MAI လေကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက် တိုက်ရိုက်ခရီးစဉ်အား တစ်နေ့နှစ်ကြိမ် ပုံမှန်ပျံသန်းလျက်ရှိပြီး လက်ရှိအချိန်တွင် ခရီးစဉ် ခေါက်ရေ လျှော့ချရန်နှင့် ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်း MAI လေကြောင်းလိုင်းမှ Ass, General Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် နှစ်ကုန် အထူးပရိုမိုးရှင်းနှင့် ခရစ္စမတ်နေ့များအတွက် လေယာဉ်လက်မှတ်များကို ဈေးနှုန်းသက်သာစွာဖြင့် တစ်လ သို့မဟုတ် နှစ်ပတ် ကြိုတင် ရောင်းချထားမှုကြောင့် ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို ပုံမှန်ပျံသန်း ပြေးဆွဲလျက်ရှိပြီး ခရီးသည် ရရှိမှုမှာလည်း လျော့နည်းမှု မရှိကြောင်း သိရသည်။
“လေယာဉ်လက်မှတ်တွေက ကြိုတင်ရောင်းထားတာဖြစ်လို့ ခရီးစဉ်တွေက ဖျက်သိမ်းလို့ မရပါဘူး။ တစ်နေ့နှစ်ကြိမ် ပုံမှန်ပဲ ပျံသန်းနေပါတယ်။ လိပ်ကျွန်းလူသတ်မှု ဖြစ်စဉ်ကြောင့် ခရီးစဉ်ပျံသန်းမှု ရပ်နားမယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ MAI လေကြောင်းလိုင်းအနေနဲ့ ခုချိန်မှာ ပျံသန်းနေတဲ့ ခရီးစဉ် ကို လျှော့ချဖို့ရော၊ ခရီးစဉ် ဖျက်သိမ်းဖို့ရော အစီအစဉ် လုံးဝကို မရှိပါဘူး”ဟု MAI လေကြောင်းလိုင်းမှ Ass, General Manager မအေးမရသာက ပြောကြားသည်။
မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက်က ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားသူကြီးက လူသတ်မှု၊ မုဒိမ်းမှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု၊ တရားမဝင် နေထိုင်မှု အပါအဝင် အမှုခုနစ်မှုဖြင့် သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့မှုအပေါ် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နှင့် ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးရှေ့ အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ မြို့ကြီးများတွင် ဆန္ဒထုတ် ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဂျပန်နှင့် မလေးရှား နိုင်ငံတို့တွင်လည်း ဆန္ဒထုတ်ဖော် မှုများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးအနီး ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသောကြောင့် ထိုင်းသံရုံးက Consular Section အား ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်သည့် ခရီးသွား လျော့ကျမှုမရှိဘဲ ပုံမှန်အတိုင်း လေကြောင်းခရီးစဉ်များ ပျံသန်းနေရကြောင်း သတင်းရရှိသည်။
MAI လေကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက် တိုက်ရိုက် ခရီးစဉ်အား တစ်နေ့နှစ်ကြိမ် ပုံမှန်ပျံသန်းလျက်ရှိပြီး ခရီးစဉ်ခေါက်ရေ လျှော့ချရန်နှင့် ဖျက်သိမ်းရန် အစီအစဉ်မရှိဟုဆို















