မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာမှ စက်သုံးဆီအရောင်းဆိုင် တစ်ခုတွင် သေနတ်ကျည်ဆန် မတော်တဆထွက်ပြီး ဆိုင်မန်နေဂျာ သေဆုံး

မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာမှ စက်သုံးဆီအရောင်းဆိုင် တစ်ခုတွင် သေနတ်ကျည်ဆန် မတော်တဆထွက်ပြီး ဆိုင်မန်နေဂျာ သေဆုံး
Published 30 December 2015

နယ်စပ်မြဝတီမှအထွက် သင်္ဃန်းညီနောင်ကျေးရွာ အာရှလမ်းဘေးရှိ ဝင်းရတနာ စက်သုံးဆီ အရောင်းဆိုင်တွင် သေနတ် မှ မတော်တဆ ကျည်ထွက်ပြီး ဆိုင်မန်နေဂျာဖြစ်သူ သေဆုံးသွာကြောင်း သတင်းရရှိသည်။
 
ဒီဇင်ဘာ ၂၉ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ ခန့်က မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာ AK ဘီးခွန်ဂိတ်အလွန် အာရှလမ်း ဝဲဘက်ခြမ်းရှိ ပိုင်ရှင် ဦးဝင်းရှိန် ၅၈ နှစ် (ဘ) ဦးဘစန်းနယ်ခြားစောင့်တပ် တပ်နယ် (၄) မှ တပ်ဖွဲ့ဝင်ပိုင် ဝင်းရတနာ စက်သုံးဆီ အရောင်းဆိုင်၌ အလည်ရောက်လာသော စည်သူအောင် ၊အမှတ် ၄ ရပ်ကွက် မြဝတီနေသူမှ ဦးဝင်းရှိန်ပိုင်သော ကျည်ငါးတောင့်ထည့်လျက် ပစ္စတိုသေနတ်အား ဦးဝင်းရှိန်က ပြသ၍ စည်သူအောင်က လှမ်းယူလိုက်စဉ် ကျည်ပေါက်ထွက်သွားကာ ထိမှန်ခဲ့ခြင်း ဖြစ်သည်။
 
“ သေနတ်ပေါက်သံကိုပဲ ကြားလိုက်ရတာပါ။ ဘာဖြစ်မှန်းမသိလို့ လာကြည့်တော့မှ ပွေ့ပြီး ကားပေါ်တင်ကာ မောင်းထွက်သွားတာ တွေရပါတယ်” ဟု စက်သုံးဆီဆိုင်အနီး ဈေးရောင်းနေသူတစ်ဦးက ပြောကြားသည်။
 
သေဆုံးသူ ဦးဝင်းရှိန်မှာ သေနတ် ဝါသနာပါသူဖြစ်ပြီး သူငယ်ချင်း ကိုစည်သူအား သေနတ်အသစ်ပြသ၍ လှမ်းယူလိုက်စဉ် ကျည်ထွက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
 
“ သူငယ်ချင်းတွေပါ။ ဘာရန်ငြိုးရန်စမှ မရှိပါဘူး။ အမြဲလည်း လာနေကျပါပဲ။ မတော်တဆ ဖြစ်သွားတယ်လို့ ယူဆပါတယ်” ဟု ရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
 
ပေါက်ထွက်ခဲ့သော ကျည်ဆန်ကြောင့်  ဦးဝင်းရှိန်၏ ယာနားရွက်အောက် ပေါက်ဝင် ဒဏ်ရာတစ်ချက်ရရှိပြီး ဆီဆိုင်ကောင်တာ မှန်လုံခန်းအတွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူအား မွန်းလွဲ ၁ နာရီ  မိနစ် ၃၀ ချိန် မြဝတီဆေးရုံသို့ ပိုအပ်ခဲ့ပြီး ကိုစည်သူမှာ သက်ဆိုင်ရာသို့ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကာ သင်္ဃန်းညီနောင်ရဲစခန်း ပြစ်မှုပုဒ်မ ၃၀၇ ဖြင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent