လွှတ်တော်ကိုယ်စားလှယ်များအား ပင်စင်များပေးရန် တောင်းဆိုနေသော်လည်း တိုင်းအဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှာ မည်သည့် ထောက်ပံ့ကြေးမှ မရရှိသည့်အပေါ် ကော်မရှင်အဖွဲ့ဝင်အချို့ ဝေဖန်

လွှတ်တော်ကိုယ်စားလှယ်များအား ပင်စင်များပေးရန် တောင်းဆိုနေသော်လည်း တိုင်းအဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှာ မည်သည့် ထောက်ပံ့ကြေးမှ မရရှိသည့်အပေါ် ကော်မရှင်အဖွဲ့ဝင်အချို့ ဝေဖန်
Published 28 December 2015
မင်းသူဝင်းထွဋ်

လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေး ပင်စင်များပေးရန် တောင်းဆိုနေသော်လည်း တိုင်းအဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များမှာ မည်သည့်ထောက်ပံ့ကြေးမှ ယနေ့အချိန်ထိ မရရှိခဲ့သည်အပေါ် ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကော်မရှင်အဖွဲ့ဝင်အချို့က ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။
အများကြည်ညို လေးစားခံရသည့် ပုဂ္ဂိုလ်များအဖြစ် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် ပါဝင်ရသည့် အဖွဲ့ဝင်များမှာ ယနေ့အချိန်ထိ ထောက်ပံ့ကြေး တစ်စုံတစ်ရာရရှိခြင်း၊ ကော်မရှင်လုပ်ငန်းများတွင် အသုံးပြုရန် ငွေကြေးများ ချထားပေးခြင်း မရှိသောကြောင့် ကော်မရှင်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ခက်ခဲမှုများရှိခဲ့ကြောင်း၊ နေ့စဉ်နီးပါး ရုံးတက်နေရသော်လည်း ထောက်ပံ့ကြေးများကို လက်ခံရရှိခြင်းမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်များထံမှ သိရသည်။
"အခု လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်အဖြစ် သိန်းငါးဆယ်ပေးမယ်လို့ ပြောတယ်၊ ကျွန်တော်တို့လိုချင်လို့ ပြောတာမဟုတ်ဘူး ကျွန်တော်ကော်မရှင်မှာ လုပ်ပေးခဲ့တာဆို အခုဆိုငါးနှစ်ခွဲကျော်ပြီ ဘာထောက်ပံ့ကြေးမှ ရယူခဲ့ခြင်းမရှိသေးဘူး၊ သမ္မတကြီးကလည်း ဇူလိုင်လလောက်က ထင်တယ် ကော်မရှင်အဖွဲ့ဝင်တွေကို ထောက်ပံ့ကြေးပေးဖို့ဆိုပြီး တင်ပြခဲ့တာရှိတယ်။ ပေးမယ်လို့သာ ဆိုခဲ့တာ အခုထိမရဘူး၊ နေ့တိုင်းနီးပါး ကျွန်တော်တို့မှာ ရုံးတက်ရတယ် ပြဿနာတွေကို ရှင်းရတယ်၊ ဒါကိုအားလုံးကို သိစေချင်တယ်"ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်ဖြစ်သူ ဦးမောင်မောင်(၂)က ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်မှ လုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်း ရန်ပုံငွေများ မရရှိခဲ့ကြောင်း သိရသည်။
"မီဒီယာတွေဖော်ပြတာ လွဲနေတာတစ်ခု ရှိတယ်ဗျာ၊ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို အလှူငွေတွေ ဒီလောက်ရထားပြီး မဲစာရင်းပြုစုတာမှာ မသေချာဘူးဆိုပြီးတော့၊ တကယ်တော့ မဲစာရင်းပြုစုတာမှာ ကျွန်တော်တို့မှာ အခက်အခဲတွေ အများကြီးပဲ ကွန်ပျူတာစာရင်းသွင်းဖို့ကို ကျွန်တော်တို့မှာ သုံးတတ်တဲ့သူ မရှိဘူး၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ထွေအုပ်က စာရေးတွေကို အကူအညီတောင်းရတယ် သူတို့ကိုလည်း စာရင်းသွင်းပေးဖို့ဆိုပြီးတော့ ဘာမှ အခကြေးငွေ မပေးနိုင်ဘူး၊ ကျွန်တော်က ဖြစ်စေချင်တာ မဲစာရင်းပြုစုတာမှာလည်း ထိုက်သင့်တဲ့ အခကြေးငွေတွေပေးဖို့ကို ဒါလည်းဖြစ်မလာဘူး၊ တစ်ခါပဲ ငွေကြေးအသုံးပြုခဲ့ရတယ်။ အက္ခရာစဉ်နဲ့ မဲစာရင်းတွေကိုထုတ်တော့ လူတွေကမကြည့်တတ်လို့ တစ်နေ့ကိုသုံးထောင်နဲ့ လူသုံးယောက် အလှည့်ကျစောင့်ပြီးတော့ မဲစာရင်းရှာပေးရတာ၊ ကျွန်တော်ဆို မနက်ကို အိမ်ကနေ ထမင်းစားပြီးတော့ ရုံးလာ၊ ရုံးမှာ တစ်နေကုန်နေပြီးတော့ အလုပ်လုပ်တယ်၊ သမ္မတကြီးက ကော်မရှင်အဖွဲ့ဝင်တွေကို ထောက်ပံ့ကြေးပေးဖို့ ပြောတာပဲရှိတယ် မရပါဘူး၊ ဒါပေမဲ့ ဒါအတည်ဖြစ်သွားရင် နောက်လူတွေ ကောင်းတာပေါ့ဗျာ၊ ကျွန်တော် လုပ်ပေးခဲ့တာ ငါးနှစ်ကျော်ပါပြီ အခုထိ ထောက်ပံ့ကြေးမရပါဘူး"ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် သက်ဆိုင်ရာသင်တန်းများ အစည်းအဝေးများ သွားရောက်ရာတွင်လည်း ခရီးစရိတ်၊ တည်းခိုစရိတ်နှင့် စားသောက်စရိတ်များကို အဖွဲ့အစည်းတစ်ခုမှ လိုက်လံထုတ်ရှင်း ပေးသည်မှာလွဲ၍ မည်သည့်စရိတ် ထောက်ပံ့မှုကိုမှ မရှိခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင်များ ထံမှ သိရသည်။               

Most Read

Most Recent