။ ရာမာဒီကို ပြန်လည် သိမ်းယူနိုင်ဖို့ သီတင်းတစ်ပတ်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြရတယ်။ အီရတ်စစ်တပ်အပြင် ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေရော ဆွန်နီလူမျိုးစု တိုက်ခိုက်ရေးသမားတွေပါ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်။ အားလုံးကို အမေရိကန်က လေကြောင်း တိုက်ခိုက်မှုနဲ့ ကျောထောက်နောက်ခံ ပြုပေးခဲ့တယ်။ ဆွန်နီမွတ်စလင်တွေရဲ့ အဓိကပြည်နယ်ဖြစ်တဲ့ အန်ဘာပြည်နယ်ရဲ့မြို့တော် ရာမာဒီကနေ ဂျီဟတ်တွေကို မောင်းထုတ်နိုင်လိုက်ခြင်းဟာ ဒုက္ခပတ်လည်ဝိုင်းနေတဲ့ ဟေဒါအယ်အဘာဒီ အစိုးရအတွက် စိတ်ဓာတ်မြှင့်တင်ရေး အောင်ပွဲတစ်ရပ် ဖြစ်လာတယ်။ အဲဒီအောင်ပွဲက လွန်ခဲ့တဲ့ ခုနစ်လတုန်းက ရာမာဒီမြို့ကနေ တိုက်ထုတ်ခံလိုက်ရတဲ့ အီရတ်စစ်တပ်ရဲ့ အရှက်ရဖွယ် အဖြစ်အပျက်ကို ချေဖျက်ပစ်လိုက်နိုင်တယ်။ အဲဒီတုန်းက အရေအတွက်အရ နိမ့်ပါးတဲ့ IS တပ်တွေက အံ့အားသင့်ဖွယ် ထိုးစစ်ကို စတင်ခဲ့တယ်။ ထိုးစစ်ရဲ့ မြားဦးမှာ မော်တော်ယာဉ် အသေခံဗုံးခွဲမှု ၃၀ ထက် မနည်းကို တင်ထားတယ်။ အဲဒီထဲက တချို့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်ဆင်ထားတဲ့ သံချပ်ကာ ဘူဒိုဇာတွေ ဖြစ်ပြီး လမ်းတွေအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်။ နောက်တော့ ဘေးကနေ ပန်းပြီး ပစ်ခတ်တိုက်ခိုက်တာမို့ Golden division လို့ ခေါ်တဲ့ အီရတ်စစ်တပ်ရဲ့ အကောင်းဆုံး ယူနစ်ဟာ မရှုမလှ ချေမှုန်းခံလိုက်ရတယ်။ Golden dividion ဟာ အမေရိကန်က အဆင့်မြင့်မြင့် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့ ဖြစ်တယ်။ မြေပြင်တပ်တွေနဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတို့အကြား အရင့်အရင်ကထက် ပိုမို ပူးပေါင်းဆောင်ရွက်မှုကို ပြပြီး ရာမာဒီကိုပြန်ရဖို့ ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတစ်ရပ်ကို အသေအချာ စီစဉ်ခဲ့မှုက အီရတ်မြို့တွေကနေ IS တွေကို မောင်းထုတ်ဖို့ တခြားတိုက်ပွဲတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ညွှန်ပြသလို ဖြစ်လာတယ်။ မြေပြင်ထိုးစစ်ကို အပြင်းအထန် မဆင်နွှဲမီ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ရက်ပိုင်းအတွင်း IS တိုက်ခိုက်ရေးသမား ၃၅၀ ထက် မနည်းကို သေဆုံးစေခဲ့တယ်။ အင်အား ၁၀၀၀ ထက်မပိုတဲ့ IS တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းဖို့ အီရတ် အမာခံ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ လောက်လိုတယ်ဆိုတာ မှန်ပါတယ်။ အဲဒီအခက်အခဲတွေကိုတော့ လျှော့တွက်လို့ မရပါဘူး။ မောင်း သူမဲ့ ထောက်လှမ်းရေး လေယာဉ်တွေ မမြင်အောင် မြို့တစ်ဝိုက် ပစ်ခတ်ရေးသမားတွေနဲ့ အသေခံ ဗုံးခွဲသမားတွေ သွားလို့ရအောင် လုပ်ထားတဲ့ မြေအောက်ဥမင် လိုဏ်ခေါင်း ကွန်ရက်တွေနဲ့ ခန့်မှန်းလို့မရတဲ့ အံ့အားသင့်ဖွယ် ထောင်ချောက်တွေအပေါ် အခြေခံထားတဲ့ အလွှာအထပ်ထပ် ကာကွယ်ရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ IS တွေ အချိန်ရခဲ့ပါတယ်။ အီရတ်စစ်တပ်ဟာ မြို့ကို လနဲ့ချီ ဝန်းရံထားပြီး မြို့ထဲက IS တွေကို အပြင်ဘက်က အကူအညီတွေနဲ့ အဆက်အသွယ်မရအောင် ဖြတ်တောက်ထားခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့တာကြောင့် အီရတ်တပ်တွေဟာ ပျက်စီးနေတဲ့ မြို့ထဲကို လမ်းတွေ တစ်လမ်းပြီးတစ်လမ်း ဖြတ်လို့ သတိကြီးကြီးနဲ့ ရွေ့လျားဖို့ ဖြစ်နိုင်သွားစေပါတယ်။ ဒီနေရာမှာ အရေးပါတာကတော့ အီရန်က ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ရှီယားပြည်သူ့စစ်တွေက တိုက်ပွဲကနေ အလုံးအရင်းနဲ့ ထွက်သွားခဲ့တာပါပဲ။ ပြီးခဲ့တဲ့ ၁၈ လအတွင်း ရှီးယား ပြည်သူ့စစ်တွေဟာ IS တွေကို တိုက်ရာမှာ တပ်ဦးကနေ ပါဝင်ခဲ့ကြသူတွေပါ။ သူတို့တိုက်ပွဲကနေ ထွက်သွားခဲ့ရတာကတော့ IS တွေကို တိုက်ခိုက်ရာမှာ ဆွန်နီတွေကို နိုးကြားလာအောင် အားပေးဖို့လိုလားတဲ့ အမေရိကန်ရဲ့ အပြင်းအထန် တောင်းဆိုမှုကြောင့်ပါ။ အမေရိကန်ဟာ IS အဖွဲ့ရဲ့ ဘိုးအေဖြစ်တဲ့ အယ်ကေးဒါးအဖွဲ့ကို တိုက်ခိုက်ရာမှာလည်း ၂၀၀၆ ခုနှစ်က အလားတူ လှုံ့ဆော်မှုမျိုးပဲ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်အရကတော့ ဟာကွက်တွေ ရှိခဲ့ပါတယ်။ ဆွန်နီတွေကို မြှောက်ပေးပြီး အမေရိကန်က အန်ဘာက ဆွန်နီလူမျိုးစုတွေကို လက်နက်ထောက်ပံ့မယ်လို့ ကတိပေးမှုကို ရှီးယားတွေ လွှမ်းမိုးတဲ့ အီရတ်အစိုးရအဖွဲ့က ဟန့်တားခဲ့ပါတယ်။ ဘာသာရေးဂိုဏ်းဂဏ အကြီးအကျယ် ကွဲပြားမှုတွေနဲ့ အန်ဘာပြည်နယ်မှာ ရှီးယား PMF တပ်တွေရဲ့အခန်းကဏ္ဍ အကန့်အသတ်ရှိမှုတွေက အမေရိကန်တွေအတွက် ဦးစားပေး ဖြေရှင်းရမယ့် ကိစ္စတွေအဖြစ် ရှိနေဆဲပါပဲ။ ရှီးယားတပ်တွေကို အဓိကအားဖြင့် အီရန်က ကျောထောက်နောက်ခံ ပြုပေးပြီး ငွေကြေး ထောက်ပံ့ထားတာမို့ အဲဒီလိုတပ်တွေအပေါ် အဘာဒီ အစိုးရအနေနဲ့ သြဇာလွှမ်းမိုးမှု နည်းပါးပါတယ်။ ရာမာဒီမှာ အီရတ်အစိုးရ အဖွဲ့အနေနဲ့ အောင်မြင်မှုကို တည်ဆောက်နိုင်ဖို့ဆိုရင် မြို့ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဆွန်နီမွတ်စလင်တွေကို သူတို့အနေနဲ့ မြို့ကို ဆက်ထိန်းထားပြီး ပြန်လည်တည်ဆောက်မှုတွေ စတင်နိုင်တဲ့ အကြောင်း ပြသရမှာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ဆွန်နီလူမျိုးစုတွေနဲ့ ရာမာဒီကို ကာကွယ်နေတဲ့ ဒေသခံရဲတပ်ဖွဲ့ကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အန်ဘာပြည်နယ်က IS တွေယူထားတဲ့ နေရာတိုင်းကို အီရတ်စစ်တပ်တွေ လွတ်လွတ်လပ်လပ် ဖြန့်ကြက်စေရမှာ ဖြစ်ပါတယ်။ ဂျီဟတ်တွေက ဖယ်လူဂျာဒေသကို သာမက အန်နာနဲ့ ရာဝါဒေသတွေကိုလည်း ထိန်းချုပ်ထားဆဲပါပဲ။ ISတွေက ဟစ်နဲ့ အယ်ကိန်းမြို့တွေကိုလည်း ထိန်းချုပ်ထားပါတယ်။ အဲဒီမြို့နှစ်မြို့အကြားမှာ နေထိုင်တဲ့လူဦးရေ က ၇၀၀,၀၀၀ လောက်ရှိပါတယ်။ အီရတ်စစ်တပ်အနေနဲ့ လွန်ခဲ့တဲ့နှစ် အတွင်း ပြတ်တောက်ပြတ်တောက် တိုးတက် မှုတွေသာ ရရှိခဲ့ဖူးတဲ့ ဖယ်လူဂျာဒေသကို ပြန်လည်သိမ်းပိုက်ဖို့ ဆက်လက် ကြိုးပမ်းရာ မှာ ရှီးယားပြည်သူ့စစ်တွေနဲ့ ပူးပေါင်းဖို့ကလွဲ ပြီး ရွေးချယ်စရာ မရှိပါဘူး။ ရာမာဒီမှာ လုပ်ခဲ့သလို ဝန်းရံထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့ နည်းဗျူဟာမျိုးကို ဖယ်လူဂျာမှာ အသုံးပြုနေပါတယ်။ အခုအချိန်မှာတော့ အထိုက်အလျောက် ဝန်းရံဖြတ်တောက်ထားပြီးပါပြီ။ ဒါပေမဲ့ အီရတ်နိုင်ငံမှာ အယ်ကေးဒါးတွေရဲ့ ပထမဆုံး ခြေကုပ်စခန်းဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်က အမေရိကန်တပ်တွေအတွက် ခါးသီးတဲ့ စစ်မြေပြင် ဖြစ်ခဲ့တဲ့ ဖယ်လူဂျာကို ချေမှုန်းဖို့က အများကြီးပိုလို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်မှာ အဘာဒီက ၂၀၁၆ ခုနှစ်အကုန်မှာ သူ့နိုင်ငံကနေ IS တွေကို အပြီးမောင်းထုတ်မယ်လို့ ကတိပြုထားပါတယ်။ သူက "မိုဆူးကို လွတ်မြောက်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။ ဒါက ISတွေ အတွက် အလွန်အထိနာမယ့် ထိုးနှက်ချက် ဖြစ်လာပါလိမ့်မယ်"လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၈ လကတည်းက IS တွေ သိမ်းပိုက်ထားခဲ့တဲ့ အီရတ်နိုင်ငံရဲ့ ဒုတိယမြို့တော်ကို ပြန်လည်သိမ်းပိုက်မယ်လို့ ကတိပြုထားမှုဟာ အခုတော့ပိုပြီး နီးစပ်လာသလို ဖြစ်လာပါပြီ။ ဒါပေမဲ့ ဖယ်လူဂျာဒေသကို အစိုးရအနေနဲ့ ပြန်လည်ထိန်းချုပ်နိုင်တဲ့အထိ စောင့်ရပါဦးမယ်။ ကာ့ဒ်တွေရဲ့ ပက်ရှ်မာဂါ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းဖို့ အီရတ်စစ်တပ်အနေနဲ့ ပိုပြီးထိရောက်တဲ့ တပ်ဖွဲ့တွေ ဖွဲ့ရပါဦးမယ်။ မိုဆူးမြို့မှာ တိုက်ပွဲဝင် IS အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်တွေကလည်း ကွဲပြားခြားနားလျက် ရှိနေဆဲပါပဲ။ IS တွေက မိုဆူးမှာ သူတို့ တပ်ဖွဲ့ဝင်အင်အား ၃၀,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အီရတ်အစိုးရအရင်းအမြစ်တွေကတော့ IS တပ်ဖွဲ့ဝင်အင်အားကို ၁၅၀၀ လောက်ပဲ ရှိမယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ IS တွေဟာ အီရတ်နိုင်ငံရဲ့ မြောက်ပိုင်းမြို့မှာ အချိန်အကြာကြီး ခြေကုပ်ယူထားပြီး ဖြစ်ပါတယ်။ အနည်းဆုံးတော့ အဲဒီမှာ နေထိုင်သူတချို့ဟာ ဘဂ္ဂဒက်အစိုးရအနေနဲ့ ရက်စက်ကြမ်းကြုတ်မှုလို့ သတ်မှတ်တာတွေ အားလုံးအတွက် IS နိုင်ငံတော်လို့ ပြောရတာကို သဘောတွေ့နေလောက်ပါပြီ။ မိုဆူးမြို့ဟာ IS တွေအတွက် ဘဏ္ဍာငွေရရှိဖို့ ကြီးမားတဲ့ ရင်းမြစ်ကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုဆူးမြို့မှာ ဂျီဟတ်တွေကို အခွန်အတုတ် ပေးဆောင်မယ့် လူတွေအများကြီး ရှိလို့ပါပဲ။ ကျဆုံးချိန်တန်တဲ့အခါ IS တွေရဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လေဟန် အယောင်ဆောင်ထားမှုဟာလည်း ကျဆုံးရမှာပါပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်လာဖို့ ခရီးအဝေးကြီး ကျန်နေသေးဆဲပါပဲ။

Most Read

Most Recent