ပြည်သူလူထု လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၅ (ည) တို့ကို အစိုးရသစ်လက်ထက်တွင် ပယ်ဖျက်သင့်ကြောင်း ပုဒ်မ ခုနစ်ခုဖြင့် တရားစွဲခံထားရသည့် ဒေါက်တာမြတ်နုခိုင် ပြောကြား

ပြည်သူလူထု လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၅ (ည) တို့ကို အစိုးရသစ်လက်ထက်တွင် ပယ်ဖျက်သင့်ကြောင်း ပုဒ်မ ခုနစ်ခုဖြင့် တရားစွဲခံထားရသည့် ဒေါက်တာမြတ်နုခိုင် ပြောကြား
Published 30 December 2015
ဝေလင်းအောင်

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်၍ ဒဂုံမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ခုနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာဒေါ်မြတ်နုခိုင်ကို ဒီဇင်ဘာ ၃၀ ရက်တွင် ဒဂုံမြို့နယ်တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့သည်။
 
ယင်းနေ့တွင် ဒေါက်တာမြတ်နုခိုင်က အစိုးရသစ်လက်ထက်တွင် ပြည်သူလူထု လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားသည့် ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၅(ည) တို့အား ပယ်ဖျက်သင့်ကြောင်း ပြောကြားခဲ့သည်။
 
“နိုင်ငံတော်ကို ချစ်လို့ နိုင်ငံတော်ကို ပြုပြင်ချင်တဲ့ လူတန်းစားအသီးသီးက သူတို့ တတ်သလောက်ပညာ၊ သိကျွမ်းသလောက်လေးတွေကို ထောက်ပြပြောဆိုတဲ့အခါမှာ ဆဲမိတာလည်းပါခဲ့ရင် နိုင်ငံတော်အုပ်ချုပ်တဲ့သူတွေက လူကြီးစိတ်နဲ့ ခွင့်လွှတ်ရမှာပေါ့။ သူတို့က နိုင်ငံတော်ကို ချစ်လို့ ကိုယ့်စီးပွားရေးကို ပစ်ပြီး နိုင်ငံရေးလုပ်ကြတဲ့သူတွေလေ။ အဲ့ဒါကို နိုင်ငံတော် အကြည်ညိုပျက်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုတာတွေက မရှိသင့်ဘူး။ အဲ့လို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့၊ ၅ (ည) တို့ဆိုတာ မတရားတဲ့ ပုဒ်မတွေဖြစ်တဲ့အတွက်ကြောင့် ဒီပုဒ်မတွေကို လာမယ့်အစိုးရသစ်အနေနဲ့ ပယ်ဖျက်သင့်တယ်။ ပြီးတော့ ပြည်သူလူထု လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ထားတဲ့ ပုဒ်မ၁၈ ဆိုတာလည်း ပယ်ဖျက်သင့်တယ်”ဟု ဒေါက်တာမြတ်နုခိုင်က ဒီဇင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
 
အမှုအား စစ်ဆေးနေသည့် ဒဂုံမြို့နယ် တရားသူကြီးမှာ ပင်စင်ယူတော့မည်ဖြစ်၍ တရားသူကြီး အပြောင်းအလဲရှိသောကြောင့် ဒီဇင်ဘာ ၁၀ ရက် ရုံးချိန်းတွင် အမှုအား မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။
 
“အန်တီ ကျန်းမာရေးအခြေအနေကြောင့် မြို့နယ်တရားသူကြီး၊ ခရိုင်တရားသူကြီးထံမှာ အာမခံလျှောက်ထားတယ်။ ဒါပေမဲ့ အားလုံးပယ်ချခံခဲ့ရတဲ့အတွက် အန်တီ့အနေနဲ့ အာမခံကို ထပ်မလျှောက်တော့ပါဘူး။ ပြီးတော့ အန်တီ့ကို အကျဉ်းထောင်ထဲမှာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာတွေ ကြုံနေရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင် ညဘက်ကြီး အန်တီ့ကို အိမ်ပြန်ရမယ်လို့ လာပြောတဲ့အတွက် အန်တီ့မှာ ခြင်ထောင်တွေ သိမ်း၊ ပစ္စည်းတွေသိမ်းပြီး တစ်ညလုံး ထိုင်စောင့်ခဲ့ရတယ်။ အန်တီက အာမခံပဲရလို့လား ဘာလားပေါ့။ ပြီးတော့ လာလည်း မခေါ်ဘူး။ ဒီနေ့ အန်တီမိသားစုတွေ မေးကြည့်တော့ ဒီကိစ္စ သူတို့မသိဘူးလို့ ပြောတယ်။ အဲဒီလို လာပြောသွားတာကို အဆောင်ကြီးကြပ်ရေးမှူးလည်း ကြားပါတယ်။ ဒီလိုလုပ်တာမျိုးတွေက မရှိသင့်တော့ပါဘူး”ဟု ဒေါက်တာမြတ်နုခိုင်က ဆက်လက်ပြောကြားခဲ့သည်။
 
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ဒေါက်တာဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြရာ၌ ပါဝင်ခဲ့သည့်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ၁၈၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၉၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ဒေါက်တာဒေါ်မြတ်နုခိုင်က ၎င်းတွင် အပြစ်မရှိကြောင်း၊ တရုတ်သံရုံးရှေ့၌ ဆန္ဒပြရာတွင် မပါဝင်ခဲ့ဘဲ တရုတ်သံရုံးအရာရှိများ နားလည်အောင် အင်္ဂလိပ်စကားဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာဖြစ်ကြောင်း တရားရုံးတွင် ငြင်းဆိုထားကြောင်း မီဒီယာများအား ပြောကြားထားသည်။
       

Most Read

Most Recent