ဒီမိုကရေစီ အင်စတီကျူးရှင်းများ ခိုင်မာရေး၊ လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် ဒီမိုကရေစီ အင်စတီကျူးရှင်းများ ခိုင်မာရေး၊ လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ရေးနှင့် ကျယ်ပြန့်ပြီး အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်မည်ဟု ထည့်သွင်း ပြောကြားသည်။၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ သဝဏ်လွှာတွင် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားနှင့် အမေရိကန် ပြည်သူများ၏ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း၊ (၆၈) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့သည် နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် သမိုင်းဝင် ပါလီမန် ရွေးကောက်ပွဲနောက် ကျရောက်မည်ဖြစ်ပြီး ပထမအကြိမ် မဲပေးသူများ အပါအဝင် သန်းပေါင်းများစွာသော မြန်မာပြည်သူများသည် ပိုမိုပီပြင်သော ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပြည့်စုံကြွယ်ဝသည့် အနာဂတ်ကို ဆုပ်ကိုင်နိုင်မည့် အခွင့်အလမ်းတို့အတွက် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ချီးကျူးခဲ့သည်။အဆိုပါ ပန်းတိုင်များကို ရှာဖွေရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ ပြည်သူများအား ပံ့ပိုးမြဲ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ အင်စတီကျူးရှင်းများ ခိုင်မာရေး၊ လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ရေးနှင့် ကျယ်ပြန့်ပြီး အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားသည်။မြန်မာပြည်သူအားလုံး လာမည့်နှစ်သစ်တွင် ငြိမ်းချမ်းသာယာပြီး ဘေးအန္တရာယ် ကင်းဝေးကြစေရန် ၎င်းတို့က ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းလည်း အဆိုပါ သဝဏ်လွှာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားသည်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သောကြောင့် အမေရိကန်က မြန်မာနှင့် သံတမန် ဆက်ဆံရေးကို သံအမတ် အဆင့်မှ သံရုံးတာဝန်ခံ အဆင့်သို့ အဆင့်လျှော့ချခဲ့သည်။သို့ရာတွင် ၂၀၀၉ ခုနှစ်၌ သမ္မတ အိုဘားမား အာဏာရလာသည့်နောက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဆက်ဆံရေး မူဝါဒများ ပြောင်းလဲလာခဲ့ကာ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့သော သံတမန် ဆက်ဆံရေးတစ်ရပ် ထူထောင်လာခဲ့သည်။ ၂၀၁၂ ခုနှစ် မေတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Scot Marciel အား သမ္မတ အိုဘားမားက ရွေးချယ်ထားကြောင်း သတင်းများ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာခဲ့ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှု အချို့ကိုလည်း အမေရိကန် အစိုးရက ဖြေလျှော့ပေးခဲ့သည်။
လူ့အခွင့်အရေး ကာကွယ်ရေးနှင့် စီးပွားရေး တိုးတက်မှုတို့ အတွက် မြန်မာနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား















