ပြေးနေတဲ့ ငွေတွေ ဘယ်လို အမိဖမ်းမလဲ

ပြေးနေတဲ့ ငွေတွေ ဘယ်လို အမိဖမ်းမလဲ
Published 30 December 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ငွေက ရှေ့ပြေးတယ်။ လူက ငွေနောက် လိုက်နေတယ်။ လိုက်ရင်း လိုက်ရင်း လူတွေက အမောဆို့လာတယ်။ သမ္မာအာဇီဝနဲ့ အလုပ်လုပ်ပြီး ဘဝလမ်းကျောင်း သူတွေက ငွေနောက်ကို မလိုက်နိုင်ကြတဲ့အတွက် အများစုက ဆင်းရဲတွင်း နက်ပြီး ဘဝကို ဖြစ်သလို ရုန်းကန် လှုပ်ရှား နေကြရတယ်။ အဲဒီမှာ နပ်တဲ့ လူနည်းစုက အာဏာရှိသူတွေနဲ့ ပေါင်းစားရာကနေ ခရိုနီစီးပွားရေးဆိုတာ ဖြစ်လာတယ်။ ပြေးနေတဲ့ ငွေတွေကို အာဏာရှိသူတွေနဲ့ ပေါင်းပြီး သပိတ်ဝင် အိတ်ဝင် လုပ်လိုက်ကြတာကြောင့် ပြေးနေတဲ့ ငွေတွေက လူနည်းစုတွေရဲ့ အိတ်ကပ်တွေထဲ ရောက်ကုန်တယ်။အထက်အညာ ဒေသတွေမှာ ငွေတွင်းနက်တာကြောင့် နှိုက်လေနှိုက်လေ ငွေတွေက အောက်ကိုဆင်းလေ ဖြစ်တာကြောင့် အထက်အညာ ဒေသမှာ နေထိုင်သူတွေက အောက်ပြည်အောက်ရွာ အထူးသဖြင့် ရန်ကုန်ကို ငွေရှာဖို့ ဆင်းလာကြတယ်။ အထူးသဖြင့် ဈေးတွေမှာ ဟင်းသီးဟင်းရွက် ရောင်းသူတွေကို မေးကြည့်လိုက်ရင် သိသာတယ်။ လက်ဖက်ရည်ဆိုင်တွေ ဘီယာဆိုင်တွေမှာ စားပွဲထိုး လုပ်နေကြတဲ့ လူငယ်လေးတွေက မေးကြည့်လိုက်ရင် အညာဒေသသားတွေ ဖြစ်တယ်။ သတင်းစာ လက်ပွေ့ရောင်းသူတွေကို မေးလိုက်ရင်လည်း ဒီအဖြေပဲ ထွက်လာတယ်။ ကျောင်းနေနိုင်ပြီး ဘွဲ့တွေတော့ ရပါရဲ့။ သို့ပေမဲ့ မိမိရထားတဲ့ ဘွဲ့နဲ့ ဆက်စပ်တဲ့ ပညာတွေကို အမှန်တကယ် သိမှု မရှိတာကြောင့် ပညာတတ်တွေ တက္ကစီကားတွေ မောင်းနေကြတယ်။ စာရေးသူကတော့ မေးပါများ စကားရ ဆိုတဲ့အတိုင်း အင်တာဗျူး လုပ်ကြည့်ရာကနေ ဘွဲ့ရ ပညာမတတ်သူတွေ များနေပါလားဆိုတာ သိလာရတယ်။တကယ်တော့ လူတွေက ငွေနောက်ကို လိုက်နေကြရတယ်။ လူတွေက ငွေနောက်လိုက်လေ ငွေတွေက ပြေးလေဖြစ်တယ်။ ဒီတော့ အလွယ်ကူဆုံးက အာဏာရှိရင် အဲဒီငွေ ဘယ်ကို ပြေးမလဲ၊ ဘယ်လောက် ပြေးမလဲဆိုပြီး မိမိမှာရှိနေတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ငွေနောက် လိုက်ကြရာကနေ ငွေတွေက ယာယီ အပြေးတန့်ပြီး အဲဒီ အာဏာရှင်တွေ ခရိုနီတွေရဲ့ အပါးမှာ ခိုနေ၊ အောင်းနေကြရတယ်။ အမှန်အားဖြင့် အဲဒီ ပုဂ္ဂိုလ်တွေက ပြေးနေတဲ့ ငွေတွေကို မိမိပိုင်ငွေကြေး အထင်နဲ့ ယာယီထိန်းသိမ်း ထားရရုံမျှ သက်သက်ပါ။ နောင်တစ်ချိန်မှာ အဲဒီ ငွေတွေက သူတို့ ထံပါးကနေ ထွက်ပြေးသွားကြမှာဖြစ်တယ်။ မိမိ ခန္ဓာကိုယ်ကိုသော်မှ မိမိ မပိုင်တဲ့ဟာ ဒီငွေတွေ ဘယ်လို ပိုင်ဆိုင်နိုင်ကြမှာလဲ။ ယာယီဝင်လာတဲ့ အသိတရား မတော်လောဘစိတ်ကနေ စေ့ဆော်တဲ့ စိတ်နဲ့ မိမိငွေ အမှတ်နဲ့ ယာယီထိန်းထား ရယူတွေဖြစ်တယ်။ ဒါကို portfolio Management လို့ခေါ်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ နိုင်ငံတော်ပိုင်အဖြစ် ပြန်လည် ရယူနိုင်စေမှာ ဖြစ်တယ်။Portfolio ရဲ့ မူရင်း အဓိပ္ပာယ်က လက်ဆွဲအိတ်တွေ စာအိတ်တွေနဲ့ ဝန်ကြီးဌာန ရာထူးတွေကို ခေါ်ဝေါ်တာဖြစ်တယ်။ သို့ပေမဲ့ အဲဒီ Portfolio ကို ယခုအခါ အိတ်အတွင်းမှ ပစ္စည်းပေါင်းစုံ ထည့်သွင်းနိုင်တာကို ရည်ညွှန်းပြီး portfolio Management လို့ သုံးရာမှာ စီမံခန့်ခွဲမှုမှာ နည်းလမ်းပေါင်းစုံ အသုံးပြုတာကို ရည်ညွှန်းတာ ဖြစ်လာတယ်။ ဒီကနေ့ ခေတ်ကာလ တိုးတက်ပြောင်းလဲလာမှုတွေနဲ့ အညီ အရာရာက ပြောင်းလဲလာတယ်။ အဲဒီ ပြောင်းလဲမှုတွေနဲ့ အညီ လိုက်လျောညီထွေ ပြောင်းလဲလုပ်ဆောင်မှုတွေ ပြုလုပ်လာကြရတာဖြစ်တယ်။What is not change in CHANGE ဆိုတဲ့ စကားအတိုင်း မပြောင်းလဲသော အရာက ပြောင်းလဲခြင်း ဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ ဒါကို ဒီကနေ့ ၂၁ ရာစုမှာ လူအများစုက လက်ခံလာနေကြပြီ ဖြစ်ပါတယ်။ ဘာရက်အိုဘားမား သမ္မတအဖြစ် ရွေးချယ်တဲ့ စကားစစ်ထိုးပွဲမှာ သုံးသွားတဲ့ စကားလုံးက ပြောင်းလဲခြင်းဆိုတာ ဖြစ်သလို အခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးသွားတဲ့ စကားလုံးက ပြောင်းလဲချိန်တန်ပြီဆိုတာ ဖြစ်တယ်။ ဒီကနေ့ မြန်မာနိုင်ငံသားတွေ အားလုံးနီးပါး လိုလားတောင့်တ နေကြတာကလည်း နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် လောင်းရိပ်အောက်ကနေ လွတ်ကင်းလိုတဲ့ ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ဒီဘဘောတရားကို လိုလားတောင့်တနေကြတဲ့အတွက် ဒီမိုကရေစီ စနစ်ကို ပီပီပြင်ပြင် ရုပ်လုံးဖော်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ NLD ကို မဲပုံအော ပေးကြတယ်ဆိုတာ ရှင်းနေတယ်။ဒီမိုကရေစီ ပီပီပြင်ပြင် ဖြစ်လာပါမှ လူတိုင်းက ငွေနောက်ကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လိုက်နိုင်ကြမှာဖြစ်တယ်။ အာဏာ ရယူထားသူတွေကလည်း မိမိအာဏာနဲ့ ကိုယ်ကျိုးမရှာရင် အတ္တစိတ်တွေ မများရင် ခရိုနီ စီးပွားရေး ကျင့်သုံးမှုလည်း ပျောက်ကွယ်သွားပြီး Rule of Law လို့ဆိုတဲ့ တရားဥပဒေကို လူတိုင်းလေးစား လိုက်နာလာကြတာနဲ့အမျှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသလို နိုင်ငံသားတွေရဲ့ ဘဝလည်း သာယာလှပ လာစေမှာ ဖြစ်ပါတယ်။ ငွေများ တရားနိုင်တဲ့ခေတ်၊ တရားသူကြီးတွေ မှန်ကန်စွာ ဆုံးဖြတ်ကြရမယ့်အစား အထက်က အမိန့်အတိုင်း အမိန့်တွေ ချမှတ်ပေးရတာမျိုးတွေ မရှိတော့ဘဲ တရားမျှတမှု ပိုမို ပီပြင်လာတာနဲ့အမျှ Rule of Law ကို ခိုင်ခိုင်မာမာ အကောင်အထည် ဖော်လာနိုင်မှာ ဖြစ်တယ်။အစိုးရက မိဘနေရာကနေ မိမိနိုင်ငံသားတွေရဲ့ စားရေး၊ ဝတ်ရေးနဲ့ နေရေးဆိုတဲ့ အရေးသုံးပါးကို ပီပီပြင်ပြင် တာဝန်ယူလာနိုင်စေမှာဖြစ်တယ်။ အမေရိကန်မှာ နေထိုင်ခွင့် ကံစမ်းမဲပေါက်တဲ့ မိသားစုတစ်စု အမေရိကန်ကို သွားရောက်နေထိုင်တယ်။ အဲဒီမှာ နောက်ထပ်သားတစ်ဦး ဖွားမြင်တယ်။ အဲဒီမှာမွေးတဲ့ သားကို သက်ဆိုင်ရာ ပြည်နယ်အစိုးရကနေ ထောက်ပံ့ပေးတယ်။ အသက်အရွယ်ကြီးရင့် သူတွေကိုလည်း ထောက်ပံ့ကြေးတွေ ပေးထားတယ်။ ဒါကို အမေရိကန်နိုင်ငံမှာ 401K လို့ ခေါ်ကြတယ်။ သဘောက နိုင်ငံအုပ်ချုပ်တဲ့ အစိုးရတွေက မိမိနိုင်ငံသားတွေကို မိမိရင်နှစ်သည်းချာပမာ စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အရေးသုံးပါးကို တာဝန်ယူပေးကြရမှာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာ ဒီမိုကရေစီ ပီပီပြင်ပြင် ဖြစ်လာရင် အခုလို လုပ်ဆောင်ပေးမှုတွေ ဖြစ်ထွန်းလာမှာဖြစ်တယ်။ အဓိကကတော့ အုပ်ချုပ်သူ လူတန်းစားရဲ့ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအပေါ်မှာ ထားရှိတဲ့ မှန်ကန်ဖြူစင်တဲ့ စိတ်ဓာတ်စွမ်းအားပဲ ဖြစ်ပါတယ်။အစိုးရဖြစ်လာ၊ အာဏာရလာရင် အဲဒီ အာဏာကို အလွဲသုံးစားလုပ်ပြီး မိမိကိုယ်ကျိုးရှာဖို့ စိတ်ကူးတာက မှန်ကန်တဲ့ လုပ်ဆောင်ချက် မဟုတ်ပါ။ ဒါကို နှစ်ပေါင်း ၅၀ ကျော် ခံစားလာကြရတဲ့ ပြည်သူတွေက အခု အဖြေထုတ်ပေးလိုက်ပြီဖြစ်တယ်။ ခေါင်းဆောင်လုပ်မယ့်သူ ကိုယ်တိုင်က ပြည်သူက မကြိုက်ရင် အချိန်မရွေး နုတ်ထွက်ပေးမယ် ဆိုတာက ခေါင်းဆောင်ကောင်းတွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ် ဖြစ်တယ်။ ဒီမိုကရေစီ စနစ်မှာ အာဏာရဲ့ အစစ်အမှန် ပိုင်ရှင်က နိုင်ငံသား ပြည်သူတွေဖြစ်တယ်။ နိုင်ငံသားတွေက မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအကျိုး သယ်ပိုးဆောင်ရွက်မယ့် သူကို ခေါင်းဆောင်အဖြစ် တင်လိုကြတာက ဒီမိုကရေစီစိတ်ဓာတ်ဖြစ်တယ်။ဒီမိုကရေစီ စနစ်နဲ့သာ နိုင်ငံကို မှန်မှန်ကန်ကန် ရုပ်လုံးဖော်ပေးနိုင်မယ်ဆိုရင် အတိတ်ကာလမှာ နိုင်ငံသား အများစု လိုက်လို့ မမီနိုင်တဲ့ ပြေးနေတဲ့ ငွေတွေကို အမိဖမ်းနိုင်စေမှာဖြစ်တယ်။ အတိတ်ကာလမှာ အသိအမြင် လွဲမှားစွာနဲ့ ရယူပိုင်ဆိုင်ထားသူတွေက သတ္တိရှိရှိနဲ့ ဝန်ခံထုတ်ဖော်လိုက်ရင် သေရင် မိမိနဲ့ တစ်ပါတည်း ယူသွားလို့ မရမယ့်အတူ မိမိနိုင်ငံ မိမိလူမျိုး အကျိုးအတွက် သိက္ခာရှိရှိ ပြန်လည်လွှဲပြောင်းပေးခဲ့ရင် မိမိအတွက်လည်း အသေဖြောင့်စေမှာဖြစ်တယ်။ အာဏာရှင် နိုင်ငံတွေကလည်း မိမိနိုင်ငံက အာဏာနဲ့ မတရား ရယူထားမှုတွေအတွက် ရှေ့ပြေး သင်ခန်းစာတွေ ပေးခဲ့ကြပါပြီ။ဒီလိုမှ မဟုတ်ရင် စီမံခန့်ခွဲမှု သဘောတရားရဲ့ portfolio Management ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်တတ်ရင် ပြေးနေတဲ့ ငွေတွေကို မိမိနိုင်ငံ မိမိနိုင်ငံသားတွေအတွက် အကျိုးရှိအောင် အမိဖမ်းနိုင်စေမှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။အညွှန်း - Scott D.Stewart, Ph.D, CFA Christopher D.piros, Ph.D, CFA တို့ ရေးသားသည့် Running Money (Professional Portfolio Management)

Most Read

Most Recent