ဖားကန့် ကျောက်စိမ်းလုပ်ငန်းများအတွက် ဝန်ကြီးသုံးဦးနှင့် စသုံးလုံး အရာရှိများက လုပ်ငန်းရှင်များ၊ အခွန်ကိစ္စများ၊ ယာဉ်ယန္တရားများ၊ အစိုးရစာရင်းများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ပြည်ထဲရေးဒုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးချန်မောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်တို့က စသုံးလုံးအရာရှိများနှင့်အတူ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ လာရောက်စစ်ဆေးနေခြင်းဖြစ်ပြီး ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းများတွင် အသုံးပြုနေသော ယာဉ်ယန္တရားများ မှတ်ပုံတင်မရှိမှုများ၊ အခွန်ကိစ္စရပ်များ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကျောက်စိမ်းနှင့် ပတ်သက်သည့် အချက်အလက်ဆိုင်ရာများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသ ကျောက်စိမ်းတွင်း လုပ်ငန်းသုံး ယာဉ်ယန္တရား မှတ်ပုံတင်မှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ကညနရုံးမှ ဖားကန့်ဒေသသုံး ယာဉ်ယန္တရားများမှာ လွန်ခဲ့သော နှစ်များကတည်းက ဖားကန့်ဒေသသို့ ယာဉ်ဝင်ရောက်မှုများ ရှိနေသော်လည်း ကုမ္ပဏီများဘက်မှ မှတ်ပုံတင် လာရောက်လျှောက်ထားသည့် ယာဉ်မှာ တစ်စီးမျှ မရှိသေးကြောင်း၊ ယင်းယာဉ်များမှာ ကန်ပိုင်တည် နယ်စပ်ဂိတ်မှ အခွန်များဆောင်ပြီး ဝင်ရောက်လာသော ယာဉ်များဖြစ်သဖြင့် တရားမဝင်ယာဉ်များအဖြစ် သတ်မှတ်လို့ မရကြောင်း ၊ အခုအချိန်တွင် ယာဉ်များကို မှတ်ပုံတင်ပြုလုပ်ပါက ယာဉ်အစီးရေ များလွန်းခြင်းကြောင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှသာ ဖြစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ ဦးစီးမှူး ဦးခင်သန်းက “ဖားကန့်မှာ သုံးတဲ့ကားတွေက လုပ်ငန်းသုံးလိုင်စင် လာလုပ်တာမရှိပါဘူး။ ပထမဆုံးက ကညနမှာ အရင် မှတ်ပုံတင် လုပ်ရတာပါ။ ကညနပြီးမှ လုပ်ငန်းသုံးလိုင်စင် ပြန်လျှောက်ရတာ ဖြစ်ပါတယ်။ ကညနမှာတောင် စာရင်းမရှိသေးတော့ ကျွန်တော်တို့ ဌာနမှာလည်း မရှိနိုင်ဘူး။ ကညနမှာတောင် အခုမှ မှတ်ပုံတင်လုပ်ဖို့ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေကြတယ်လို့ ကြားသိရတယ်။ ဝန်ကြီးတွေလည်း ဒီကိစ္စနဲ့ မြစ်ကြီးနားကို ရောက်နေတယ်။ ပြည်နယ်သုံး ပုဂ္ဂလိကပိုင်တွေကတော့ ဖားကန့်ဒေသသုံး ယန္တရားအမျိုးအစားတွေ ရှိပါတယ်။ သူတို့ကတော့ အများစုက လုပ်ငန်းလိုင်စင်တွေ လုပ်ထားကြပါတယ်။ ဥပဒေအရတော့ မှတ်ပုံတင်ခြင်း၊ လိုင်စင်လုပ်ခြင်းတွေကို လုပ်ရမှာပဲ။ ယာဉ်တင်သွင်းလာပြီး ၂၁ ရက် အတွင်းမှာပဲ မှတ်ပုံတင်ရမှာပါ။ မှတ်ပုံတင်မလုပ်တော့ ကညန ဥပဒေအရပဲ အရေးယူရမှာပေါ့”ဟု ပြောကြားသည်။
ဖားကန့်ဒေသသို့ ရောက်ရှိနေသော ယာဉ်၊ ယန္တရားများ တရားဝင် တင်သွင်းခြင်း ဟုတ် မဟုတ် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယာဉ်၊ ယန္တရား အစီးရေ ၈၈၀ တရားဝင် တင်သွင်းခွင့်ပြုခဲ့ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူ ဝန်ခံပြောကြားခဲ့သည်ကို ဒီဇင်ဘာ ၁၈ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ၉၄ မိုင်ခန့် အကွာရှိ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တရားဝင် တင်သွင်းခွင့်ပြုခဲ့သော ယာဉ်၊ ယန္တရားများသည် တင်သွင်းခွင့်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာ စာရွက်စာတမ်း အထောက်အထားများ ပြည်စုံစွာပါရှိက ယာဉ်နံပါတ် မရှိသေးသော်လည်း မြစ်ကြီးနားမြို့သို့ မောင်းနှင်ခွင့် ရရှိကြောင်း၊ အဆိုပါ ယာဉ်၊ ယန္တရားများကို တင်သွင်းခွင့်ရရှိပြီး ၂၁ ရက်အတွင်း၌ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်မှသာ ယာဉ်နံပါတ်များ ရရှိခြင်းဖြစ်၍ ၎င်းနေရာနှင့် အချိန်အတွင်း ယာဉ်နံပါတ် မပါရှိသေးသော ယာဉ်အားလုံးကို တရားမဝင်ဟု သတ်မှတ်၍ မရနိုင်ကြောင်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း၏ ပြောကြားချက်အရ သိရသည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။
ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်အောင်က “ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး အပါအဝင် ဝန်ကြီးသုံးဦး ရောက်နေတာ ဟုတ်ပါတယ်။ ပြည်ထောင်စုသမ္မတရုံးက လွှတ်လိုက်တဲ့ ပုံစံရှိပါတယ်။ ပြည်နယ်အတွင်း နယ်စပ်ဂိတ် အကောက်အခွန်ကို လာရောက်ကြည့်ရှု့တဲ့ သဘောပါ။ အဓိကကတော့ ကန်ပိုင်တီးနယ်စပ် ကိစ္စပေါ့။ ကောက်ခံနှုန်းထားတွေ မှန်မမှန်ကွဲလွဲမှု့ရှိ မရှိ လာစစ်တာပါ။ ကျွန်တော်နှင့်တော့ တွေ့ပါတယ်။မေးမြန်းတာလည်း မရှိဘူး။ ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ် လုပ်နေပါတယ်။ ယာဉ်ယန္တရားတွေ တင်သွင်းတဲ့အပေါ် စာရင်းဇယား၊ နှုန်းထား မှန် မမှန် စစ်ဆေးတာပါ။ နယ်စပ်အခွန်ကိစ္စတွေ၊ ပေါ်လစီတွေ၊ မူဝါဒတွေက ပြည်ထောင်စု အစိုးရကပဲ တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က စာရင်းပဲ ရပါတယ်။ ဒီနေ့အထိကတော့ စစ်ဆေးနေတုန်းပါ” ဟု ပြောကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့် ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ကို လုပ်ကိုင်ခွင့် ပြုထားကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေဆိုထားသည်။
လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တု တွင်းဝန်ကြီးဌာနမှ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၀၁) ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ဧရိယာအကျယ်အဝန်း ၁၇၅၂၀၆၄ ဧက ရှိကြောင်း သိရသည်။
ဖားကန့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့် စစ်ဆေးမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သော ဒီဇင်ဘာ ၂၂ ရက်ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်သောအဖွဲ့က ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ဂိတ်ကို သွားရောက်စစ်ဆေးခဲ့သည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့မှ နေပြည်တော်သို့ ခေါ်ယူကာ ဖားကန့် ကျောက်စိမ်းတွင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ရက်သတ္တပတ် နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရဌာနမှ ထုတ်ပြန်သော အချက်အလက်အချို့နှင့် ဖားကန့်ဒေသတွင် ဖြစ်ပေါ်နေသော ယာဉ်၊ ယန္တရားအရေအတွက် အပါအဝင် အခြားသော အကြောင်းအရာ အချက်အလက်အချို့မှာ ကွဲလွဲမှုများ ရှိနေကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။
အလွန်အကျွံ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့်ဒေသအတွင်းရှိ သဘာ၀ တောင်အလုံး ၅၀ ခန့်နှင့် ချောင်းများ၊ ချောက်များ ပျောက်ကွယ်သွားပြီး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေကြီးခြင်း၊ အပူချိန်မြင့်မားလာခြင်းများ ကြုံတွေ့နေရကြောင်း၊ ကျောက်စိမ်းတူးဖော်မှုကြောင့် ဖားကန့် မြို့ပေါ်ရှိ မှော်မောင်းလျှံကျေးရွာ၊ ကာလီချောင်ရွာ၊ ဆွတ်ငိုင်ယန်ရွာ၊ ဖားကန့်ကြီးကျေးရွာစသည်တို့အပြင် တခြားသော ကျေးရွာဒေသများတွင် ကျေးရွာများ ပြောင်းရွှေ့ရခြင်း၊ ပျောက်ကွယ်သွားခြင်းများလည်း နေရာအနှံ့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။အခုအချိန်တွင်လည်း လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook စာမျက်နှာများပေါ်တွင် ဖားကန့်ဒေသအတွင်း လူပေါင်းရာကျော် မြေပြိုသေဆုံးမှုများ၊ ကြီးမားများပြားသော ယာဉ်ယန္တရားများဖြင့် ကျောက်စိမ်းတူးဖော်မှုများနှင့် ပတ်သက်၍ ပြင်းထန်းသော ဝေဖန်မှုများလည်း ပျံ့နှံ့လျက်ရှိသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ငန်းရှင်များကို အခွန်ကိစ္စ၊ ယာဉ်ယန္တရားကိစ္စများ အပါအဝင် စာရင်းများအား ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများနှင့် စသုံးလုံးအရာရှိများ ပါဝင်သောအဖွဲ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဆေးနေ















