မွန်းကျပ်မှုကွန်ရက်မှ ခုန်ထွက်ခြင်း

မွန်းကျပ်မှုကွန်ရက်မှ ခုန်ထွက်ခြင်း
Published 26 December 2015
ရွှေဒါးမောင်လေးရည်

သဘာဝကို အခြေခံထားတဲ့...တော..တောများဓလေ့ဝယ်...ပျော်မွေ့ဖွယ်ဆိုတာရယ်...မြို့လို တကယ် မဆန်းပေမယ့်...မှန်းစရာ့ တသွယ်...လျှိုမြောင်လမ်း စိမ့်စမ်းတွေနဲ့ တကယ်...
ကျွန်တော်တို့ ငယ်နုစဉ် ကာလများမှ ကျေးလက်မှာ သာမက မြို့ပြ၏ ကတ္တရာ လမ် မများပေါ်သို့တိုင် ရေပန်းစားကာ လက်ခံ အားပေးခြင်း ခံခဲ့ရသည်။ ဂန္ထဝင် တေးသံရှင် တွံတေးသိန်းတန်၏ ကျေးလက်ရသ ဖွဲ့တေး သီချင်းတစ်ပုဒ်မှ  စာသား အပိုင်းအစများပါပေ။ တေးသွားကို နားဆင်ရသည်နှင့်ပင် သီချင်း၏ ဆိုလိုရင်း အနက်အဓိပ္ပာယ်ကို ကွင်းကွင်းကွက်ကွက် ခံစားရပေသည်။
ကျေးလက်၏ ဂုဏ်ပုဒ်က ဖြူစင်သမျှ ရိုးစင်းမှုပါ ထပ်ကာ ပေါင်းစွက်ထားသဖြင့် ချစ်ဖွယ်ဓလေ့ စရိုက်တို့ဖြင့် ထုံမွမ်းနေရပေသည်။ မရှိဘဲနှင့် ရှိသယောင် ဟန်မဆောင် ကြသကဲ့သို့ မဟုတ်မှန်သည်ကို ဟုတ်မှန်သယောင် လုပ်ကြံစရိုက်ခါးများ သူတို့ထံပါး၌ လားလားမျှ ရှိမနေခြင်းသည်လည်း သူတို့တစ်တွေ၏ အရည်အသွေးကောင်း တစ်ရပ်ပင် ဖြစ်ပါသည်။ ဒီတော့ ကျေးလက်၏ အလှအပက ဘာမှရောစွက် ပေါင်းစပ်ထားခြင်း မရှိ။ ပကတိအလှ အဖြူသက်သက် အလှဟုဆိုသော် လွန်အံ့မထင်ပါ။
နောက်ပြီး ဘယ်ဝယ်ဘယ်ဆီ ဝေ့ကြည့်လိုက် ကြည့်လိုက် သဘာဝပေး အလှတရား တို့ဖြင့် မှုန်းခြယ်ထားအပ်သည် ဖြစ်၍လည်း စမ်းချောင်း ကလေးများက အေးမြညင်သာ စီးဆင်း၍ နေကြဘိသို့၊ ပန်းပွင့်ကလေးများ၏ ရနံ့ထုံလွတို့ကလည်း မွှေးမြညင်သာ ရှိလှပေသည်။ ထိုစမ်းချောင်းရေထက် ငြိမ့်ညောင်းညင်သာ လိုက်ပါ စီးမျောလျက်ရှိသည့် ပန်းပေါင်း လှေကလေးများထက် အလိုက်သင့် ခိုစီးမျောပါလျက်ဖြင့် သီချင်းသံသာ သီကြွေး လျက်ရှိသည့် ငှက်ကျေးတေးသံသာများ၊ လိပ်ပြာရောင်စုံ ကလေးများ၏ မြင်ကွင်း ပသာဒတို့က ခံစားရှုမြင်ရသူ အပေါင်းတို့ အတွက် ငြိမ့်သက်ချိုသာ ရှိလှပေသည်။
အချိန်ကာလ၏  တိုက်စားမှုတို့ဖြင့် ပစ္စက္ခတွင် ကမ္ဘာနှင့်အဝန်း၊ ကပ်ရောဂါ အသွင်ဖြင့် ရာသီဥတု ပြောင်းလဲခြင်း၏ အနိဋ္ဌာရုံများကို ခံစားနေကြရပေသည်။ ယနေ့ ကာလ၌ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မြစ်ရေကြီးမှု ဒုက္ခ၊ မီးခိုးမြူထု နှိပ်စက်ခြင်း ဒုက္ခများဖြင့် ကျွန်တော်တို့၏ အမြင်အာရုံများထဲသို့ ဝင်ရောက် တိုးတိုက် ထိုးစိုက်လျက် ရှိနေပေသည်။ ကျွန်တော်တို့ မြေလွှာပေါ်မှာပင် မကြာမတင် ကာလ တစ်ခုဆီက မကြုံစဖူး ထူးကဲလှစွာဖြင့် ရေကြီးမှုဒုက္ခ၊ တောင်ပြိုခြင်း ဒုက္ခတို့ဖြင့် နင့်နင့်သီးသီး ဖက်ပွေ့ ရင်ဆိုင်ခဲ့ကြရသည်။ ယခုထိပင် ပြန်လည် ထူထောင်ရေး ကိစ္စများ၌ ဝိုင်းကြဝန်းကြနှင့် အနာမကျက်သေးပေ။ ဒီကြားထဲမှာပင် လူတို့၏ ပယောဂဖြင့် မချိတင်ကဲစွာပင် ဖားကန့်မြေမှ မြေစာတောင်ကုန်းများ ပြိုကျသဖြင့် ထိုမြေလွှာပြင်များ အောက်ခြေ၌ အသက်ပျောက်ခဲ့ရသူ ပေါင်းရာကျော် စာရင်း ပျောက်ခဲ့ကြရသည်။ ထိုဖြစ်စဉ်အပေါ် မျှော်ကြည့်တော့လည်း မြေနိမ့်ရာ လှံစိုက် ဆိုသလိုပင် မချိစရာတွေဖြင့် စုတ်သပ် ရင်ဖိရုံမှ တစ်ပါး အခြားမရှိခဲ့ကြ။ တတ်နိုင်သူတို့ဘက်မှ ထိုဖြစ်စဉ်မျိုးများ ထပ်မံ မပေါ်ပေါက်ရေး ဝိုင်းဝန်း၍ ဖေးမကြမည် ဆိုရင်တော့ အတိုင်းထက် အလွန် မွန်မြတ်လှသည့် ရှုမျှော်ခင်းများသာ ဖြစ်ပေသည်။
လောလောလတ်လတ်မှာပင် ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု အန္တရာယ်ကို ဝိုင်းဝန်း ကာကွယ်နိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ မှ ခေါင်းဆောင်များ ပါဝင်သည့် "ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ" ကို ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည်။ ဘုံရည်မှန်းချက်အဖြစ် ၂၀၂၀ ပြည့်နှစ် အရောက်၌ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ ထုတ်လုပ်မှုကို လျှော့ချရန် နိုင်ငံတကာ သဘောတူညီချက်သစ် ရရှိရေး ဖြစ်သည်။ ထိုသဘောတူညီချက် ရရှိပါမှသာ ကမ္ဘာ့အပူချိန် မြင့်တက်နေမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က သတိပေးထားခဲ့ပေသည်။
ကမ္ဘာ့အင်အား ချိန်ခွင်လျှာ၌ ဒုတိယ စီးပွားရေး အကောင်းဆုံး တရုတ်နိုင်ငံ အနေဖြင့် ၂၀၃၀ ကာလတွင် ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့လျှော့ချနိုင်ရန် ရုပ်ကြွင်းလောင်စာ မဟုတ်သည့် အရင်းအမြစ်များမှ စွမ်းအင် ထုတ်လုပ်မှုကို ရာခိုင်နှုန်း ၂၀ အထိ လျှော့ချနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုပေသည်။ ပစ္စက္ခ မြစ်ကွင်းများ၌ တရုတ်နိုင်ငံ၏ ကောင်းကင်ယံ၌ မီးခိုးမြူငွေ့များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှုန်နေမှုများက အရုပ်ဆိုး အကျည်းတန်မှု မြင်ကွင်းများအဖြစ် ဖော်ပြနေပေသည်။ ကျွန်တော်တို့ မြေပေါ်တွင်လည်း လေထုညစ်ညမ်းမှု တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ကြားသိရပေရာ ကြိုဆိုမှုပြုရမည့် သတင်းကောင်းများ  ဖြစ်ပါသည်။ သို့သော်လည်း လူထုအပေါင်းတို့က တည်ဆောက်ရန် ကြိုးပမ်းနေသူများက ပြန်လည် သုံးသပ်သင့်သည့် ကိစ္စတစ်ရပ်အဖြစ် တည်ရှိနေပေသည်။
မြို့ပြကျေးလက်တို့၏ သဘာ၀ ရှင်သန်မှုမှာ များစွာ ကွာခြားပေသည်။ မြို့ပြလူသားများ အနေဖြင့် မွန်းကျပ်မှု အပေါင်းနှင့် ရင်ဆိုင် ထိုးသတ်နေကြရပေသည်။ တစ်နေ့တစ်နေ့ စားဝတ်နေမှုအတွက် ရင်ဆိုင် ဖြတ်သန်းရမှုများက ဒီရေမြင့်သစ်သဖွယ် ဆုပ်ဖမ်း၍ မမီနိုင်အောင် ရှိလှသည်။ ဒီကြားမှာပင် မြို့ပြ၏ အပူငွေ့များက လူသားများအပေါ် တရှိန်ရှိန် ဟပ်၍နေပေရာ ထိုအပူတောမှ တင်္ဒဂတာ ခုန်ထွက်ကာ ကျေးလက် ရင်ခွင်ဆီ ဝင်ရောက် ခိုလှုံရန် ကြိုးပမ်းကြပြန်ပေသည်။ ရုံးပိတ် ရက်ရှည်ကာလများ၊ သင်္ကြန် ရာသီကာလများ၌ ဇာတိကျေးလက်ဆီ အရောက် ကူးခပ် ပျံသန်းကြရင်းဖြင့် ဘဝအမောများထဲမှ ခဏ တာ ပြေးထွက် ရှောင်ပုန်းကြရပေသည်။  ကျေးလက်၏ အငွေ့အသက်များ လွှမ်းခြုံဆဲပင်ရှိ နေပါသေးရဲ့လား။ မြို့ပြ၏ ကလေးများအဖို့ ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်စရာ အားကစားကွင်း ရှားပါးမှုနှင့် ရင်ဆိုင်နေကြ ရပြန်ပေသည်။
အကြောင်းတိုက်ဆိုင်လာသဖြင့် သြစတြေးလျ နိုင်ငံမှ သစ်တောသစ်ပင် ချစ်ခင်သူတို့၏ သစ်တော ထိန်းသိမ်းမှု ဖြစ်စဉ်တစ်ရပ်ကို သတိရလိုက်မိပေသည်။ တောင်တက် ဝါသနာရှင် တစ်စုတို့က သူတို့ လမ်းလျှောက်ရင်း တက်ရောက်နေကျ ယူကလစ်ပင်များ ဖုံးလွှမ်းရာ တောင်ကြောကြီးအား မီးရထားလမ်း အဖြစ်  ဖောက်လုပ်တော့မည့် အကြောင်း သိရှိခဲ့ကြသဖြင့် အဆိုပါ စီမံကိန်းအား ဟန့်တားနိုင်ရန် ရန်ပုံငွေများ စုဆောင်းကြပေသည်။ ရရှိငွေများဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် ရသူထံ တွေ့ဆုံ၍ အကျိုးအကြောင်း ရှင်းပြပြီး ထိုတောင်ကြောအား ပြန်လည်၍ ဝယ်ယူခဲ့ကြပေသည်။ ဤနည်းဖြင့် ယူကလစ် တောကြီးမှာ မူလအတိုင်း မပျက်စီးခဲ့ရဘဲ ဆက်လက် ရှင်သန်ခွင့် ရခဲ့ပေသည်။ လုပ်ငန်းရှင်ဘက်မှ အလွယ်တကူပင် လက်ခံခဲ့ပုံမှာ ချစ်စဖွယ် ကောင်းလှပေသည်။ ကျွန်တော်တို့ နိုင်ငံမှာ လုပ်ငန်းရှင်များ အနေဖြင့်လည်း သဘာ၀ နယ်မြေများ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ထိုသို့သော အသိတရားများဖြင့် ဝိုင်းဝန်း ပူးပေါင်းကြမည် ဆိုပါလျှင် နိုင်ငံ သယံဇာတ သဘာ၀ သစ်တောများ အလွယ်တကူ ပျောက်ရှဆုံးပါးမှု ဘေးအန္တရာယ်မှ ကာကွယ်နိုင်ကြပေမည်။
သစ်တော သစ်ပင်များမှ ရရှိနိုင်သည့် ကောင်းကျိုးများက များပြားလှသည်။ မလိုလားအပ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုပ်ယူပေး၍ လည်းကောင်း၊ သစ်ပင်များ ရှိနေခြင်းဖြင့် ဖန်လုံအိမ် အာနိသင်များလည်း လျှော့ချပေးနိုင်ပေသည်။ သစ်ပင်သစ်တောများ ရှိနေခြင်းကြောင့် မြေဆီလွှာများ မိုးရေ တိုက်စားခြင်းမှ ကာကွယ်ပေးပြီး မြစ်ကမ်းပါးမှ ပြည်သူများ သဘာ၀ ဘေးအန္တရာယ် ကျရောက်ခြင်းမှ ရှောင်ရှားနိုင်ကြပေသည်။ သဘာ၀ သစ်တောများ ထိန်းသိမ်းပြီ ကျေးလက်၏ အလှအပများ စောင့်ရှောက်ကြသလိုပင် နိုင်ငံတော်၏ ပုံရိပ်မပျက်စီးစေရန် အားလုံး၌ တာဝန်ရှိကြပေသည်။ အရုပ်ဆိုး အကျည်းတန် လျက်ရှိသည့် သစ်တော သယံဇာတများ ယိုယွင်း ပျောက်ရှမှုများအတွက် ပူးပေါင်း တာဝန်ယူမှုဖြင့် ဖြေရှင်းကြမှသာ မွန်းကျပ်မှု အပေါင်းမှ စတေးရှောင်လိုသည့် အခါ၌ ကျေးလက်ဒေသ ရင်ခွင်ဆီ ခိုဝင်မှေး စက်နိုင်ကြပေမည်။ သဘာ၀ တရားထံမှ ငြိမ်းအေးမှု ရသကို စုပ်ယူ ခံစားကြရင်း ဖိစီးမှု ကွန်ရက်အတွင်းမှ ခုန်ထွက်နိုင်မည် မဟုတ်ပါ။

Most Read

Most Recent