အများပိုင် ကုမ္ပဏီများ ထုတ်ပေးထားသည့် ရှယ်ယာရှင် အသိအမှတ်ပြု လက်မှတ်မှာ စတော့အိတ်ချိန်း စာရင်းသွင်းပြီးပါက အသုံးဝင်တော့မည် မဟုတ်သဖြင့် ပေါင်နှံထားခြင်းများကို အရေးယူ ဆောင်ရွက်ရန်လိုကြောင်း သိရ

အများပိုင် ကုမ္ပဏီများ ထုတ်ပေးထားသည့် ရှယ်ယာရှင် အသိအမှတ်ပြု လက်မှတ်မှာ စတော့အိတ်ချိန်း စာရင်းသွင်းပြီးပါက အသုံးဝင်တော့မည် မဟုတ်သဖြင့် ပေါင်နှံထားခြင်းများကို အရေးယူ ဆောင်ရွက်ရန်လိုကြောင်း သိရ
Published 2 January 2016
ဇော်ဝေ

အများပိုင် ကုမ္ပဏီများ ထုတ်ပေးထားသည့် ရှယ်ယာရှင် အသိအမှတ်ပြု လက်မှတ်များသည် စတော့အိတ်ချိန်းတွင် စာရင်းသွင်းပြီးပါက အသုံးဝင်တော့မည် မဟုတ်သဖြင့် ပေါင်နှံထားခြင်းများကို အရေးယူ ဆောင်ရွက်ရန်လိုကြောင်း မြန်မာ့လယ်ယာစီးပွားရေး အများပိုင် ကုမ္ပဏီ (MAPCO) မန်နေဂျင်း ဒါရိုက်တာ ဦးရဲမင်းအောင်က ကုမ္ပဏီ နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားသည်။“Listed လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော် အသိပေးလိုတာကတော့ ရန်ကုန် စတော့အိတ်ချိန်းမှာ ရောင်းဝယ်တဲ့အခါမှာ Electronic စနစ်ကို သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစုရှယ်ယာ လက်မှတ်များဟာ အသုံးဝင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှယ်ယာရှင်တွေ အနေနဲ့ ရှယ်ယာရှင်လက်မှတ် မရှိတော့တဲ့ အခါမှာ ဘယ်လို အသိအမှတ် ပြုမလဲလို့ မေးတာတွေ ရှိပါတယ်။ရန်ကုန်စတော့အိတ်ချိန်းမှာ Listed လုပ်ချင်တဲ့ အစုရှယ်ယာရှင်တွေဟာ Securities ကုမ္ပဏီတွေမှာ Account တွေ ဖွင့်ရပါတယ်။ အဲဒီတော့ ဒါတွေဟာ ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင် Bank တွေမှာ Account ဖွင့်သလိုပါပဲ” ဟု ဦးရဲမင်းအောင်က ဆိုသည်။ဆက်လက်၍ ၎င်းက “လောလောဆယ်တော့ မြန်မာနိုင်ငံမှာ Securites လိုင်စင် ပေးထားတာ KBZ Stilin Coleman အုပ်စုဟာ ဒီကနေ့ စဖွင့်ပါတယ်။ ကျန်တဲ့ Securities ကုမ္ပဏီတွေဟာ လိုင်စင်တော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ Provisional  Period လို့ခေါ်တဲ့ ယာယီအားဖြင့် ခွင့်ပြုချက်တော့ ရထားပါတယ်။ ကျွန်တော်တို့ Securites ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Securites ကုမ္ပဏီတွေဟာ ၁၀ ခုလောက် ရှိပါတယ်။ ချိတ်ဆက်ပြီးတော့မှ ကျွန်တော်တို့ အစုရှယ်ယာရှင်များအတွက် စာရွက် ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန် စတော့အိတ်ချိန်းကတစ်ဆင့် ရောင်းချင်တယ် ဝယ်ချင်တယ်ဆိုရင် Securities Account တွေ ဖြစ်ရမှာ ဖြစ်ပါတယ်။ မရောင်းချင်ဘူး။ မဝယ်ချင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ ကုမ္ပဏီကနေပြီးတော့ Special Account ဆိုပြီးတော့ သီးသန့် ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေဟာ နောင်တစ်ချိန်မှာ အသုံးဝင်တော့မှာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ မိမိတို့ ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေကို ပြန်လည်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းသည် ပဏာမ ရွေးချယ်ထားသော ငွေချေးသက်သေခံ လက်မှတ် တစ်ဆင့်ခံ ရောင်းချမည့် ကုမ္ပဏီ ၁၀ ခုနှင့် စာရင်းဝင် ကုမ္ပဏီ ခြောက်ခုမှ ဥက္ကဋ္ဌ၊ အမှုဆောင် အရာရှိများ၊ အုပ်ချုပ်မှု ဒါရိုက်တာများနှင့် ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန် စတော့အိတ်ချိန်း အစည်းအဝေးခန်းမ၌ တွေ့ဆုံရာတွင်လည်း တချို့သော ပုဂ္ဂိုလ်များသည် ရှယ်ယာရှင် လက်မှတ်များကို ပေါင်နှံထားခြင်းများ ရှိကြောင်း၊ ယင်းတို့ကို အရေးယူ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ရန်ကုန် စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်များကို မတ်လဆန်းပိုင်းတွင် စတင် ရောင်းချရန် ရှိနေပြီး လက်ရှိအချိန်တွင် ငွေချေးသက်သေခံ လက်မှတ်များ တစ်ဆင့်ခံ ရောင်းချမည့် ကုမ္ပဏီများ အနေဖြင့် IT ပစ္စည်း တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ စတင်ရောင်းချမည့် ကုမ္ပဏီများအဖြစ် FMI၊ First Private Bank (ပထမ ပုဂ္ဂလိကဘဏ်)၊ မြန်မာနိုင်ငံသားများဘဏ်၊ Myanmar Thilawa SEZ Holdings public ကုမ္ပဏီ၊Great HOR KHAN Public Co.၊ မြန်မာ့ လယ်ယာစီးပွားရေး အများပိုင် ကုမ္ပဏီ (MAPCO) တို့ကို ရွေးချယ်ထားပြီး အဆိုပါ ကုမ္ပဏီများ အနေဖြင့် လက်ရှိတွင် စတော့အိတ်ချိန်းတွင် ရှယ်ယာများ စာရင်းသွင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။