ရေကြီးနစ်မြုပ်မှုများကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း လယ်ယာစိုက်ခင်းများနှင့် ပဲခင်းများတွင် ငမြှောင်တောင်ပိုး၊ လှေးပိုးမျာ ဆိုးရွားစွာကျဆင်းနေ

ရေကြီးနစ်မြုပ်မှုများကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း လယ်ယာစိုက်ခင်းများနှင့် ပဲခင်းများတွင် ငမြှောင်တောင်ပိုး၊ လှေးပိုးမျာ ဆိုးရွားစွာကျဆင်းနေ
Published 30 December 2015

ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ခင်းများနှင့် ပဲခင်းများတွင် ငမြှောင်တောင်ပိုး၊ လှေးပိုးများ ဆိုးရွားစွာကျဆင်းနေပြီး တောင်ယာအချို့တွင် တံဇဉ်လွတ်သည်အထိ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
 
ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ အိမ်မဲစသည့်မြို့များတွင် ငမြှောင်တောင်ပိုးများ အလုံးအရင်းလိုက် ကျဆင်းနေပြီး ဆေးဖျန်းချိန်မမီသည့် နေရာများတွင် အပင်ရိုးများသာ ကျန်ရှိသည်အထိပိုးများ၏ ကိုက်ဖြတ်စားသောက်မှုကို ခံစားနေရကြောင်း၊ ပဲခင်းများတွင်လဲ ရောဂါပိုးများ ကျဆင်းခြင်း မြေအစိုဓာတ်နည်းပါးခြင်းများကြောင့် အပင်များ မပေါက်ဘဲ ပျက်စီးခြင်းများကြောင့် ပဲစိုက်တောင်သူများ သွင်းအားစုများပါ ပြန်လည်မရရှိနိုင်သည်အထိ ရင်ဆိုင်နေရကြောင်း သိရသည်။
 
“ကျွန်တော့်လယ်က အသိစောတော့ ဆေးနိုင်သွားလို့ တော်သေးတယ်၊ အနားလယ်တွေဆို တံစဉ်လွတ်တာရှိတယ်၊ ညတွင်းချင်းပဲ မသိရင် နွားတွေပဲ ဝင်စားသွားသလို အပင်ငုတ်ပဲကျန်ခဲ့တာ၊ ရေကြီးတုန်းကလဲ ခံလိုက်ရတယ်၊ အခုလည်း ပိုးလိုက်တယ်ဆိုတော့ မလွယ်ဘူးဗျာ”ဟု ပုသိမ်မြို့တွင် လယ်ယာလုပ်ကိုင်နေသူ ဦးစန်းမြင့်က ဆိုသည်။
 
ပဲခင်းများတွင်လည်း ရောဂါပိုးကျဆင်းခြင်း၊ အပင်မပေါက်ခြင်းများကိုပါ ရင်ဆိုင်နေလျက်ရှိနေကြကြောင်း သိရသည်။
 
“စက်ကြီးနဲ့ မြေဝင်ထားတာတင် နှစ်သောင်းဖိုးမျိုးကလည်း ရှစ်သောင်းခွဲဖိုးလောက် သုံးထားတာ၊ မြေက အစိုမရှိတော့ အပင်မပေါက်ဘူး။ သုံးပုံတစ်ပုံလောက်တောင်မှ အပင်မဖြစ်ဘူး။ အပင်ဖြစ်ရင်လည်း ငမြှောင်တောင်က ဆော်ပြန်ရော။ ဒီနှစ်တော့ ရင်းစားတောင် မီမယ်မထင်ဘူး”ဟု ကျောင်းကုန်းမြို့နယ်ရှိ ပဲစိုက်တောင်သူ ဦးအောင်သူက ပြောကြားသည်။
 
ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်းလယ်များနှင့် ပဲစိုက်ခင်းများတွင် ရောဂါပိုးများ ကျဆင်းခြင်းမှာ သုံးနှစ်လျှင် တစ်ကြိမ်ပုံမှန်အဖြစ် ဖြစ်ပွားလေ့ရှိသော်လဲ ယခုနှစ်တွင် ရေကြီးနစ်မြုပ်မှုများကိုပါ ကြုံတွေ့ထားရသောကြောင့် မျိုးရှားပါးခြင်း၊ သွင်းအားစုဖိုး မကျေခြင်းကြောင့် အစိုးရမှ ထုတ်ပေးသည့် စိုက်ပျိုးစရိတ်ချေးငွေများကိုပါ ပြန်လည်ပေးသွင်းနိုင်ရန် အခက်အခဲများ ရှိလာနေကြောင်း သိရသည်။              
 မင်းသူဝင်းထွဋ်
 
 
 

Most Read

Most Recent