တောင်ငူမြို့တွင် ရဲတပ်သားတစ်ဦး ရွှေဆံတော်ဘုရား တဝဂူစေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွား

တောင်ငူမြို့တွင် ရဲတပ်သားတစ်ဦး ရွှေဆံတော်ဘုရား တဝဂူစေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွား
Published 30 December 2015
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဒီဇင်ဘာ ၃၀ ရက်က တောင်ငူမြို့အမှတ် ၃ ရဲစခန်းမှ ရဲတပ်သားတစ်ဦး သမိုင်းဝင်ရွှေဆံတော်ဘုရား အရှေ့တောင်ထောင့်ရှိ “တဝဂူ” စေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ဝင်ရောက်မီးရှို့မှု ဖြစ်ပွားခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမိနစ် ၄၀ ခန့်က တောင်ငူမြို့ ၁၃ ရပ်ကွက်၊ သမိုင်းဝင် ရွှေဆံတော်ဘုရားပေါ်သို့ လူတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ရွှေဆံတော်ဘုရားအရှေ့ တောင်ထောင့်ရှိ တဝဂူစေတီ လိုဏ်ဂူအတွင်းသို့ ဝင်ရောက်ကာ ဘုရားရင်ပြင်တော်ပေါ်ရှိ သစ်တိုသစ်စများနှင့် ကျောပိုးအိတ်အား မီးပုံရှို့ပြီး ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ဝင်ရောက်ကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
မီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် တဝဂူစေတီ လိုဏ်ဂူအတွင်းမှ မီးခိုးလုံးများ ထွက်လာသည်ကို တွေ့ရှိရ၍ ဘုရားပေါ်ရှိ ပန်းရန်လုပ်သားများနှင့် ဂေါပကအဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး တောင်ငူမြို့အမှတ် ၃ နယ်မြေရဲစခန်းမှ ရဲတပ်သားမျိုးမင်း ၂၅ နှစ် (ဘ) ဦးမြဟန် (လွတ်လပ်ရေးကွင်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ) ဖြစ်ကြောင်း သိရပြီး သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။
 
“ ဖြစ်တာကတော့ နေ့လယ် ၂ နာရီ လောက်မှာ ဖြစ်တာပေါ့။ ဖြစ်တဲ့အကြောင်းရင်းကတော့ သူက ကျန်းမာရေးမကောင်းဘူး။ သူက ရဲထဲကို မဝင်ခင်ကတည်းက စိတ်ကျန်းမာရေးဆေးရုံမှာ တက်ခဲ့ဖူးတယ်လို့ သူ့အဖေ ဦးမြဟန်ကတော့ ပြောတယ်။ သူ့အဖေ ပြောပြချက်အရ သူ့သားက ကျန်းမာရေးမကောင်းဘူးပေါ့။ အမှုဖွင့်တာကတော့ ဖွင့်မှာ၊ စခန်းမှူးကို တရားလိုလုပ်ပြီး ဖွင့်မှာ၊ လောလောဆယ် (ပ) အမှတ်တော့ မပြောတတ်သေးဘူး။ ဖွင့်တာကတော့ ပုဒ်မ ၃၀၉ နဲ့ အမှုဖွင့်မှာပါ” တောင်ငူမြို့ အမှတ် ၂ နယ် မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သန်းထိုက်ထွေးက ပြောကြားသည်။
 
မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ရွှေဆံတော်ဘုရားအနီးရှိ ၁၃ ရပ်ကွက်နေ ပြည်သူများ မြို့ခံလူမှုကူညီရေးအဖွဲ့များ လာရောက်ကာ တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ကြပြီး ရဲတပ်သားမျိုးမင်း၏ မီးလောင်ဒဏ်ရာမှာ (စိုးရိမ်ရ) သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။ 
 
“ကျွန်တော်တို့ ဆေးရုံကြီးကို ရောက်လာတာကတော့ နေ့လယ် ၂ နာရီနဲ့ မိနစ်၂၀ လောက်မှာ ရောက်လာတာပေါ့။ သူ့ရဲ့အခြေအနေကတော့ မကောင်းဘူး။ မီးလောင်တာက ရာခိုင်နှုန်းများတယ်။ မီးလောင်တဲ့ ဧရိယာက ကျွန်တော်တို့ကဏ္ဍမှာ ရာခိုင်နှုန်း ၉၀ ကို ကျော်နေတယ်ဗျ။ ၉၀ လို့ပဲ သတ်မှတ်ထားတယ်။ မျက်နှာပြင်ဧရိယာက များလွန်းနေတယ်။ မျက်နှာပြင်ဧရိယာကများတော့ အခြေအနေမကောင်းဘူးလို့ပဲ ဆိုရမယ်”ဟု တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ဌေး က မီးလောင်ခဲ့သည့် ရဲတပ်သား၏ အခြေအနေအား ပြောကြားသည်။
 

Most Read

Most Recent