မပြီးဆုံးသေးတဲ့ လက်ပံတောင်းတောင်အရေး အစိုးရသစ် ဘယ်လို ဖြေရှင်းမလဲ

မပြီးဆုံးသေးတဲ့ လက်ပံတောင်းတောင်အရေး အစိုးရသစ် ဘယ်လို ဖြေရှင်းမလဲ
Published 28 December 2015
မင်းချစ်နိုင်

ဒေါ်ခင်ဝင်း သေနတ်ကျည်ဆန် ထိမှန်သေဆုံးခြင်း တစ်နှစ်ပြည့် အခမ်းအနားကို မိုးကြိုးပြင် အလယ်ရွာတွင် ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-စိုးမိုးထွန်း)
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဟာ စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် ခရိုင် ဆားလင်းကြီး မြို့နယ်မှာ တည်ရှိပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တောင် ၃၃ လုံး ပါဝင် ပါတယ်။ အဲဒီ တောင် ၃၃ လုံးကတော့ နတ်တောင်၊ ကျောက်တွင်းတောင်၊ ကန့်လန်တောင်၊ ကျောက်တလုံးတောင်၊ ကျောက်ကြီး၊ လိမ်ကြားတောင်၊ ဂွေး ပင်ကြားတောင်၊ ဝါးရုံတောင်၊ တောင်ပြောင်ကြီးတောင်၊ ဘုရား တောင်၊ ရွှေစာလီကြားတောင်၊ ဂျောကြတောင်၊ ကမိန်းတောင်၊ ကျောက်ကြီးတောင်၊ စွန်တောင်၊ ကျားလန်တောင်၊ မှန်ပြတောင်၊ တောင်မကျီး တောင်၊ တောင်လက်မောင်းတောင်၊ မြောက်လက်မောင်းတောင်၊ ရေစိမ် မန်ကျီးပင်ကြား တောင်၊ တောင်နီလေးတောင်၊ တောင်နီကြီးတောင်၊ မြေနီကုန်းတောင်၊ ဂွေးပင်ချောင် တောင်၊ မွန်းတည့်တောင်၊ ဘောင်မှည့်ပင်စခန်း တောင်၊ ခြင်္သေ့လက်ပင်တောင် နဲ့ အခြား တောင်သုံးလုံး တို့ဖြစ်ပါတယ်။ ကြေးနီစီမံကိန်း အတွက် အဲဒီတောင် ၃၃ လုံးစလုံးဟာ လက်ပံတောင်း ဒေသမှာ ပျောက် ကွယ် သွားရတော့မှာပါ။ ဒါကြောင့် ဒေသခံတွေက ကာကွယ် တားဆီးဖို့ နည်းလမ်းမျိုးစုံနဲ့ တားဆီးခဲ့ကြတာပေါ့။
လက်ပံတောင်း တောင်မကြီးဟာ ခန့်မှန်းခြေ တောင်မြောက် ရှစ်မိုင်ခန့်၊ အရှေ့အနောက် ငါးမိုင်ခန့်၊ အမြင့်ပေ ၂၀၀ မှ ၅၀၀ ခန့် ရှိနိုင်တယ်လို့ မုံရွာသား ကဗျာဆရာကြီး ဦးအံ့မောင်က ပြောပြဖူးပါတယ်။ အဲဒီတောင်ကြီးကိုမှ တောင်ငယ် ၃၃ လုံးက ဝန်းရံထားတာပါ။ တောင်တွေရဲ့ အလယ်မှာ လယ်တီ ဆရာတော်ကြီး တရား အားထုတ်ခဲ့တဲ့ နေရာတွေ ရှိတယ်။ တောင်ကြား ဘုန်းတော်ကြီးကျောင်းနဲ့ စေတီ ရှိတယ်။ တောင်ရဲ့အနီး ပတ်ဝန်းကျင်မှာ ရွာ ၂၆ ရွာ ရှိတယ်။ အဲဒီရွာတွေမှာ နေထိုင်တဲ့ ရွာသူ ရွာသားတွေဟာ လက်ပံတောင်းတောင် အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ မြေဧက ၇၈၀၀ ကျော် ပေါ်မှာ လုပ်ကိုင် စားသောက် နေရတယ်။ တောင်တွေပေါ်မှာ ဟင်းသီးဟင်းရွက်ပင်တွေ၊ ရှားပါး အဖိုးတန် ပရဆေးပင်တွေ ရှိတယ်။ ဇီဝမျိုးစုံ မျိုး ကွဲတွေ ရှိတယ်။ အဲဒီ ဒေသခံတွေဟာ အဲဒီ တောင်စဉ် တောင်တန်းတွေကို အမှီပြု နေထိုင်ရတဲ့ အတွက် သူတို့ရဲ့ အသက်နဲ့ ရင်းပြီး တန်ဖိုးထား မြတ်နိုးကြတယ်။ ကြေးနီစီမံကိန်းကြောင့် ရလာမယ့် လက်ဆုပ် လက်ကိုင် မပြနိုင်သေးတဲ့ ဒေသဖွံ့ဖြိုးမှု ဆိုတာတွေနဲ့ သူတို့ဘဝ၊ သူတို့ရဲ့ အနာဂတ်တွေကို ဘယ်လိုနည်းနဲ့မှ မလဲ နိုင်ဘူး။ ဒါကြောင့် သူတို့ နောက်ဆုံး အချိန်ထိ တိုက်ပွဲဝင်နေကြတယ်။
လက်ပံတောင်းနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေဟာ ၂၀၁၀ ပြည့်နှစ် လောက်ကတည်းက စတင် ခဲ့တာပါ။ ပထမဆုံး ကြေးနီ စီမံကိန်းကြောင့် ရွာလေးရွာ ပြောင်းခိုင်းတဲ့ ကိစ္စ၊ နောက် ရွာဘုန်းကြီးကျောင်းကို ချိပ်ပိတ်တဲ့ ကိစ္စ၊ လယ်တီဆရာတော်ကြီးရဲ့ သိမ်၊ ကျောင်းနဲ့ ဘုရားတွေ ရွှေ့ပြောင်းရတဲ့ ကိစ္စ၊ လယ်ယာမြေသိမ်းတဲ့ ကိစ္စ၊ စွန့်ပစ်မြေစာတွေကို လယ်မြေတွေ အပေါ် စွန့်ပစ်တဲ့ ကိစ္စ၊ ဆာလဖျူရစ် အက်စစ်စက်ရုံက အက်စစ်ထွက်တဲ့ ကိစ္စ...ကိစ္စ…အဲဒီများမြောင်လှတဲ့ ကိစ္စတွေကြောင့် ဒေသခံတွေဟာ အသက်ကို ပဓာန မထားဘဲ ကာကွယ် ခဲ့ကြတယ်။ တွန်းလှန်ခဲ့ကြတယ်။ အစိုးရနဲ့ တရုတ်ကုမ္ပဏီရဲ့ လုပ်ရပ်တွေ လက်မခံနိုင်တဲ့ အကြောင်း၊ လက် ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အကြောင်း နည်းလမ်းမျိုးစုံနဲ့ ပြသခဲ့ကြတယ်။ အာဏာပိုင် တွေ ဘက်ကလည်း နည်းလမ်း မျိုးစုံနဲ့ တုံ့ပြန်ခဲ့ကြတယ်။
အဆိုးဆုံးကတော့ ၂၀၁၂ ခု နှစ် နိုဝင်ဘာ ၂၉ ရက် အရုဏ်မတက်ခင် ၃ နာရီလောက်က လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေရဲ့ သပိတ်စခန်း ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါပဲ။ အဲဒီလို တိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းတော်ကြီး အပါး ၇၀ နဲ့ လူ ၅၀ လောက် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ ဘုန်းတော်ကြီးတွေဟာ ဒဏ် ရာ ပြင်းထန်တဲ့ အတွက် ပြည်ပ အထိ သွားရောက် ဆေးကုသခံခဲ့ရ သလို ဒီနေ့ထိ ပင်ကိုယ် ကျန်းမာရေး အနေ အထားကို ပြန်လည် ရောက်ရှိခြင်း မရှိသေးပါဘူး။ အဲဒီ ပြဿနာနဲ့ ပတ်သက်ပြီး နေရာ ပေါင်းစုံ၊ နိုင်ငံပေါင်း စုံက ကန့်ကွက်ခဲ့ကြပေမယ့် နောက်ရက်တွေမှာ အာဏာပိုင်တွေကတော့ ဆည်တည်းရွာကို ညအချိန် ဝင်ရောက် စီးနင်းခဲ့တယ်။ ဇီးတောရွာ ဘုန်းကြီးကျောင်းကိုလည်း ညအချိန် ဝင်ရောက် စီးနင်းခဲ့သလို ကျောက် ဖြူတိုင်ရွာ ကိုလည်း ဝင်ရောက် စီးနင်းခြင်းတွေ ပြုလုပ်ခဲ့ကြတယ်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် မှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ နယ်နိမိတ် သတ်မှတ်ဖို့ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်နေစဉ်မှာ လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ ခြံ စည်းရိုး မခတ်ဖို့ တားမြစ်တဲ့ ဒေသခံတွေ အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး မိုးကြိုးပြင် အလယ် ရွာက အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းရဲ့ ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့သလို ဒေသခံ ၁၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပဋိပက္ခတွေမှာ ဘယ်သူ မှားတယ် မှန်တယ်လို့ ကျွန်တော် မပြောလိုပေမယ့် လူသေဆုံးရတဲ့ အထိ ဖြစ်ရတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စလို့တော့ ပြောချင်ပါတယ်။ သေဆုံးသွားတဲ့သူ အတွက်လည်း တော်တော် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ နောက်ပြီး ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးရတဲ့ ကိစ္စဟာ ဒီနေ့ထိ တရားခံ မပေါ်သေးပါဘူး။ အစိုးရကလည်း သေ သေချာချာ တာဝန်ယူ ဖြေရှင်းမှုမျိုးတွေ ပြုလုပ်ခဲ့တာ မတွေ့ခဲ့ရပါဘူး။
ဒီမိုကရေစီ အစိုးရလို့ ခေါ်နေကြတဲ့ လက်ရှိ အစိုးရ လက်ထက်မှာ သမ္မတမှ အစပြုပြီး ဒုတိယ သမ္မတ တွေ အပါအဝင် နိုင်ငံတော် အကြီးအကဲတွေဟာ မြန်မာပြည်မှာ ဘယ်စီမံကိန်းပဲ လုပ်လုပ် ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဖို့၊ ပြည်သူ လက်မခံရင် ဘယ်စီမံကိန်းကိုမှ မလုပ်ဖို့ ဆိုတာကို ဘုရားစာ ရွတ်သလို တဖွဖွ ပြောနေကြတာ အားလုံး အသိပါ။ ဒါပေမဲ့လည်း အရင်အစိုးရ လက်ထက်က လုပ်ခဲ့တဲ့ ပတ်ဝန်းကျင် ကို ထိခိုက်လို့ ပြည်သူက လက်မခံတဲ့ စီမံကိန်းတွေကို လက်ရှိမှာ ဆက်လက် အကောင်အထည် ဖော်နေသလို နောက်ထပ်လည်း စီမံကိန်း အသစ်တွေ ဆက်လက် အကောင်အထည် ဖော်ဖို့ ရှိနေပါတယ်။ အဲဒါ ဘာကြောင့်လဲ…။ လက်ပံတောင်း တောင် စီမံကိန်းမှာလည်း ဒေသခံတွေက အသက်နဲ့ ရင်းပြီး ကန့်ကွက် နေကြသလို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေကလည်း ပတ်ဝန်းကျင် ထိခိုက်မှု အခြေ အနေတွေကို ထုတ်ဖော် ပြောဆိုနေတဲ့ကြားက အစိုးရကတော့ လက်ပံတောင်းတောင် စီမံကိန်းကို ဆက် လက် အကောင်အထည် ဖော်ခဲ့ပါတယ်။
လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများစွာ ရှိတဲ့ အထဲကမှ စွန့် ပစ် ကျောက်တွေကနေ ထွက်ပေါ်လာမယ့် အက်စစ် ပျော်ရည်ဟာ စီမံကိန်း ဧရိယာ မြေပေါ်နဲ့ မြေအောက်ရေ တို့ကို အလွန်အမင်း ထိခိုက်စေနိုင်တယ်လို့ သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie’sold  က သဘာ၀ ပတ်ဝန်းကျင်နဲ့ လူမှုဘ၀ ထိခိုက်မှု ဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ (ESIA) မှာ ရေးသား ဖော်ပြ ထားပါ တယ်။ အဲဒီ အစီရင်ခံစာ အရ ဆိုရင် စီမံကိန်း သက်တမ်း နှစ် ၃၀ အတွင်း ကြေးနီတန်ချိန် ခန့်မှန်း တစ်ဘီလျံ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး စွန့်ပစ်ကျောက် တစ်ဘီလျံ ထွက်လာမှာ ဖြစ်ကြောင်း၊ စွန့်ပစ်ကျောက်တွေ ကနေ ဖြစ်ပေါ်လာတဲ့ သတ္တုဓာတ် ပါဝင်တဲ့ အက်စစ်ပျော်ရည်ဟာ စီမံကိန်း ဧရိယာရဲ့ မြေပေါ် မြေအောက် ရေတွေ ကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရ ပါတယ်။
အဲဒီလို အန္တရာယ် ရှိစေနိုင်တဲ့ ပစ္စည်း အမြောက်အမြားကို စွန့်ပစ် မြေစာပုံတွင် ပုံထားပေမယ့် ဟင်းလင်း ပွင့် သတ္တုတွင်းမှာလည်း အန္တရာယ်ရှိနေကြောင်း၊ အက်စစ်နဲ့ သတ္တုရည် ဖျော်ထုတ်ခြင်းဟာ မိုင်းပိတ်သိမ်း ပြီးနောက် ထူးထူးခြားခြား စီမံခန့်ခွဲရမယ့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအမံ (EMP) ရဲ့ အပိုင်း (၈) မှာ ပါတဲ့ လိုရင်း ဖော်ပြချက် အတိုင်း သင့်လျော်တဲ့ စီမံခန့်ခွဲမှု အတိုင်းအတာ တွေကို မဆောင်ရွက်နိုင်ရင် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေဟာ အလွန် ဆိုးရွားတဲ့ ချို့ယွင်းချက် ဖြစ်လာနိုင်ကြောင်း၊ အဲဒီ လိုအပ်ချက်တွေကို ဂရုတစိုက် မဆောင်ရွက်ရင် တည်ဆောက်ရေး လုပ်ငန်း အစ ကနေ မိုင်းပိတ်သိမ်းချိန်ထိ အန္တရာယ်တွေက အဲဒီ ဒေသ အတွက် အမွေ အဖြစ် ကျန်ခဲ့နိုင်ကြောင်း သိရ ပါတယ်။
ဒါ့အပြင် စံပယ်တောင်၊ ကြေးစင်တောင်နဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရေပုပ်အိုင်တွေဟာ နှစ်ပေါင်း ၃၀ ကြာတဲ့ အခါ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ထဲ ရောက်ပြီး လူအပါအဝင် သက်ရှိ သတ္တဝါတွေကို အန္တရာယ် ကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာပြည် အနာဂတ်ကို ခြိမ်းခြောက်နေသလို ဖြစ်နေပါတယ်။ ဒေသခံတွေရဲ့ ပြောစကားအရ ဆိုရင် ခုတောင် ချင်းတွင်းမြစ်ရေဟာ တော်တော် ညစ်ညမ်းနေပြီလို့ ဆိုပါတယ်။ နောက်ပြီး ရေမသန့်ရှင်းတာတွေ၊ အက်စစ်ငွေ့ တိုက်ရိုက် ရှူရှိုက်မိတာတွေကြောင့် ကျန်းမာရေး ပြဿနာပေါင်းစုံနဲ့လည်း ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ စီမံကိန်းကြောင့် ဒေသ ဖွံ့ဖြိုးတိုးတက်လား၊ မတိုးတက်လားတော့ မသိ။ အိမ်မဲ့၊ ယာမဲ့၊ လယ်မဲ့၊ အလုပ်လက်မဲ့တွေ တိုးလာတယ်။ ပညာမသင်ရတဲ့သူတွေ တိုးလာတယ်။ ရောဂါသည်တွေ တိုးလာတယ်။ ပဋိပက္ခတွေနဲ့ ဆန္ဒပြမှုတွေ တိုးလာတယ်။ တရားစွဲခံရတဲ့သူတွေ၊ ထိခိုက် ဒဏ်ရာရသူတွေ တိုးလာတယ်။ အခုဆိုရင် သေဆုံးရတဲ့ အထိတောင် ဖြစ်လာရပြီ။ ဒီပြဿနာတွေကို ဘယ်သူ တာဝန်ယူ ဖြေရှင်းမှာလဲ။ ဒေသခံတွေ ကတော့ ဒေသခံဆိုတဲ့ နာမည်နဲ့ လိုက်အောင် ဒေသမှာ ဒုက္ခတွေ ခံနေကြရပြီ။ အဲဒီ အချိန်မှာပဲ စံပယ်တောင် ကုန်သွားပြီ။ ကြေးစင်တောင်လည်း ကုန်တော့မယ်။ လက်ပံတောင်းတောင်လည်း တစ်ခြမ်းပဲ့နေပြီ။
တကယ်တော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ကျွန်တော်တို့လို မဖွံ့ဖြိုး မတိုးတက်တဲ့ တိုင်းပြည်အနေနဲ့ လုပ်ကို လုပ်ရမယ့် ကိစ္စပါ။ ဒါပေမဲ့ လက်လွတ်စပယ် လုပ်ရမှာ မဟုတ်ပါဘူး။ စီမံကိန်း မစတင်ခင် ကတည်းက စီမံ ကိန်း လုပ်မယ့် ဒေသက ဒေသခံတွေ နဲ့ ညှိနှိုင်း တိုင်ပင်ရမယ်။ သူ့ဘက်၊ ကိုယ့်ဘက် မျှမျှတတ ကြည့်ပြီး အား လုံး သဘောတူမှ စီမံကိန်းကို စရမယ်။ ဒေသခံတွေနဲ့ သဘောတူညီမှု ရရှိ ပြီးတာတောင် ထိခိုက်မှုတွေ၊ ဆုံးရှုံး မှုတွေ များနေမယ်၊ တိုင်းပြည် အတွက် ဒေသ အတွက် အကျိုးရလဒ် နည်းနေမယ်ဆိုရင် မလုပ်သင့်ပါဘူး။ ဆို လိုချင်တာက ကိုယ့်တိုင်းပြည် မဖွံ့ဖြိုး မတိုးတက်ဘဲ တခြားတိုင်းပြည်တွေပဲ ဖွံ့ဖြိုး တိုးတက်သွားမယ့် စီမံ ကိန်းဆိုရင် အစကတည်းက လုံး၀ အကောင်အထည် မဖော်သင့်ဘူး ဆိုတာပါပဲ။ ဒါကို တိုင်းပြည် အုပ်ချုပ်တဲ့ သူတွေက ပိုပြီး စဉ်းစားချင့်ချိန်တတ်မယ်လို့ ကျွန်တော် ယူဆ ပါတယ်။ အခုတော့ အစိုးရက လက်ပံတောင်း တောင် စီမံကိန်းကိစ္စ၊ ဘယ်ဒေသခံ ကိုမှ မတိုင်ပင်ပဲ စခဲ့ပြီ။ လုပ်ခဲ့ပြီ။ ပြဿနာတွေလည်း အများကြီး တက်ခဲ့ပြီ။
လက်ရှိ အစိုးရဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့လာမယ့် NLD ပါတီကို သိပ်မကြာတော့တဲ့ ကာလမှာ အာဏာ လွှဲပြောင်းပေးရတော့မှာပါ။ ဒါကြောင့် လက်ပံတောင်းတောင်ရဲ့ အရေးဟာ အစိုးရသစ် ကိုင်တွယ်ဖြေရှင်းရမယ့်အရေး ဖြစ်လာတော့ပါမယ်။ အစိုးရသစ်ကို ဦးဆောင်လာမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ အနေနဲ့ လုပ်ဆောင်ခဲ့ပြီး အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်းဟာ ဆက်လက် လည်ပတ်နေပါတယ်။ ဒေသခံတွေဟာလည်း အခက်အခဲ၊ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင် နေရပါတယ်။ ဒါကို ပြည်သူက ယုံယုံကြည်ကြည်နဲ့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ NLD အစိုးရသစ် အနေနဲ့ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ဒေသခံ အများစုကတော့ စီမံကိန်းကို လုံးဝရပ် ဆိုင်းပစ်လိုက်ဖို့ လိုလား နေကြပါတယ်။ ပညာရှင်တွေကလည်း မလုပ်သင့်ဘူးလို့ ထောက်ပြ ပြောဆိုနေ ကြပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဆားလင်းကြီးမြို့နယ် ဘက်ကနေ အနိုင်ရခဲ့တဲ့ NLD  အမျိုးသားလွှတ် တော် ကိုယ်စားလှယ်နဲ့ ကျွန်တော် ဒီဇင်ဘာ ၂၅ ရက်က လက်ပံတောင်း နဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ပါတယ်။  သူပြောတာကတော့ NLD အနေနဲ့ စီမံကိန်း ရပ်ဖို့ ဆိုတာထက် အားလုံးနဲ့ ညှိနှိုင်းပြီး အကောင်းဆုံး ဖြစ်အောင် လုပ်သွားဖို့ ရှိပါတယ်တဲ့။ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားရမှာပါတဲ့။  ဟုတ်တော့လည်း ဟုတ်ပါတယ်။ စီမံကိန်းကို ဒီအတိုင်း ရပ်လိုက်ရင်လည်း နှစ် နိုင်ငံ ငွေကြေး ဆုံးရှုံးမှုတွေ၊ ချစ်ကြည်ရေး ပျက်ပြားမှုတွေ ဖြစ်လာမယ်။ ဒီအတိုင်း ဆက်လုပ်ရင်လည်း ဒေသခံတွေက အသက်နဲ့ ရင်းပြီး သူတို့ဒေသကို ကာကွယ်နေကြမှာပဲ။ ဒေသခံတွေနဲ့ ပဋိပက္ခတွေလည်း ဆက်ဖြစ် နေကြမှာပဲလေ။
ဒါကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရရယ်၊ စီမံကိန်း ဖော်ဆောင်နေတဲ့ ကုမ္ပဏီရယ်၊ ဒေသခံတွေရယ် သုံးဦး သုံးဖလှယ် ညှိနှိုင်း ဆွေးနွေးဖို့ လိုပါတယ်။ သူတို့တွေရဲ့ အကြားမှာ အလျှော့အတင်းလေးတွေ လုပ်ရမယ်။ ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ ဆိုသလို အပြန်အလှန် ညှိနှိုင်းရမယ်။ ညှိနှိုင်းတယ် ဆွေးနွေးတယ် ဆိုတာလည်း ညှိနှိုင်း ဆွေးနွေးတာနဲ့ တူအောင် လုပ်ဖို့ လိုပါတယ်။ လိုအပ်ရင် အားလုံးက လက်ခံံတဲ့ ကြားခံ ညှိနှိုင်းရေး အဖွဲ့လည်း ရှိသင့် ပါတယ်။ စီမံကိန်းတွေ လုပ်တဲ့အခါ တိုင်း လိုက်နာ ဆောင်ရွက်ရမယ့် နိုင်ငံတကာ စံချိန်စံညွှန်း၊ ဥပဒေတွေကို မဖြစ်မနေ ဆောင်ရွက်ရမယ်။ ဒေသခံတွေရဲ့ လူမှုဘ၀ အထွေထွေ လိုအပ်ချက်တွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို အတတ်နိုင်ဆုံး နည်းအောင် ဆောင်ရွက်ပြီး ထိခိုက်သွားတာတေ ွကိုလည်း ပြန်လည် ဖြည့်ဆည်း ဆောင်ရွက် ပေးရပါမယ်။ ဒီလိုမှသာ ပဋိပက္ခတွေ၊ ဆူပူမှုတွေနဲ့ အမြဲတမ်း လောင်မြိုက်နေတဲ့ လက်ပံတောင်းတောင် အရေးဟာ အစိုးရ သစ် လက်ထက်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်။

Most Read

Most Recent