UEC က ချပေးသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော်မှ ပိုငွေများကို ယခုဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ရန်နှင့် စာရင်းမတိကျမှုများကို ပြင်ဆင်ထားရန် ညွှန်ကြား

UEC က ချပေးသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော်မှ ပိုငွေများကို ယခုဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ရန်နှင့် စာရင်းမတိကျမှုများကို ပြင်ဆင်ထားရန် ညွှန်ကြား
Published 28 December 2015
အောင်ကျော်မျိုး (ဟင်္သာတ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ချထားပေးသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော်မှ ပိုငွေများကို ယခုဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ရန်နှင့် စာရင်းမတိကျမှုများကို ပြင်ဆင်ထားရန် မြို့နယ်ကော်မရှင်များအား ဟင်္သာတခရိုင် ကော်မရှင်မှ ညွှန်ကြားထားကြောင်း သိရသည်။
ရပ်ကျေးကော်မရှင်များနှင့် မဲရုံမှူးများအတွက် အသုံးစရိတ်၊ ပညာပေးသင်တန်းများအတွက် သင်တန်းစရိတ်နှင့် မဲရုံများတွင် UEC မှ မပေးနိုင်သည့် ပစ္စည်းများ ဝယ်ရန်အတွက် ရွေးကောက်ပွဲကာလ အသုံးစရိတ်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ အကြမ်းဖျင်း တွက်ချက် တောင်းခံသုံးစွဲခဲ့ ကြခြင်းဖြစ်ပြီး ရွေးကောက်ပွဲအပြီး၌ ကော်မရှင် တာဝန်ရှိသူတို့မှ စိစစ်ခဲ့ပြီးနောက် ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
"မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်၊ မဲရုံအရေအတွက်၊ ကော်မရှင်အဖွဲ့ဝင်၊ သင်တန်းအရေအတွက် အဲဒီအပေါ်မှာ အကြမ်းဖျင်းတွက်ချက်ပြီး မြို့နယ်ကော်မရှင်တွေက ရွေးကောက်ပွဲကာလ အသုံးစရိတ်ကို ခန့်မှန်းတွက်ချက် တင်ပြတောင်းခံခဲ့ကြတယ်။ တင်ပြတဲ့အတိုင်းပဲ UEC က ချထားပေးပါတယ်။ ပုံမှန်ငွေစာရင်း ဘတ်ဂျက်မှာမပါဘဲ သီးခြား ခွင့်ပြုပေးတာပါ။ မဲရုံများတဲ့ ဟင်္သာတမြို့နယ်တွေက စရိတ်ပိုကုန်တယ်။ ဒုတိယအများဆုံးက မြန်အောင်၊ အနည်းဆုံးကတော့ ကြံခင်းမြို့နယ်ပါ" ဟု ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။
ဟင်္သာတခရိုင်တွင်းရှိ မြို့နယ် ခြောက်ခုအတွက် UEC မှ ရွေးကောက်ပွဲကာလ အသုံးစရိတ် ကျပ်သိန်းပေါင်း ၆၂၄၀ ကျော် ချထားပေးခဲ့ခြင်းဖြစ်ပြီး ဇလွန်နှင့် ကြံခင်းမြို့နယ်တို့ ၌ အသုံးစရိတ်ပိုငွေ မရှိသော်လည်း ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူနှင့် မြန်အောင်မြို့နယ်တို့တွင်မူ စုစုပေါင်းပိုငွေ ၂၈၈ သိန်းကျော် ှိ ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ စာရင်းများအရ သိရသည်။
"UEC က ချထားပေးတဲ့ ခေါင်းစဉ်အတိုင်း ဟုတ်၊ မဟုတ်၊ သုံးစွဲတဲ့နေရာမှာ အပိုအလိုရှိ၊ မရှိ၊ သုံးစွဲမှုကို စာရင်းစစ် စစ်ဆေးခံနိုင်တဲ့ အခြေအနေရှိ၊ မရှိကို ကျွန်တော်နဲ့ တိုင်းကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က မြို့နယ်တွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ စနစ်တကျ ရှိတာတွေလည်း တွေ့တယ်။ စနစ်မကျတာ တွေလည်းတွေ့တယ်။ ဥပမာတစ်ချို့က လုံးပေါင်းပြေစာတော့ ပြနိုင်တယ်။ လုပ်ငန်းအသေးစိတ် ပြေစာ မပြနိုင်တာမျိုးပေါ့။ အဲလို စနစ်မကျတာတွေကို ပြင်ဆင်ဆောင်ရွက်ထားဖို့ နှုတ်နဲ့ရော ခရိုင်ကော်မရှင်က စာထုတ်ပြီးတော့ရော ညွှန်ကြားထားပါတယ်။ပိုတဲ့ငွေကို ဒီဘတ်ဂျက်နှစ်အတွင်း ပြန်အပ်ဖို့လည်း ပြောထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
UEC မှ ခွင့်ပြုပေးထားသည့် ရွေးကောက်ပွဲကာလ အသုံးစရိတ်မှ ပိုငွေမရှိသည့် နှစ်မြို့နယ်အနက် ဇလွန်မြို့နယ်ကို ကျပ်သိန်းပေါင်း ၈၇၂ သိန်းကျော် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့နယ်ကိုမူ ၅၁၆ သိန်းကျော် ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌မူ ကျပ်သိန်းပေါင်း ၁၇၅၁ သိန်းကျော် ချထားပေးခဲ့သည့်အနက် ၁၁၄ သိန်းကျော်ပိုပြီး လေးမျက်နှာမြို့နယ်၌ ကျပ်သိန်းပေါင်း ၈၄၁ သိန်းကျော် ချထားပေးခဲ့သည့်အနက် ၁၉ သိန်းပိုကြောင်း၊ အင်္ဂပူမြို့နယ်၌မူ ကျပ်သိန်းပေါင်း ၁၀၈၄ သိန်းကျော် ချထားပေးထားသည့်အနက် ၁၃၃ သိန်းကျော် ပိုပြီးမြန်အောင် မြို့နယ်၌မူ ကျပ်သိန်းပေါင်း ၁၁၈၀ သိန်းကျော် ချထားပေးခဲ့သည့်အနက် ၂၂ သိန်းကျော် ပိုကြောင်း သတင်းများအရ သိရသည်။

Most Read

Most Recent