ပခုံးသားပေါ် ပစ်တင်ပေးလိုက်တဲ့ လက်ဆောင်

ပခုံးသားပေါ် ပစ်တင်ပေးလိုက်တဲ့ လက်ဆောင်
Published 27 December 2015
ရွှေဒါးမောင်လေးရည်

အဖွဲ့အစည်း အမျိုးမျိုးတို့၏ မြန်မာနိုင်ငံအပေါ် စစ်တမ်းကောက်၍ ရရှိသည့် အဆင့်သတ်မှတ်ချက်တို့ကို ထုတ်ပြန်ကြေညာခဲ့ပေရာ ယဉ်ကျေးဖော်ရွေမှုနှင့် ပတ်သက်ပြီး အဆင့်ကောင်း တစ်ခုမှလွဲ၍ ကျန်ရှိသော စစ်တမ်းများ၏ အဖြေများမှာ အောက်ခြေနေရာတို့၌သာ တည်နေရာ ရရှိခဲ့ပေသည်။
လက်သင့်ရာ စားတော်ခေါ်မှု ဆွေမျိုးအသိုင်းအဝိုင်းများနှင့် နီးစပ်ရာတို့ဖြင့်သာ လက်ဝါးကြီးအုပ် ခြယ်လှယ်မှု၊ အခွင့်အရေးမှန်သမျှ ငါနှင့် ငါ့အပေါင်းပါများထံသို့သာ စီးဆင်းစေမှု စသဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဆိုသကဲ့သို့ လက်ချိုးရေတွက်၍ မရနိုင်လောက်အောင်ပင် ခြစားမှုများကအောင် လံစိုက်တံခွန်ထူမှတော့၊ အဘယ်သို့သော ကြွေးကြာ်သံများဖြင့် အသံပျောက်မတတ် ဟစ်ကြွေးသော်လည်း နိုင်ငံ၏ပုံရိပ်များက နာလန်ထူဖို့ လမ်းစများနှင့် လိုက်လေဝေးလေသာ ရှိနေပါဦးမည်။ ဥပဒေက မည်သို့ပင်ဆို စေကာမူဆိုသည့် လက်သုံးစကားများ ကျွန်တော်တို့ လူ့ဘောင်အသိုက်အဝန်းအတွင်း ရှင်သန်ထွားကျိုင်းနေသေးသမျှ ကျွန်တို့၏ ကံဇာတာများလည်း ညှိုးမှိန်နေဦးမည်မှာ သေချာလွန်းပါသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ပေါင်းများစွာဖြင့် စုံစမ်းစစ်ဆေးခဲ့ပါသည်။ ကိစ္စများကလည်း မနည်းလှပါ။ အစီရင်ခံစာများအပေါ် တိတိပပ ကိုင်တွယ်ဖြေရှင်းမှုဟူ၍ မကြားမိခဲ့သလိုပါပေ။ တစ်လောဆီက သတင်းတစ်ပုဒ်၌ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံထားရသည့် ခရိုင်တရားသူကြီးတစ်ဦး ထွက်ပြေး လွတ်မြောက်နေကြောင်း သိရသကဲ့သို့၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မတီ အဖွဲ့စည်းပြီး နှစ်နှစ်တာ ကာလတွင်း ကိုးဦးသာ တရားစွဲဆိုနိုင်ခဲ့ပြီး ၁၂၅ ဦးကိုဝန်ထမ်း စည်းမျဉ်းမျာအရ အရေးယူမှုပြုခဲ့သည်ဟု သိရပေသည်။ အချို့ဖြစ်စဉ်များ၌ သတင်းပေး တိုင်ကြားသူသာ ဒုက္ခရောက်ခဲ့ရပြီး လာဘ်စားခဲ့သူကတော့ စင်ပေါ်က လူသားအဖြစ် လွတ်ကင်းနေခဲ့ကြောင်း သာဓကများလည်း ရှိခဲ့ဖူးပေသည်။ ထိုဖြစ်စဉ်များက တရားရေး ဌာနအတွင်း၌ အပြစ်များခဲ့ပြီး မနေ့တစ်နေ့ကပင် တရားစီရင်ရေးတွင် အဂတိလိုက်စားမှုမှာ တရားသူကြီး အဆင့်ဆင့်မှ တရားရုံး စာရေးအထိ ဆက်စပ်လျက်ရှိခြင်းကြောင့် ထင်သာမြင်သာအောင် ဖော်ထုတ်နိုင်ရန် ခက်ခဲနေကြောင်း “လွှတ်တော်တရားစီရင်ရေး ကော်မတီ အစီရင်ခံစာတင်သွင်း” ခေါင်းစဉ်ဖြင့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တ ရားစီရင်ရေး ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြခဲ့ပေသည်။
အဆိုပါအဖွဲ့၏ အကြံပြုချက်တွင်လည်း ပြည်သူအများစု ခံစားနေရသည့် လူမှုရေး၊ စီးပွားရေး မလုံမခြုံ ခံစားနေရမှုအပေါ် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရေးနှင့် တရားရေး မလုံမခြုံ ခံစားနေရမှုအပေါ် တရားဥပဒေစိုးမိုးမှု အားကောင်းလာစေရေးနှင့် တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးက အဓိကကျကြောင်း တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်မှသာ ပြည်သူကို အကာအကွယ် ပြုပေးနိုင်မှာဖြစ်ကြောင်း၊ တရားရေးဆိုင်ရာများ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းရေးများ ထည့်သွင်းအကြုံပြုခဲ့ပေသည်။ ထိုသို့သော ဖြစ်စဉ်များအပေါ် ပြည်သူအများစုပင် ရိပ်စားနားလည်မိကြပြီးဖြစ်ရာ တာဝန်ရှိသူတို့ဘက်က ကြားမြင်သိရှိလျက် ထိုသို့သော အကျင့်ပျက်ခြစားမှုများအပေါ် ရေငုံနှုတ်ပိတ် ပြုမှုနေပုံများက အလွန်အမင်း ရုပ်ပျက်လှပါသည်။ စိတ်ကုန်ဖွယ် လည်း ကောင်းလွန်းပေသည်။ ဒါတရားစီရင် ရေး မျက်နှာစာတစ်ခုတည်း အပေါ်မှာသာဖြစ်ပြီး အခြားသော မျက်နှာစာများ မပါဝင်သေးပေ။
ဆက်လက်တွေ့ရှိ လိုက်ရသည့် သတင်းတစ်ပုဒ်တွင်လည်း “လိုင်စင်မဲ့ သစ်စက်လုပ်ငန်းရှင်ကို မဖမ်းဘဲ သစ်စက်မှ သစ်များပြောင်း ရွှေ့ထားခဲ့သည်။ အိမ်ပိုင်ရှင်အား ဖမ်းဆီး တရားစွဲခံထားရခြင်းကြောင့် မိသားစုဝင်များ ရှင်းလင်း” ခေါင်းစဉ်နှင့်အတူ တရားစွဲဆိုခံရသူ အိမ်ပိုင်ရှင်များ မရှိခိုက်၊ ပြောင်းရွှေ့စုပုံ ထားခဲ့သဖြင့် အိမ်ပိုင်ရှင်အား တရားစွဲဆိုခဲ့ခြင်း ဖြစ်ပေသည်။ မတရားသဖြင့် ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်ပြည်သူများ၏ စကားသံများလည်း ဖော်ပြထားပေရာ အဂတိလိုက်စားမှု တစ်ခုဖြစ်ကြောင်း ပေါ်လွင်လှပေသည်။ မတရားသဖြင့် ဖမ်းဆီးခံချုပ်နှောင် ခံရမှုများမှ လွတ်ကင်းနိုင်မှသာ ပြည်သူအများစု၏ ယုံကြည်မှုကို ခံယူရရှိနိုင်ပေရာ ထိုထိုသော အကျည်းတန် အရုပ်ဆိုးမှုများ ချုပ်ငြိမ်းဖို့ သက်ဆိုင်ရာတို့၌ တာဝန်ရှိပေသည်။ တာဝန်ကျေရန်လည်း အထူးပင် လိုအပ်ပေသည်။
‘တရားဥပဒေစိုးမိုးပြီး လုံခြုံသည့် လူမှုဝန်းကျင်သစ် ဖန်တီးပေးနိုင်ရန် ပြည်ထောင်စု အဆင့်၊ တိုင်းအဆင့်၊ ပြည်နယ်အဆင့် အဖွဲ့အစည်းများကို လူပြောင်း၊ မူပြောင်း ဖွဲ့စည်းရန်လိုကြောင်း’ တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုမှ ဒုတိယလွှတ်တော်၌ မျိုးဆက်သစ်များဖြင့် ဖွဲ့စည်းပြီး ဥပဒေပြုရေး တာဝန်ကို ပခုံးပြောင်း ထမ်းရွတ်ကြရမည် ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှု လွန်စွာအားနည်းခဲ့သည့် မြန်မာလူမှု ဝန်းကျင်ကို တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိသည့်၊ လူမှုဝန်းကျင် ဖန်တီးပေးရန် လိုအပ်ကြောင်း၊ သူရဦးအောင်ကိုမှ ထည့်သွင်းဆွေးနွေး ခဲ့ပေသည်။
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရဖြစ်စေရန် အဂတိ လိုက်စားမှုများက စစ်ဆင်ရေး တစ်ရပ်သဖွယ် အလေးထား ချေမှုန်းသင့်ကြောင့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြထားပေသည်။ အစီရင်ခံစာ၌ ဖော်ပြချက်တစ်ခုမှာ “နိုင်ငံဝန်ထမ်းများအား လုံလောက်သော လစာစရိတ်များ ထုတ်ပေးထားပြီး စွမ်းဆောင်ရည်ပြည့် အသုံးချကာ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်ကာ ပွင့်လင်းမြင်သာစွာ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ မလိုလားအပ်သည့် စီမံကိန်းများ လျှော့ချခြင်း အခွန်ရှောင်သူများအား ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်ပြီး ဝန်ထမ်းများအား လစာတစ်မျိုးတည်းသာ မှီခိုရပ်တည်နိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ဖော်ပြထားခဲ့သည်။
လောလောဆယ် စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် အာရုံစိုက်မိပြန်တော့လည်း ဦးနှောက်စားဖွယ် ကိစ္စတွေနဲ့ ထိပ်တိုက်တိုးမိ ရပြန်ပေသည်။ ကရဝိက်ဥယျာဉ်၊ မျှော်စင်ကျွန်းအပါအဝင် မြေဧက ၂၅ ဧက ကို တစ် နှစ်ငှားရမ်းက သိန်း ၃၀၀ ကျပ်ဖြင့် ငှားရမ်းထားမှုဖြစ်ပါသည်။ စာရင်းချကြည့်မိတော့ ပြည်သူ့ဥယျာဉ်တွင်းမှ ပြည်သူပိုင်မြေများ ကိစ္စ၊ အင်းလျားကန်ပိုင်နက်ထဲက အထပ်မြင့် အဆောက်အအုံများကိစ္စနှင့် ငှားရမ်းခဈေး နှုန်းများက လူထု၏ သိလိုမှုများကို မျက်စပစ် လှောင်ပြောင်ဘိသို့ ကလူဟယ်မြှူဟယ်ရှိ လှသည်။ မျှော်စင်ကျွန်းနှင့် ကရဝိက်ဥယျာဉ် နေရာများအတွက် “၂၀၁၀ ကနေ နှစ် ၃၀ ငှားရမ်းတာဖြစ်ပြီး ပထမငါးနှစ် အတွက် တစ် လ ၁၂ သိန်းနှုန်းနဲ့ ငှားရမ်းတာဖြစ်ပါတယ်။ ရန်ကုန်စည်ပင်နဲ့ ဇေကမ္ဘာကုမ္ပဏီတို့ရဲ့ ကန်တော်ကြီး စိမ်းလန်းစိုပြည်ရေး စီမံကိန်းအရ ဇေကမ္ဘာကုမ္ပဏီက အကျိုးအမြတ် ပက်ပက်စက်စက် ရတာကိုတော့ ထင်ထင်ရှားရှား တွေ့ရပြီး ဖြစ်ပါတယ်။ နိုင်ငံတော်က နှစ် ၃၀ အတွက် အနည်းဆုံးနစ်နာမှုက ဘီလျံ ၃၀ နစ်နာမှု ရှိပါတယ်။ ဒီပိုက်ဆံနဲ့ ကျွန်မတို့ တံတားကြီးနှစ်စင်း ဆောက်လို့ရပါတယ်။ ဒီနစ်နာမှုအတွက် မည်သူက တာဝန်ယူပါမည်နည်း” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒေါက်တာ ဒေါ်ညိုညိုသင်းက မေးခွန်းထုတ် ခဲ့ပါသည်။ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်း ရှိ မြေ ၇၆ ဒသမ ၃၆ ဧကအား ငှားရမ်းခြင်း နှင့်ပတ်သက်၍လည်း တစ်နှစ်လျှင် ၅၅၅၇ ဒသမ ၄၈၀ သန်း (ကျပ် ၅ ဒသမ ၅ သန်း) ရ ရှိနိုင်သဖြင့် နိုင်ငံတော်အတွက် နစ်နာနေရကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာက ဆက်လက် ဖော်ပြထားခဲ့ပါသည်။
ပြောပြန်လျှင်လည်း ပြောမဆုံးပေါင် တောသုံးထောင်သာ ရှိပေမည်။ နာမည်အမျိုးမျိုးဖြင့် ပြည်သူပိုင် စက်ရုံများပင်မကျန် မြေဧရိယာဆိုလည်း အများအပြား အဆောက်အအုံတွေ ကျပြန်တော့ နည်းမနော၊ ဟိုမှာလည်းပါ ဒီမှာလည်းမလွတ်၊ သူတို့တွေသာပင်ပါ ဝင်ယှက်နွယ်၊ မတန်တဆ အနည်းပါးမျှသော သပြာငွေကြေးတို့ဖြင့် ပိုင်ဆိုင်မှု ရင်းနှီးမှုတို့ဖြင့် ဘိုးဘွားပိုင် ပစ္စည်းများသဖွယ် ကဲ့ယူသိမ်းဆည်း ခဲ့ကြသည်။ အများပြည်သူတို့မှာတော့ ဆင်းရဲတွင်းဝယ် နစ်သထက်နစ် မွန်းသထက် မွန်းကျပ်ခဲ့ကြသည်။
၂၀၁၄ ခုနှစ် ကိန်းဂဏန်း ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှု အဆင့်မှာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံအနက် အဆင့် ၂၁ နေရာတွင် ရပ်တည်လျက် ရှိနေပေသည်။ နောက်တက်လာမည့် အစိုးရသစ် အနေဖြင့် အင်အားစိုက်ထုတ်၍ ဖြေရှင်းရမည်မှာ သိသာထင်ရှားနေပါပြီ။ ပြည်သူများဘက်ကလည်း တာဝန်သိသိဖြင့် ပူးပေါင်းပါဝင် ကြရမည်မှာလည်း သမိုင်းက ပေးအပ်လာသည့် လက်ဆောင်မွန်အဖြစ် ခံယူကြလျက်...။

Most Read

Most Recent