ပင်စင်စားဖြစ်ဖို့ လွယ်သလား

ပင်စင်စားဖြစ်ဖို့ လွယ်သလား
Published 27 December 2015
ဆန်းမိုးထွန်း

ဆောင်းရာသီ နေ့လယ်ခင်း အပူချိန်က လူသတ်သမား တစ်ယောက်၏ ရက်စက်မှုမျိုးဖြင့် လမ်းပေါ်ရှိ သွားလာ လှုပ်ရှားနေသူများအပေါ် ပူပြင်းလောင်မြိုက်လို့ နေသည်။ လမ်းပေါ်တွင် အသက် ၇၀ ကျော်အရွယ် အဘွားအို တစ်ယောက်ကတော့ ပူပြင်းသော နေရောင်ခြည်ကို အံတုရင်း တရွေ့ရွေ့ဖြင့်၊ ၎င်း၏ ခြေလှမ်းများက အဆောက်အအုံ တစ်ခုဆီသို့ ရွေ့လျားလို့နေသည်။အဆောက်အအုံရှေ့သို့ အဘွားအို ရောက်ရှိချိန်တွင် အဘွားအိုနည်းတူ အခြားသော သက်ကြီးရွယ်အို အဘိုးအဘွားများမှာလည်း တစ်စုံတစ်ခုကို တန်းစီ၍ စောင့်ဆိုင်းနေသည်ကို တွေ့ရှိရပါသည်။ မည်ကဲ့သို့သော ကိစ္စရပ်ကြောင့် သက်ကြီးရွယ်အို အဘိုးအဘွားများမှာ ယင်းအဆောက်အအုံထံသို့ လာရောက်၍ စောင့်ဆိုင်းနေကြပါသနည်း။အဖြေသည်ကား အစိုးရဘဏ် တစ်ခုတွင် သက်ကြီးရွယ်အို အဘိုးအဘွားများမှာ ၎င်းတို့၏ ပင်စင်လစာကို လာရောက်ထုတ်ယူနေကြခြင်းသာ ဖြစ်ပေသည်။“ပင်စင်ကို တစ်လတစ်ခါ ဘဏ် (၃) မှာ သွားထုတ်ရတယ်။ လစဉ် ၂၂ ရက်ဆို ရပြီ။ စထုတ်ရက်ဆို လူက အရမ်းများတယ်” ဟု ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ၏ ပင်စင်လစာကို လာရောက်ထုတ်ယူသည့် အသက် ၇၅ အရွယ် ဒေါ်ခင်ညွန့်က ပြောပါသည်။အဘွား ဒေါ်ခင်ညွန့်ကဲ့သို့ပင် အစိုးရဘဏ်ထဲ၌ ပင်စင်လစာ ထုတ်ရန် တန်းစီ စောင့်ဆိုင်းနေသော သက်ကြီးရွယ်အို အဘိုးအဘွားများထဲတွင် ကျန်းမာရေး မကောင်းသည့် အဘိုးအဘွားများကို တွေ့ရှိရပြီး အများစုမှာ နွမ်းပါးသော အခြေခံ လူတန်းစားများဖြစ်သည့် အဘိုးအဘွားများ ဖြစ်သည်ကို တွေ့ရှိရပါသည်။ကျန်းမာရေး ချို့တဲ့သော အဘိုးအဘွားများ အနေဖြင့် ၎င်းတို့နှင့်အတူ ပါလာသူများက တွဲခေါ်နေသည့် မြင်ကွင်းများကို တွေ့ရသည့်အပြင် အချို့သော လူခွဲ မပါသည့် အဘိုး အဘွားများမှာမူ ခုံပေါ်တွင်ထိုင်၍ ခေတ္တ အနားယူနေကြသည့် မြင်ကွင်းများကိုလည်း တွေ့ရှိရပါသည်။ထို့ပြင် ကျန်းမာရေး အခြေအနေ ဆိုးရွားလွန်းသော အဘိုးအဘွားများအတွက် ၎င်းတို့ကိုယ်စား ကိုယ်စားလှယ် လွှဲစာဖြင့် ပင်စင်လစာကို လာရောက် ထုတ်ယူကြသည့်သူများလည်းရှိကြောင်း သိရှိရပါသည်။ 
■ ပင်စင်စား ဖြစ်ရန် အခြေခံ အချက်များနိုင်ငံတော်ပိုင် လုပ်ငန်း အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပင်စင်စား ဖြစ်ရန်မှာ အောက်ဖော်ပြပါ အခြေခံ အချက်များနှင့် ညီညွတ်မှု ရှိမှသာလျှင် ပင်စင်စားအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်ပါသည်။နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပင်စင်စားအဖြစ် ညီညွတ်ရမည့် အခြေခံအချက် သုံးချက်ရှိပြီး ယင်းအချက်များမှာ နိုင်ငံတော် အစိုးရ၏ အဖွဲ့အစည်း တစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင်ခြင်း၊ အမြဲတမ်းနှင့် အတည်ခန့် အလုပ်အကိုင်ဖြစ်ခြင်းနှင့် လုပ်ခလစာကို ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေမှ ကျခံခြင်း စသည့် အချက်များပင် ဖြစ်ပါသည်။မြန်မာနိုင်ငံတွင် ပင်စင်အကျိုး ခံစားခွင့်များအတွက် လက်ရှိ ကျင့်သုံးနေသော ဥပဒေများနှင့် နည်းဥပဒေများမှာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ အသစ်ထုတ်ပြန်ပြီးသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် မဆန့်ကျင်သော မြို့ပြဝန်ထမ်း စည်းမျဉ်းများ ၁၉၂၀၊ မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြဝန်ထမ်း စည်းမျဉ်းဥပဒေများ ၁၉၂၅၊ မြန်မာနိုင်ငံ အထူးပင်စင်ပေးရေး နည်းဥပဒေများ ၁၉၄၁၊ ပင်စင်နည်းဥပဒေသစ် ၁၉၅၄ နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် ကိုက်ညီမှုရှိသော အမိန့်များနှင့် အမိန့်ကြော်ငြာစာများဖြင့် ကျင့်သုံးဆောင်ရွက်လျက်ကြောင်း သိရှိရပါသည်။မြန်မာနိုင်ငံ၏ လက်ရှိ ပင်စင်စနစ်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပင်စင်ဦးစီး ဌာနသည် ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် နိုင်ငံတော်ပိုင် လုပ်ငန်းအဖွဲ့အစည်းများမှ အငြိမ်းစား ယူသွားကြသော နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်ကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ပင်စင်ကိစ္စများ အဆင်ပြေ ချောမွေ့ပြီး လျင်မြန်စွာ ထုတ်ယူနိုင်ရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ရုံး ၁၇ ရုံး ဖွင့်လှစ်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
■ ပင်စင်အကျိုး ခံစားခွင့်များနိုင်ငံ့ဝန်ထမ်း ဥပဒေတွင် ပင်စင်အကျိုး ခံစားခွင့်များနှင့် ပတ်သက်ပြီး ပင်စင်အမျိုးအစား ခုနစ်မျိုးကို ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။ယင်းပင်စင် အမျိုးအစား ခုနစ်မျိုးမှာ သက်ပြည့် ပင်စင် (အငြိမ်းစားယူရမည့် အသက်ပြည့် ရောက်သောအခါ သက်ပြည့်ပင်စင် ခံစားနိုင်ခြင်း)၊ နှစ်ပြည့်ပင်စင် (အသက် (၅၅) နှစ်ရှိပြီး လုပ်သက် ၃၀ နှစ် ပြည့်ပြီးသော ဝန်ထမ်းသည် နှစ်ပြည့်ပင်စင်ကို ခံစားနိုင်ခြင်း)၊ နာမကျန်းပင်စင် (ဝန်ထမ်းသည် မကျန်းမာ၍ တာဝန်ကို ဆက်လက် မထမ်းဆောင်နိုင်သည့် အခါတွင် သတ်မှတ်ထားသော ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် နာမကျန်း ပင်စင်ကို ခံစားနိုင်ခြင်း)၊ လျော်ကြေးပင်စင် (ရာထူးတစ်ခုကို ဖျက်သိမ်းလိုက်သည့်အခါ ထိုရာထူး၌ ခန့်ထားသည့် ဝန်ထမ်းကို အခြားရာထူး တစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း မပြုနိုင်ပါက လျော်ကြေးပင်စင် ခံစားခွင့်ပြုခြင်း)၊ အထူးပင်စင် (တာဝန်ထမ်းဆောင်မှုကို အကြောင်းပြု၍ ရောဂါရရှိသည့် အခါတွင် ဖြစ်စေ၊ ထိခိုက်အနာတရဖြစ်သည့် အခါတွင် ဖြစ်စေ၊ မသန်မစွမ်းဖြစ်သည့် အခါတွင် ဖြစ်စေ အထူးပင်စင် ခံစားခွင့် ရှိခြင်း)၊ မိသားစုပင်စင် (ကွယ်လွန်သူ အစိုးရဝန်ထမ်း သို့မဟုတ် ပင်စင်စား၏ မိသားစုဝင်များအား မိသားစု ပင်စင်ကို ခံစားခွင့်ပေးခြင်း) နှင့် လျှော့ပေါ့ပင်စင် (အသက် ၅၅ နှစ်ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် လုပ်သက် ၂၀ နှစ် ကျော်လွန်လျှင်သော် လည်းကောင်း၊ အသက် ၅၀ နှစ်ပြည့်ပြီးသော ဝန်ထမ်းသည် လုပ်သက် ၂၅ နှစ်ကျော်လွန်လျှင်သော် လည်းကောင်း လျှော့ပေါ့ပင်စင်ကို ခံစားနိုင်ခြင်း) စသည့် ပင်စင် အမျိုးအစားများပင် ဖြစ်ပါသည်။ထို့ပြင် ပင်စင်စားများ အနေဖြင့် ပင်စင်နှင့် ပတ်သက်၍ နိုင်ငံတော်မှ ပေးထားသည့် အခွင့်အရေးများ ရှိသည်ကိုလည်း သိရသည်။မြို့ပြဝန်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် ၉၄၃ (၅) အရ ပင်စင်စားတစ်ဦး၌ တင်ရှိနေသော ကြွေးမြီများအတွက် ပင်စင်လစာကို တရားရုံးမှ သိမ်းဆည်းခြင်း၊ ဝရမ်းကပ်ခြင်းများ ပြုလုပ်၍ မရခြင်း၊ မြန်မာပြည် ထပ်ဆင့်ထုတ် မြို့ပြဝန်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် ၂၀၉ အရ ပင်စင်စား တစ်ဦးအား ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ အရေးယူ အပြစ်ပေးခြင်းများ ပြုလုပ်၍ မရခြင်း၊ မြို့ပြဝန်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် ၉၃၃ အရ ပင်စင်လစာကို ပင်စင်စား နှစ်သက်ရာ ဒေသတွင် ထုတ်ယူခွင့်ရှိခြင်းတို့ပင် ဖြစ်ပါသည်။လက်ရှိ ပင်စင်စားတို့၏ ဘဝမြန်မာနိုင်ငံ တစ်ဝန်းတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ရှစ်သိန်းကျော်နှင့် နိုင်ငံရေး ပင်စင်စားဦးရေ လေးသောင်းခန့် ရှိကြောင်း သိရှိရပါသည်။ယင်းပင်စင်စားများ အနေဖြင့် နိုင်ငံ၏ ကျရာနေရာများတွင် ၎င်းတို့၏ ဘဝများကို မြှုပ်နှံပြီးမှ ရရှိလာသည့် အခွင့်အရေးတစ်ခုပင် ဖြစ်ပါသည်။ဝန်ထမ်းတစ်ယောက် အနေဖြင့် ပင်စင်စား ဖြစ်ခွင့်ရရန်မှာ အနည်းဆုံး နှစ်ပေါင်း ၃၀ ခန့် ၎င်း၏ ဘဝကို ဝန်ထမ်းဘဝအဖြစ် မြှုပ်နှံမှသာလျှင် သက်ပြည့်ပင်စင်ဆိုသည့် ပင်စင်ကို ခံစားရမည် ဖြစ်ပါသည်။ထိုသို့ ပင်စင်စားတစ်ဦး အနေဖြင့် ၎င်း၏ဘဝကို ဝန်ထမ်းဘဝတွင် နှစ်ပေါင်း ၃၀ ခန့် မြှုပ်နှံခဲ့သော်လည်း တကယ် ရရှိလာသည့် ပင်စင်လစာမှာ လက်ရှိ မျက်မှောက်ခေတ်၏ ကုန်ဈေးနှုန်းအောက်တွင် မည်သို့မျှ ခေါင်းဖော်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပေသည်။ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ လူမှုရေးဝန်ထမ်းနှင့် ကာကွယ်ရေးဝန်ထမ်း စသည့် တိုင်းပြည်၏ ကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများမှာ မိမိတို့၏ ငယ်ရွယ်သည့် အချိန်များ ကုန်ဆုံးကာ ဆံဖြူသွားကျိုးသည့် တတိယအရွယ်ရောက်မှ ဝန်ထမ်းလောကမှ အနားယူချိန်တွင် မည်သည့် အလုပ်ကိုမှ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရရှိလာသည့် ပင်စင်လစာလေးဖြင့်သာ ဘဝ၏ နောက်ဆုံး နေဝင်ချိန်များကို ဖြတ်သန်းနေကြရပါသည်။သားသမီး ကျောထောက်နောက်ခံ ကောင်းသည့် ပင်စင်စားများ အနေဖြင့် မိမိဘဝ၏ နောက်ဆုံး အချိန်များကို အပူအပင်မရှိ ဖြတ်သန်းခွင့် ရရှိကြသော်လည်း သားထောက်သမီးခံ မရှိသော ပင်စင်စားများ အဖို့မှာတော့ ရရှိလာသည့် ပင်စင်လစာလေးဖြင့်သာ ဘဝကို ချို့ချို့တဲ့တဲ့ ဖြတ်သန်းနေကြရပါသည်။“ပင်စင်စားနေရတယ် ဆိုပေမယ့် သားသမီးတွေက ကျွေးနေလို့ လောက်ငှနေတာပါ။ အဘွားမှာ ဘာမှ အလုပ် မရှိဘူး။ ပင်စင်က ရှစ်သောင်းကျော် ရပေမယ့် မလောက်ဘူး။ အရင်က အကြွေးလေးတွေ အတိုးရော အရင်းရော ဆပ်ရတာလည်း ရှိတာပေါ့။ အဲဒီလိုလေးတွေ ရှိတော့ ဘယ်လောက်ပါ့မလဲ။ အခုထိလည်း အကြွေးလေးတွေ ရှိနေသေးတယ်” ဟု အသက် ၇၅ နှစ်အရွယ်ရှိ ပင်စင်စားတစ်ဦး ဖြစ်သူ ဒေါ်ခင်ညွန့်က ဆိုပါသည်။နိုင်ငံ၏ ချွတ်ခြုံကျလာသည့် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလာမှုများအပြင် အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများ ကြီးမြင့်ခြင်းတို့ကြောင့် မြို့ပြလူနေမှု စနစ်မှာ တစ်နေ့တခြား ပိုမို ကျပ်တည်းလာသည်ကို တွေ့ရှိရပါသည်။ထိုသို့သော လူနေမှု စနစ်တွင် အသားကျရန် ကြိုးစားနေရသည့် လူမှုအဖွဲ့အစည်းတွင် ပင်စင်စားတို့၏ အခန်းကဏ္ဍမှာလည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။“အန်တီ အလုပ်ထွက်တော့ အန်တီလစာက ၁၂၀၀ ပဲရှိတယ်။ လစာ ၁၂၀၀ မှာ အန်တီက ဆေးပင်စင်ယူလိုက်တော့ ၃၆၉ ကျပ်ပဲ ရတယ်။ အဲဒီကနေ ပင်စင်တွေ တိုးတယ်ဆိုတော့ ၇၀၀၀ ကျော်ရတယ်။ ၇၀၀၀ ကျော်ကနေ နောက်တစ်ခါ ၁၅၀၀၀ ရတယ်။ အခု ၇၀၀၀ ကျော် ထပ်တိုးလိုက်တော့ နှစ်သောင်း နှစ်ထောင်နဲ့ ခြောက်ရာခြောက်ဆယ့်ခြောက် ကျပ်ရတယ်။ ပင်စင် သုံးခါတိုးတာ အခု ၂၀၀၀၀ ကျော်ရတာပေါ့။ အန်တီ့မှာ ကလေး လေးယောက်ရှိပါတယ်။ ဒီခေတ်မှာ ပိုက်ဆံ ၂၅၀၀၀ က ဘာလုပ်လို့ ရမှာလဲကွယ်။ ဆန်တစ်အိတ်ဖိုးတောင် မရှိဘူး။ ခက်ခဲတာတွေကတော့ အများကြီးပေါ့” ဟု ကျန်းမာရေးပင်စင် ယူခဲ့ရသည့် အလယ်တန်းပြ ဆရာမ တစ်ဦးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ဆိုပါသည်။ 
■ မိုးကျရွှေကိုယ် နိုင်ငံရေး ပင်စင်စားများမြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးဆုံးချိန်မှာတော့ ဝန်ကြီးချုပ် ဦးနု၏ ပါလီမန် ဒီမိုကရေစီခေတ်ပြီး နောက်ပိုင်း မြန်မာ့သမိုင်းတွင် ပထမဆုံး လွှတ်တော်တစ်ရပ်ကို ခေါ်ယူခဲ့ပါသည်။သက်ကြီးရွယ်အိုနှင့် မိသားစုဝင်အချို့ ပင်စင်လစာ ထုတ်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အများအပြား လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့ကြပါသည်။လက်ရှိအချိန်တွင် ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ငါးနှစ်ပြည့်ရန် လပိုင်းလောက်သာ ကျန်ပါတော့သည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်က လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရရန် လွှတ်တော်ရုံး အဖွဲ့မှ စာရင်းလိုက်ကောက်နေကြောင်း သတင်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါသည်။လက်ရှိ လွှတ်တော်သက်တမ်းတွင် လွှတ်တော်သက်တမ်း ငါးနှစ်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်သက်တမ်း ထမ်းဆောင်ခဲ့သည့် နှစ်အလိုက် တစ်လုံးတစ်ခဲတည်း ပင်စင်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး “ဘယ်လောက် ခံစားခွင့် ရမလဲဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံးရရှိတဲ့ လစာကို လုပ်သက်နဲ့ မြှောက်ပြီးတော့ ရမယ်လို့ သိရပါတယ်။ ငါးနှစ်သက်တမ်းဆိုတော့ ကျပ်သိန်း ၅၀ ရမယ်။ နောက်သက်တမ်းမှာ မပါတော့မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးမယ်လို့ သိရတယ်။ နောက်လွှတ်တော်သက်တမ်းမှာ ဆက်လက်ထမ်းဆောင်မယ့် ကိုယ်စားလှယ်တွေကတော့ နောက်သက်တမ်း ပြည့်ပြီးမှ ရမှာပေါ့။ ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်သက်တမ်းနဲ့ နောက်ဆုံး ရရှိခဲ့တဲ့ လစာနဲ့ မြှောက်ပြီးရမှာ ဖြစ်ပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောကြားပါသည်။ထိုသို့ ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံစားခွင့်ရရန် လွှတ်တော်ရုံးအဖွဲ့မှ စာရင်းလိုက်ကောက်နေခြင်းအပေါ် ပြည်သူများနှင့် နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါသည်။ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာ မြို့နယ်မှ အငြိမ်းစား ကျောင်းဆရာမ တစ်ဦးကလည်း စိတ်ပျက်မိကြောင်း ပြောကြားပါသည်။“ကျွန်မတို့ ပညာရေးမှာ ကျောင်းဆရာမ ဘဝနဲ့ ပင်စင်ယူတဲ့အထိ လုပ်ခဲ့တာ နှစ် ၃၀ ကျော်တယ်။ ပင်စင်လစာလေး တိုးရဖို့ လွှတ်တော်မှာ အကြာကြီး အတည်ပြုခဲ့ရတယ်။ အခု ငါးနှစ်လောက် လုပ်ခဲ့တဲ့ လွှတ်တော်အမတ်တွေ ပင်စင်ပေးဖို့ကျတော့ ဘာမှ ဘာအဆိုမှ မတင်သွင်းရ အတည်မပြုရဘူး။ ဆင်းရဲကျပ်တည်းနေတဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ဖို့ လိုနေချိန်မှာ လစာလည်း အများကြီး ယူထားတယ် ပင်စင်လစာလည်း ထပ်ယူဦးမယ် ဆိုတာတော့ တော်တော် စိတ်ပျက်မိတယ်” ဟု ၎င်းက ဆိုသည်။ထိုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးပင်စင် ပေးအပ်ခြင်းမှာ နိုင်ငံတကာတွင်လည်း ကျင့်သုံးနေသည့်အတွက် ရယူသင့်သော်လည်း ဖွံ့ဖြိုးမှု နောက်ကျနေသည့် မြန်မာနိုင်ငံ၌ လက်ရှိ လွှတ်တော်သက်တမ်း ကာလများတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံရေး ပင်စင်အား ရယူရန် မသင့်ကြောင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် Hornbill အဖွဲ့မှ ကိုချန်လျန်းကလည်း ပြောကြားပါသည်။ထို့ပြင် တိုင်းပြည်၌ စီးပွားရေး အကျပ်အတည်း ဖြစ်နေချိန်တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ လစာချီးမြှင့်ငွေ ကျပ် သုံးသိန်းအား ကျပ် ၁၀ သိန်း ခံစားခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းက ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အပြင် ဘဏ္ဍာငွေ အမြောက်အမြား အသုံးပြုမည့် နိုင်ငံရေးပင်စင် ရယူမည် ဆိုပါက ဘဏ္ဍာရေး အကျပ်အတည်း ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် နိုင်ငံရေး ပင်စင် ရယူခြင်းအား ကန့်ကွက်သူများ ရှိနေခြင်း ဖြစ်ပါသည်။“ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ စိတ်ထဲ ခံစားရတဲ့အတိုင်း ပြောရရင် လွှတ်တော်အမတ် ပင်စင်ကို မလိုချင်ပါဘူး။ နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်လို့ ပင်စင်ရတာကို လက်ခံပေမယ့် အခုက နိုင်ငံရေးပါ။ ဝန်ထမ်း သဘောနဲ့ မတူပါလို့ မြင်မိတယ်။ အခုလို နိုင်ငံက စီးပွားရေးမကောင်း၊ နိုင်ငံရေးက မငြိမ် ဖားကန့်လို ကိစ္စမျိုး ကြည့်မကောင်းလောက်တဲ့ အဖြစ်အပျက်တွေ သက်ငယ် မုဒိမ်းမှုတွေအတွက် ခိုင်မာတဲ့ နိုင်ငံ့အကျိုးစီးပွား ပြည်သူ့ဘဏ္ဍ ကာကွယ်မယ့် ဥပဒေတွေ ဘာမှပြဋ္ဌာန်းလို မပြီးသေးဘဲ လွှတ်တော်က ထွက်ခွာချိန်မှာ ပင်စင်ယူဖို့ဆိုတာ လိပ်ပြာမသန့်လို့ပါ။ ရခဲ့ရင်လည်း တလောက အကြော်ဝိုင်းရောင်းရင်း ၁၀ တန်းကို ခြောက်ဘာသာ ဂုဏ်ထူးထွက်ပြီး ကျောင်းဆက်တက်ဖို့ခက်တဲ့ ကျောင်းသားလေးကို ပေးလိုက်ချင်ပါတယ်။ လာရောက်ဆက်သွယ်ပေးပါ။ နိုင်ငံတွက် အလုပ်လုပ်ချင်လို့ ထောင်ကျခံစောင့်နေတဲ့ နိုင်ငံရေးသမားတွေ မြန်မာနိုင်ငံမှာ အများကြီးပါ။ သူတို့ကို မေးကြည့်ပါ။ ပင်စင်ဆိုတာ မရှိဘူး။ သူတို့ဘ၀ တစ်ခုလုံး ပေးဆပ်ခဲ့ကြရတာ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပင်စင်ဆိုတာ မရှိသင့်ဘူး။ နိုင်ငံရေးဆိုတာ မိသားစုလိုပဲ အနားယူသွားလို့ မရပါဘူး” ဟု နိုင်ငံရေးပင်စင်နှင့် ပတ်သက်ပြီး သူရဦးအောင်ကိုက ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ရေးသားထားသည်ကို တွေ့ရှိရပါသည်။ 
■ ပြည်ထောင်စုလွှတ်တော် နာယက၏ ဖြောင့်ချက်ယခု လွှတ်တော်သက်တမ်းတွင် ချီးမြင့်မည့် နိုင်ငံရေးပင်စင်တွင် ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များလည်း အပါအဝင် ဖြစ်ပါသည်။လစဉ် ကျပ် ၁၀ သိန်း ခံစားခွင့် ရရှိနေသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ငွေကျပ်သိန်း ၅၀ ကို တစ်လုံးတစ်ခဲတည်း ရရှိမည်ဖြစ်ကြောင်း သိရပါသည်။နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတနှစ်ဦး အနေဖြင့် လစဉ် ပင်စင်ချီးမြှင့်ငွေကို ရရှိနေမည်ဖြစ်ပြီး ယခုချီးမြှင့်မည့် နိုင်ငံရေး တစ်လုံးတစ်ခဲတည်း ပင်စင်ငွေကိုပါ ရရှိမည် ဖြစ်ပါသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ သာမက သမ္မတ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းဝင်များပါ ရရှိခံစားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အသိပေး ရှင်းလင်းခဲ့ပါသည်။“တကယ်တော့ အခုပြောနေကြတဲ့ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရကြမှာ လွှတ်တော်ကိုယ်စားလှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များအားလုံး ပါဝင်ပါတယ်” ဟု သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါသည်။“အခုလည်း ဒီကိစ္စကို စာပေးနိုင်ဖို့ သက်ဆိုင်ရာဌာနက ပုံစံတွေပေးပို့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မိမိနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းပေးဖို့ တောင်းခံ ဆောင်ရွက်နေတာက ဒီလိုဝေဖန် ပြောဆိုမှုတွေနဲ့ ရှင်းလင်းရတဲ့ အခြေအနေ ပေါ်လာတာလို့  ယူဆပါတယ်။ နောက်ဆုံး ရှင်းလင်းချင်တာက လွှတ်တော်ကိုယ်စားလှယ်တွေပဲ မဟုတ်ပါဘူး။ နိုင်ငံတော်မှာ ပြီးခဲ့တဲ့ ငါးနှစ်ကာလအတွင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြပြီး တင်ပြခဲ့တဲ့ ဥပဒေများမှာ အကျုံးဝင်တဲ့ ပုဂ္ဂိုလ်အားလုံး ခံစားခွင့် ရရှိတာ ဖြစ်ပါကြောင်း လွှတ်တော်အပိုင်းက ရှင်းလင်းသင့်တဲ့ အခြေအနေကို တင်ပြခြင်း ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။ထို့ပြင် ယခုကဲ့သို့ ချီးမြင့်မည့် နိုင်ငံရေး ပင်စင်တွင် လစဉ် လစာချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ရရှိနေသည့် ဝန်ကြီးတစ်ဦး အနေဖြင့် လုပ်သက် ငါးနှစ်ရှိလျှင် ကျပ်သိန်း ၁၅၀ ရရှိမည်ဖြစ်ပြီး လစဉ် လစာချီးမြှင့်ငွေ ကျပ်၂၅ သိန်း ရရှိနေသည့် ဒုတိယဝန်ကြီး တစ်ဦးလျှင် ငွေကျပ် ၇၅ သိန်းကို တစ်လုံးတစ်ခဲတည်း ရရှိမည် ဖြစ်ပါသည်။သို့သော် တစ်လုံးတစ်ခဲတည်း ချီးမြင့်မည့် နိုင်ငံရေးပင်စင်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားသည့် ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် လွှတ်တော်၌ တက်ရောက်နေသော တပ်မတော်သား ကိုယ်စားလှယ်များမှာမူ အစိုးရအဖွဲ့နှင့် လွှတ်တော်က ပေးအပ်သည့် ချီးမြှင့်ငွေလစာကို မခံစားရခြင်းကြောင့် တစ်လုံးတည်းတစ်ခဲတည်း ချီးမြှင့်ငွေ ရရှိမည် မဟုတ်ပေ။တစ်လုံးတစ်ခဲတည်းပေးမည့် နိုင်ငံရေးပင်စင်နှင့် ပတ်သက်၍ အချို့သော လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေအရ ရှိပြီးသား ဖြစ်သည့်အတွက် ယင်းနိုင်ငံရေး ပင်စင်ကို မှန်ကန်မှုရှိကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စရိတ်နဲ့ ချီးမြှင့်ငွေများဆိုင်ရာ ဥပဒေမှာ ပါပါတယ်။ အဲဒီ ဥပဒေထဲမှာတော့ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ခံစားခွင့် ရှိသည်လို့ ပါထားတယ်။ အဲဒီ ပင်စင်က နိုင်ငံတော် အစိုးရ သတ်မှတ်ပေးထားတဲ့ အတိုင်းပေါ့နော်။ ဘယ်လောက်ပေးရမယ်ဆိုတာ ဥပဒေထဲမှာ မပြဋ္ဌာန်းထားသေးဘူး။ အဲဒီဟာရဲ့ လုပ်ပိုင်ခွင့်က နိုင်ငံတော် အစိုးရရဲ့ လက်မှတ်ထဲမှာ ရှိပါတယ်” ဟု ပြောကြားသည်။လက်ရှိ အချိန်တွင် နည်းပါးသော ပင်စင်လစာ တစ်ခုတည်းဖြင့် ဘဝကို ချို့တဲ့စွာ ရပ်တည်နေရသည့် အငြိမ်းစား ဝန်ထမ်းများကမူ ယင်းသို့ နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ပေးမည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်းနှင့် ထိုသို့ ချီးမြင့်မည် ဆိုလျှင် ၎င်းတို့ကိုပါ  တစ်လုံးတစ်ခဲတည်း ပေးအပ် ချီးမြင့်သင့်ကြောင်း ပြောကြားမှုတွေ ရှိလာပါသည်။“ဒီလို နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ပေးမယ့် ကိစ္စကို အန်တီ့ အနေနဲ့ကတော့ မပေးစေချင်ဘူး။ သူတို့ရရင် အန်တီတို့လည်း လိုချင်တယ်။ အန်တီတို့ဆို အလုပ်မှာ ၁၀ နှစ်ကျော် လုပ်ခဲ့တာပဲ။ အန်တီတို့ အလုပ်ဝင်တုန်းကဆို ရွာတွေကို သွားရတာ။ မနက် ၉ နာရီ ကျောင်းတက်ဖို့ကို မနက် ၇ နာရီကတည်းက ထွက်ရတာ။ လမ်းပန်းဆက်သွယ်ရေး မကောင်းတော့  ကျောင်းကို ခြေကျင်သွားရတာ။ အန်တီဆို ကိုယ့်ကလေး ငယ်ငယ်လေးတွေကို ပစ်ထားခဲ့ပြီးတော့ လုပ်ခဲ့ရတာ။ ခုလို ငါးနှစ်လောက် လွှတ်တော်ထဲမှာ လုပ်ခဲ့တဲ့သူတွေကို ပေးမယ်ဆိုရင် မတရားဘူးလို့ ထင်တယ်။ သူတို့တောင် ငါးနှစ်နဲ့ နိုင်ငံရေး ပင်စင်လည်း ရတယ်။ သိန်းငါးဆယ်လည်း ရတယ်ဆိုရင် သူတို့ထက် ဆယ်နှစ်ဆယ့်ငါးနှစ် အနှစ်သုံးဆယ် လုပ်ခဲ့တဲ့ သူတွေကို ပိုပေးသင့်တယ်” ဟု ကျန်းမာရေး ပင်စင်ယူထားသည့် အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်ဌေးဌေးဝင်းက ပြောပါသည်။ထို့ပြင် ရန်ကုန်မြို့မှ အငှားယာဉ်မောင်း ကိုဇော်ဇော်ကလည်း “ပြည်သူ့တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်ခဲ့လဲ ဆိုတာနဲ့ပဲ မေးခွန်းထုတ်ချင်တယ်။ ဒါ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်တာပါ။ တိုင်းပြည်က အကြွေးပင်လယ် ဝေနေတယ် ဆိုတာလည်း ထည့်တွက်သင့်တယ်။ အခုဟာက အာဏာမကုန်ခင် ရသလောက် အကုန်ယူသွားတယ်လို့ မြင်တယ်” ဟု ၎င်းအမြင်ကို ပြောပါသည်။    လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များကို နိုင်ငံရေးပင်စင်ဟုခေါ်သည့် တစ်လုံးတခဲတည်းပင်စင် ချီးမြှင့်ငွေကို လာမည့် အစိုးရသစ် မတက်မီ ချီးမြှင့်ဖို့ စီစဉ်နေကြောင်း သိရသည်။သို့ဆိုလျှင် ပင်စင်ဦးစီးဌာနမှ သတ်မှတ်ထားသည့် ပင်စင်ခံစားပိုင်ခွင့်ရှိသော အမျိုးအစား ခုနစ်မျိုးတွင် ပါဝင်မှ ပင်စင်ခံစားခွင့် ရရှိခဲ့သည့် အငြိမ်းစား ဝန်ထမ်းများနှင့် လွှတ်တော်သက်တမ်း ငါးနှစ် တာဝန်ထမ်းခဲ့ခြင်းကြောင့် တစ်လုံးတစ်ခဲတည်း နိုင်ငံရေးပင်စင် ခံစားရကြမည့် အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လွန်ဆွဲပွဲက စိတ်ဝင်စားစရာ ကောင်းလှသည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ “ကျွန်တော် တစ်ဦးချင်း အမြင်နဲ့ ပြောရရင်တော့ တစ်ချက်ပေါ့နော် ပေးလိုက်တာဟာ ပိုပြီးတော့ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်ဘူး။ တလုံးတခဲတည်းဆိုတာ မဟုတ်ရင် ကိုယ်စားလှယ်တစ်ယောက်က သက်တမ်း တစ်ခုမှာပဲ တာဝန်ထမ်းဆောင်တယ်။ ဒါပေမဲ့ နိုင်ငံရေးပင်စင်ကို သက်ရှိထင်ရှား ရှိနေသရွေ့ ပေးသွားရမယ်ဆိုရင် အဲဒါကမှ ပိုပြီးတော့ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာက မနစ်နာစေဘူးလား။ ဒီလို တွက်ဆရမှာပေါ့။ အဲဒီတော့ အခုဟာက မမျှော်လင့်တဲ့ အနေအထား ဖြစ်သွားတာကို။ မမျှော်လင့်တဲ့ အနေအထားဆိုတာ ကိုယ်စားလှယ် အများစုက ဆက်ပြီးတော့ တာဝန်မထမ်းဆောင်ရတော့တဲ့ အတွက်ကြောင့်မို့လို့ ဒီတစ်လုံးတခဲတည်း နိုင်ငံရေးပင်စင်တွေက များလာတာ။ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် ပေးစရာ မလိုသေးဘူး။ အဲဒါကြောင့်မိုလို့ သို့လော သို့လောတွေ ဖြစ်လာတာပါ။ ရှင်းရှင်းလင်းလင်း ပြန်ပြောရရင်တော့ ဒါဟာ အခုမှလုပ်တာ မဟုတ်ဘူး။ နဂိုကတည်းက ဥပဒေ၊ နည်းဥပဒေတွေ ရှိပြီးသား။ လွှတ်တော်တွေ ခေါ်ဖို့အတွက် နာယကက ပြုသွားတဲ့ ဥပဒေ ၂၂ မျိုး ခေါ်တာပေါ့” ဟု ၎င်း၏ အမြင်ကို  ပြောကြားသည်။

Most Read

Most Recent