ရင်နာ ကာတွန်းပြပွဲ

ရင်နာ ကာတွန်းပြပွဲ
Published 29 December 2015
ငယ်ဦး (ကာတွန်း)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က IRAN CARTOON WEBSITE ကို ဖွင့်ကြည့်မိသည်။ International AYLAN Cartoon & illustration Exhibition မှ ကာတွန်းနှင့် သရုပ်ဖော်ပုံတွေ ပေါ်လာသည်။ အို... တကယ့်ရင်နင့်စရာ ဝေဒနာ ကာတွန်းတွေ ပါလား။ ကြည့်နေရင်း ရင့်စို့ကာ စိတ်မကောင်း များစွာဖြစ်ရသည်။ တစ်ကမ္ဘာလုံး ကျော်မကောင်း ကြားမကောင်း ရင်ကွဲဝေဒနာ ပေးသွားသည့် သတင်းဓာတ်ပုံ ကာတွန်းပြပွဲပဲ ဖြစ်ပါသည်။၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်က ရွှေ့ပြောင်းအခြေချသူများ တင်ဆောင်လာသည့် သင်္ဘောတစ်စင်း နစ်မြုပ်ပြီးနောက် တူရကီ၏ အဓိက အပန်းဖြေ 'ဘိုဒရမ်' အနီး သောင်ပြင်တွင် ကလေးငယ် တစ်ဦးအလောင်း သောင်တင်နေရှာသည်။ ထိုကလေးငယ်၏ သတင်းဓာတ်ပုံသည် ကမ္ဘာ့ထိပ်တန်း အကြောင်းအရာ ဖြစ်သွားသည်။ နာမည်ကြီး သတင်းစာများ၏ မျက်နှာဖုံးတို့တွင် မျက်နှာပြည့် နေရာယူသွားသည်။ 'လူသား ဘေးဒုက္ခ တစ်ရပ်၏ ဓားစာခံ ကလေးငယ်' 'သည်းခံနိုင်ဖွယ် မရှိ' 'ဥရောပ ရေနစ်ခြင်း' 'ကမ္ဘာကို တိတ်ဆိတ်သွားစေသော ဓာတ်ပုံတစ်ပုံ' ဟု ခေါင်းစဉ်များဖြင့် သတင်းဖော်ပြကြ။ ဝေဖန်ကြနှင့် ပွက်လောရိုက်သွားသည်။စစ်ဖြစ်ပွားနေသည့် ဆီးရီးယားမှ မိဘတွေနှင့်အတူ အသက်စွန့်ပြေးလာပြီး ဥရောပကို မရောက်ဘဲ တူရကီ ကမ်းခြေတွင် မှောက်လျက် အနေအထားနှင့် အသက်ဆုံးရှာသည့် ကလေးငယ်၏ အမည်မှာ 'Aylan' ဖြစ်ပါသည်။ ရှပ်လက်တို အနီရောင်၊ ဘောင်းဘီတို အပြာရောင်၊ ကင်းဘတ် ဖိနပ်ဝတ်လျက် အသားဖြူဖြူ  ၀၀ကစ်ကစ် ချစ်စရာ့လူမမယ် ကလေးငယ်၏ ကာတွန်းပုံများဖြင့် ကာတွန်းဆရာများ၏ ရင်တွင်း ခံစားချက်များ လှစ်ပြသွားကြသည့် ပုံပေါင်း အားလုံး ၁၅၇ ပုံ ပါဝင်သည်။ ထိုအထဲမှ ဝေဒနာတချို့ကို မျှဝေလိုက်ပါသည်။ကမ်းစပ်တွင် မှောက်လျက် သေဆုံးနေသော 'Aylan' ရဲ့နံဘေးမှာ ကမ္ဘာကြီးက ထိုင်ငိုကြွေးနေရှာသည်။ ကမ္ဘာကြီးလည်း မျက်ရည်မထိန်းနိုင်၊ မဆယ်နိုင်တော့ပါလား။ နောက် မျက်နက်အိမ်က ကမ္ဘာကြီး ပုံသဏ္ဌာန် သရုပ်ဖော်ထားသည်။ ထိုမျက်လုံးက မျက်ရည်တစ်စက် ကျနေသည်။ မျက်ရည်ထဲတွင် Aylan လေး မှောက်ရက်သား လဲနေပုံဖြစ်သည်။နောက်ကာတွန်း တစ်ပုံက ကမ်းစပ်တွင် အသက်ဆုံးနေသည့် ကလေးနံဘေး၌ တစ်ကိုယ်လုံး အင်္ကျီရှည် အမည်းဝတ်ရုံကြီး ဝတ်ထားပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားသည့် 'IS' တစ်ယောက် ရပ်နေသည်။ ဘယ်ဘက်လက်မှာ ဓားကိုင်ထားပြီး ညာဘက်လက်က ကလေးအလောင်းကို လက်ညှိုးထိုးနေပုံ ဖြစ်သည်။ ကလေးကို သတ်တဲ့ အဓိက တရားခံကတော့ အစွန်းရောက် အကြမ်းဖက်ဝါဒ စစ်သွေးကြွတွေပဲ ဖြစ်ပါသည်။ကမ်းစပ်တွင် မှောက်လျက် အနေအထားနှင့် သေဆုံးနေသူက Aylan မဟုတ်ဘဲ ငြိမ်းချမ်းရေး ချိုးငှက်က ကလေးအတိုင်း မှောက်ရက် အနေအထားနှင့် သေဆုံးနေပုံ ဖြစ်သည်။ သံလွင်ခက်ကလေးက ချိုးငှက်နံဘေးမှာ ကျနေရှာသည်။ ငြိမ်းချမ်းရေးလည်း ဒီကာတွန်းပုံထဲက အတိုင်း ဇီဝိန် ချုပ်ငြိမ်းသွားပြီလား။ နောက်အလားတူပုံက တရားစောင့် နတ်သမီးလည်း ကမ်းစပ်တွင် Aylan အတိုင်း မှောက်ရက်။ တရားဥပေဒချိန်ခွင် 'သေးသေးလေး' က နံဘေးမှာ ကျနေရှာသည်။ သူ့နောက်မှာ Aylan မှောက်နေသည့်ပုံ။ တရားဥပဒေတွေ ချုပ်ငြိမ်း ဆိတ်သုဉ်းကုန်ပြီလား။နောက်တစ်ပုံက ထူးထူးခြားခြားပါပဲ။ ဖိနပ်တွေချည်းပဲ သရုပ်ဖော်ထားသည်။ ပင်လယ်ကမ်းစပ်က Aylan ရဲ့ဖိနပ်တစ်ရံကို ကုန်းပေါ်က စစ်ဖိနပ်တွေ အများကြီးက ကြည့်နေပုံဖြစ်သည်။ စဉ်းစားစရာတွေ အများကြီး ပေးတဲ့ပုံပဲ ဖြစ်ပါသည်။လက်ကြီးတစ်ဖက်က ပင်လယ်ကမ်းစပ်မှာ မှောက်နေတဲ့ Aylan လေးကို တားနေတဲ့ပုံ။ တားနေသည့် လက်မှာ လက်စွပ်နှင့် ရွှေကြိုးကြီးနဲ့။ ဥရောပကို မလာကြဖို့ တားနေပုံ ဖြစ်ပါသည်။ အလားတူပုံကတော့ လက်တစ်ဖက်က ဆီးရီးယား ဒုက္ခသည် မိသားစုကို တားဆီးနေပြီး ကျန်တစ်ဖက်က အကြမ်းဖက်သမားများကို ဆီးရီးယားသို့ ပို့နေပုံဖြစ်သည်။ မီးခြစ်တစ်ဖက် မီးတုတ်တစ်ဖက်ပါလား။နှစ်ကွက်ဖော်ပြထားသည့် ကာတွန်းပုံကိုလည်း တွေ့ရသည်။ တစ်ကွက်က ကမ်းစပ်မှာ Aylan မှောက်နေပုံ။ နောက်တစ်ကွက်က ပင်လယ်ကမ်းစပ်ချည်းပဲ ပြထားသည်။ Aylan မရှိတော့။ ကလေးတွေ ဘဝတွေလည်း ပျောက်နေတာလား။ ပုံမှန် ပြန်ဖြစ်သွားတာလား။ တွေးစရာတွေ ပေးသွားသည်။ကလေးသူငယ်နှင့်ဆိုင်သော UNICEF logo ဒီဇိုင်းတွင် ကလေးငယ် နေရာတွင် အင်္ကျီအနီရောင်နှင့် Aylan ပုံကလေး သရုပ်ဖော်ထားလေရဲ့။နောက်ကာတွန်းက ကမ္ဘာ့ကုလသမဂ္ဂကြီး ဘာလုပ်နေသလဲ ဖော်ကျူးထားသည်။ Aylan သေဆုံးနေသည့် ပင်လယ်ကမ်းစပ် မလှမ်းမကမ်းတွင် နေပူစာလှုံကာ ပက်လက် အနေအထားနှင့် အပန်းဖြေနေသော ပုဂ္ဂိုလ်တစ်ဦးပုံ ပြထားသည်။ မျက်နှာတွင် ဦးထုပ်ဖုံးထားသည်။ ဦးထုပ်တွင် စာသားက 'UN...' တဲ့။ နောက် UN နဲ့ ပတ်သက်တာက 'ပက်ကျိ' နှုန်းထားအတိုင်း UN လှုပ်ရှားနေပုံပဲ ဖြစ်သည်။အမေရိကန် သမ္မတကြီး "အိုဘားမား" က မိန့်ခွန်းပြောနေသည့် စင်မြင့်ပေါ်တွင် မျက်နှာကို လက်ကိုင်ပုဝါနဲ့ အုပ်ထားပြီး Aylan အကြောင်း ပြောနေပုံ ဖြစ်သည်။ "စိတ်မကောင်းဖြစ်ရပါတယ်" "ထပ်တူ ဝမ်းနည်းပါတယ်" စကားတွေနဲ့ ပြီးသွားကြမှာလားဗျာ။    နောက်ကြည့်ရတာက Aylan ရဲ့ စိတ်ကူးအိပ်မက် ဖြစ်သည်။ အဖေနဲ့ အမေကြားထဲမှာ Aylan နှင့် သူ့အစ်ကို...မိသားစု (၄) ဦး လက်တွဲလို့ ကမ်းစပ်မှာ အပန်းဖြေ လမ်းလျှောက်နေကြပုံ ဖြစ်သည်။ အဖေနဲ့ အမေ လက်ထဲမှာ ပန်းကလေးတွေ ကိုင်လို့...တိမ်တိုက်တွေပေါ်က ရွယ်တူကလေးတွေ Aylan ကို လှမ်းပြောနေသည့် ကာတွန်းလည်း တွေ့ရသည်။ "Aylan ရေ.. တို့က စစ်ရဲ့သားကောင်တွေပဲ...ငါတို့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူး..." တဲ့။ နောက်ထပ် တိမ်တိုက်တွေပေါ်က ကလေးတွေ ပြောနေပုံဖြစ်သည်။ "Now...we must do something to stop the war" တဲ့။ ကလေးတွေ အများကြီးကြားတွင် အင်္ကျီ အနီရောင်လေးနဲ့ Aylan ရှိနေရှာသည်။နောက်ဆုံး တင်ပြချင်သည့်ပုံက...ကလေးတွေနဲ့ ပတ်သက်သည့် ပုံပါပဲ။ စစ်ရှောင်ရန် အမေက သူ့သမီးလေးကို လူတွေပြည့်ကျပ်နေသည့် သင်္ဘောပေါ် လှမ်းတင်နေတုန်း ကလေးက "ကလေးတွေလည်း Aylan လို ပင်လယ်ထဲ နစ်မြုပ်သွားမလား...ဟင်" လို့ ပြောနေခြင်း ဖြစ်ပါသည်။တစ်ဆက်တည်း မြန်မာပြည် စစ်ဘေးသင့်ဒေသက ကလေးတွေကို မြင်ယောင်မိသည်။ စစ်ဘေးဒုက္ခတွေကို အရွယ်နှင့်မမျှ အသက်ဘေးကလွတ်အောင် ပြေးနေလွှားနေ ပုန်းအောင်းနေကြရရှာသည်။ ပညာရေး... ကျန်းမာရေး... စားဝတ်နေရေးတွေ ဘယ်မှာလဲ...။ စစ်ဘေးသင့်နေသည့် ကလေးတွေရဲ့ အနာဂတ်တွေ...အိပ်မက်တွေ ဘယ်ရောက်နေသလဲ။ အဖြေရှာမရကြဘူးလား။ ကလေးတွေက စစ်ရဲ့သားကောင်လား။ အနာဂတ် သားကောင်လား။Aylan ဝေဒနာ ကာတွန်းပြပွဲမျိုး...ဘယ်တော့မှ မကျင်းပကြပါစေနှင့်... မမြင်ရ... မပြောရ... မကြားရပါစေနဲ့လို့ ရင်နာစွာဖြင့် ဆုတောင်းရင်း...။

Most Read

Most Recent