စမ်းချောင်းမြို့နယ် အလက (၄) ကျောင်း အနောက်ဘက် အမှိုက်ပုံအနီး ဒဏ်ရာများ ရရှိလျက် ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ

စမ်းချောင်းမြို့နယ် အလက (၄) ကျောင်း အနောက်ဘက် အမှိုက်ပုံအနီး ဒဏ်ရာများ ရရှိလျက် ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ
Published 28 December 2015
ကြည်နိုင်

စမ်းချောင်းမြို့နယ်၊ မြေနီကုန်း တောင်ရပ်ကွက်၊ ဦးဝိစာရ လမ်းနံဘေး၊ အလက (၄) စာသင်ကျောင်းဝင်း အနောက်ဘက်၊ ခြံစည်းရိုး ဝင်းအတွင်းရှိ အမှိုက်ပုံ အနီးတွင် ဒဏ်ရာများ ရရှိလျက် ပုပ်ပွသေဆုံးနေသော အမျိုးသား အလောင်းတစ်လောင်းအား ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့ကြောင်း စမ်းချောင်း မြို့မရဲစခန်းမှ သိရသည်။အဆိုပါ အမျိုးသား အလောင်းအား အပုပ်နံ့ ထွက်လာမှ သိရှိရခြင်းဖြစ်ပြီး ခန္ဓာကိုယ် ပုပ်ပွလျက်၊ ယာဘက်လက်ဖဝါး ပေါက်ပြဲ၊ ဝဲယာတံတောင် ပေါက်ပြဲ၊ ဝဲယာလက်ချောင်းများ ပွန်းခြစ်၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။“အဲဒီနားက လူသွား၊ လူလာ ပြတ်တယ်။ ကလေးတွေက အဲဒီနားမှာ သွားဆော့ရင်း အပုပ်နံ့ ရတာကနေတစ်ဆင့် လူသေနေတာ သိရတယ်။ နဂိုခန္ဓာကိုယ်ထက် နှစ်ဆ၊ သုံးဆ ဖြစ်ပြီး ပုပ်ပွနေတယ်။ ဆရာဝန်တွေတောင် မနည်းကိုင်ရတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာ ပြောဖို့ခက်ပါသေးတယ်” ဟု စမ်းချောင်း မြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဝင်းက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။သေဆုံးသူ အမျိုးသား၏ မျက်နှာ ပျက်ယွင်းနေသည်အထိ ပုပ်ပွလျက်ရှိပြီး အသက် (၃၅) နှစ်ခန့်ရှိကြောင်း၊ အရပ်အမြင့် ၅ ပေ ၄ လက်မခန့်ရှိကာ အလောင်းတွင် ရှပ်အင်္ကျီ လက်တို အဖြူစင်း၊ ပုဆိုးခရမ်းရောင်အကွက် ဝတ်ဆင်လျက် တွေ့ရကြောင်း၊ ထို့ပြင် ဝဲဘက် လက်သူကြွယ်တွင် အစိမ်းရောင်ကျောက်ပါ ငွေလက်စွပ် (၁) ကွင်းအား ဝတ်ဆင်ထားကြောင်းနှင့် ၎င်း၏ ဝဲဘက်လက်ခုံတွင် ကြယ်ပုံ ဆေးမင်ထိုးထားကြောင်း သိရသည်။အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ စမ်းချောင်း မြို့မရဲစခန်းက (ပ) ၄၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်၍  ပြစ်မှုကျူးလွန်သူအား စုံစမ်းရှာဖွေနေကြောင်း သိရသည်။သေဆုံးသူ အမျိုးသားနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်ကြောင်း သိရှိနိုင်ရေးအတွက် စုံစမ်းမှုများ ပြုလုပ်နေပြီး မိဘပြည်သူများမှလည်း သေဆုံးသူအား သိရှိပြီး တစ်စုံတစ်ရာ သတင်းရရှိပါက ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး-ဖုန်း ၀၁ ၂၃၀၀၇၄၇ ၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး-ဖုန်း ၀၁၃၇၆၁၆၆၊  စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဖုန်း ၀၁ ၅၃ ၅၉၀၅၊ စမ်းချောင်း မြို့မရဲစခန်း-ဖုန်း၀၁၅၃ ၅၁၈၄ တို့ထံ ဆက်သွယ်ကူညီ အကြောင်းကြား ပေးနိုင်ကြောင်း သိရသည်။