ကာတွန်းနှစ်တစ်ရာပြည့် လမ်းကြောင်း

ကာတွန်းနှစ်တစ်ရာပြည့် လမ်းကြောင်း
Published 26 December 2015
ရဲခေါင်မဲမောင်

ဒီ ၂၀၁၅ ခုနှစ်ဟာ နှစ်တစ်ရာပြည့်တွေနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြားရှိတဲ့ နှစ်ပဲ ဖြစ်ပါတယ်။ မှတ်ထားမိသလောက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်၊ သူရိယ စာစောင် ထုတ်ဝေခဲ့တဲ့ နှစ်တစ်ရာပြည့်၊ စာရေး ဆရာမကြီး ဒေါ်ခင်မျိုးချစ် နှစ်တစ်ရာပြည့်၊ သတင်းစာ ဆရာမကြီး လူထု ဒေါ်အမာ နှစ်တစ်ရာပြည့်၊ ကချေသည် မယ်မြင့်ဝတ္ထု နှစ်တစ်ရာပြည့်နဲ့ မြန်မာကာတွန်း နှစ်တစ်ရာပြည့် နှစ်တွေဟာ ဒီ ၂၀၁၅ ခုနှစ်မှာ ကျရောက် နေကြပါတယ်။
ဒါကြောင့်လည်း မြန်မာကာတွန်း နှစ်တစ်ရာပြည့် အခမ်းအနားကြီးကို ခမ်းခမ်းနားနား ကျင်းပနိုင်အောင် ကာတွန်းဆရာ အရွယ်စုံ ကြိုးစားပမ်းစား စီစဉ် ဆောင်ရွက်နေကြတာကို ဖတ်နေရ၊ ကြားနေရတာပေါ့။ အခုလာမယ့် ဒီဇင်ဘာလ ၃၀-၃၁ ရက်၊ MCC ခန်းမမှာ ကျင်းပမယ့် မြန်မာကာတွန်း နှစ်တစ်ရာပြည့် ပွဲတော်ကြီးမှာ စာတမ်းဖတ်ပွဲတွေ၊ စာပေဟောပြောပွဲတွေ ပါဝင်မှာ ဖြစ်သလို ကာတွန်းဆရာတွေ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်ကြမယ့် အငြိမ့်၊ ပြဇာတ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်တစ်ရာ အတွင်း ပြည်သူလူထုကြားထဲမှာ ခေတ်စားခဲ့ပြီး ပြည်သူလူထုရဲ့ ရင်ထဲမှာ ဒီကနေ့ အထိ ရှိနေဆဲဖြစ်တဲ့ မြန်မာကာတွန်း ဇာတ်ကောင်တွေနဲ့ မြန်မာကာတွန်း ခေတ်ဦးက ဆရာကြီးတွေ ရေးဆွဲခဲ့ကြတဲ့ ကြော်ငြာ ကာတွန်းတွေကိုလည်း တလေးတစား ပြသထားမှာ ဖြစ်ပါတယ်။
မျိုးဆက်အလိုက် ပေါ်ပေါက်လာတဲ့ ကာတွန်းဆရာတွေရဲ့ ကာတွန်းလက်ရာ တစ်ပုံစီကို ချိတ်ဆွဲ ပြသထားမှာ ဖြစ်ပြီး Velue အမည်နဲ့ ကာတွန်းပြိုင်ပွဲ တစ်ခုကို ကျင်းပပြီး ပြပွဲရက် အတွင်းမှာ ဆုရရှိသူတွေကို ချီးမြှင့်မှာလည်း ဖြစ်ပါတယ်။
ဒီလို မြန်မာကာတွန်း နှစ်တစ်ရာပြည့်အထိ အောင်အောင်မြင်မြင် ရောက်ရှိလာဖို့ အတွက် ပထမဆုံး ခြေလှမ်းကိုစပြီး လှမ်းခဲ့တဲ့သူကတော့ မြန်မာ့ကာတွန်း ဖခင်ကြီးလို့ ခေါ်ရမယ့် ဆရားကြီး ဦးဘကလေးပဲ ဖြစ်ပါတယ်။ ရန်ကုန်မှာ ဘီအေတန်း လာတက်နေတုန်း ၁၉၁၅ ခုနှစ်ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းမှာ အဲဒီအချိန်က မြို့အုပ်ရူးရူးနေကြတဲ့ ကောလိပ်ကျောင်းသား အချို့ကို သရော် လှောင်ပြောင်ပြီး ကာတွန်းတစ်ပုံ ရေးဆွဲခဲ့ပါတယ်။ အဲဒီကာတွန်းဟာ ဒီကနေ့ နှစ်တစ်ရာပြည့် မြောက်လာတဲ့ မြန်မာကာတွန်းရဲ့ ပထမဦးဆုံး ကာတွန်းပဲ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ ကာတွန်းစတင် ပေါ်ပေါက်လာတာက ၁၈၆၀ ပြည့်နှစ် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာကာတွန်း စတင် ပေါ်ပေါက်လာတာဟာ အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ပေါင်း ၅၅ နှစ်လောက် နောက်ကျနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာကြီး ဦးဘကလေးဟာ ၁၉၃၁ ခုနှစ် စတင်ဘာလ ၁၂ ရက်ထုတ် ရန်ကုန်တိုင်း သတင်းစာမှာ "နံငယ်ပိုင်းနှင့် ဂန္ဒီစတိုင်" ဆိုတဲ့ ကာတွန်း တစ်ပုံကို ရေးဆွဲခဲ့ပါတယ်။ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဂန္ဒီနံငယ်ပိုင်း ဝတ်တာနဲ့ ပတ်သက်ပြီး ဘိလပ်သားတွေ စိတ်မဆိုးကြတဲ့ အပြင် လန်ဒန်မြို့မှာ အစောင်ရေ အများဆုံး ထုတ်ဝေနေရတဲ့ (Review of Review) မဂ္ဂဇင်းကြီးက အဲဒီ ဂန္ဒီကာတွန်းကို ထပ်ပြီး ဖော်ပြလိုက်တာကြောင့် မြန်မာကာတွန်းဟာ ကမ္ဘာကျော် ကာတွန်း ဖြစ်ခဲ့ရပါတယ်။
အဲဒီလို ဆရာကြီး ဦးဘကလေး စတင်ခဲ့တဲ့ မြန်မာကာတွန်းဟာ ဦးဘကလေး မွေးဖွားပြီး ကိုးနှစ်လောက် အကြာမှာ မွေးဖွားလာတဲ့ ဆရာကြီး ဦးဘဂျမ်းရဲ့ ပီပြင်တဲ့ ကာတွန်းရုပ်တွေနဲ့ ထက်မြက်စူးရှတဲ့ အတွေးအခေါ်ကြောင့် စည်ပင်ဖွံ့ဖြိုး တိုးတက်လာခဲ့ရပါတယ်။ ဆရာကြီး ဦးဘဂျမ်းဟာ မြန်မာနိုင်ငံမှာတော့ အလင်္ကာကျော်စွာ ဘွဲ့ရ တစ်ဦးတည်းရှိတဲ့ ကာတွန်းဆရာကြီးပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူ သတင်းစာနဲ့ စာရေး ဆရာမကြီး လူထုဒေါ်အမာက-
"ဦးဘဂျမ်းသည် ကိုလိုနီ ပညာရေးမှ ပေါက်ဖွားခဲ့သည့် မြင်းကျိုးမ၏သား အဿတိုရ် ဖြစ်လေသည်။ ထို့ကြောင့်ပင် အရင်းရှင်စနစ်၊ နယ်ချဲ့စနစ် အောက်ရှိ ပြည်သူတို့၏ ဘဝသံသရာတွင် ကိုးရိုးကားရား၊ ကမောက်ကမများ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေတတ်သည်များကို ဆိတ်ငြိမ်သော ထောင့်တစ်ထောင့်မှ နေ၍ လှလှကြီး ဝအောင်သရော်၍ သွားနိုင်သူ ပြည်သူ့သားကောင်း တစ်ယောက် ဖြစ်ပေသည်"

လို့ ဆရာကြီး ဦးဘဂျမ်းကို အကဲဖြတ်ခဲ့တာကို ကြည့်ရင် ပြည်သူတွေ ရင်ထဲ တသသ ဖြစ်လောက်တဲ့ ကာတွန်းတွေ ဆွဲခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိတော့ဘူး မဟုတ်လား။ ဆရာကြီး ဦးဘကလေးဟာ ၁၂၅၄ (၁၈၉၂) မှာ မွေးပြီး ၁၃၀၆ (၁၉၄၄) ကွယ်လွန်တာဖြစ် သလို ဆရာကြီး ဦးဘဂျမ်းကလည်း ၁၂၆၃ (၁၉၀၀) မှာမွေးပြီး ၁၃၁၄ (၁၉၅၂) မှာ ကွယ်လွန်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးတို့ နှစ်ယောက်စလုံးဟာ နယ်ချဲ့ လက်အောက်မှာ မွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွယ်လွန်ကြတဲ့ အခါမှာတော့ ဆရာကြီး ဦးဘကလေးဟာ လွတ်လပ်ရေးမရခင် ကွယ်လွန်ခဲ့တာဖြစ်ပြီး ဆရာကြီး ဦးဘဂျမ်းကတော့ လွတ်လပ်ရေးရပြီး ဒီမိုကရေစီ ခေတ်ဦးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး အရွယ်ကောင်း၊ နာမည်တက်ချိန် အသက် ၅၀ စွန်းစွန်းတွေမှာ ကွယ်လွန်ကြတာ ဖြစ်တဲ့အတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် အင်မတန် နှမြောတသဖွယ်ရာ ကောင်းတဲ့ ပညာရှင်ကြီး နှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကိုလည်း အထူးသဖြင့် ဆရားကြီး ဦးဘဂျမ်းက ကာတွန်း အနုပညာနဲ့ သရုပ်ဖော်နိုင်ခဲ့တာကို တွေ့ရပါတယ်။ သူ့ခေတ်ထဲက ကမောက်ကမမှု တစ်ခုကို ဆရာကြီး ဦးဘဂျမ်း ရေးထားတာကလေးက အမြတ်ကြီးစား တစ်ယောက်ကို ဘုရင်ကရှေ့ တော်သွင်းပြီး...
ဘုရင် - ဒါလောက် အမြတ်ကြီးစားလှတဲ့ အကောင်၊ နင့်ပါးစပ်ထဲ ငွေရေပူ လောင်းထည့်မယ်။ ဟဲ့ကောင် - အမတ်ကြီးဆီက ငွေတစ်ကျပ်သား ယူပြီး ပန်းထိမ်မှာ အရေကြိုပြီး ယူခဲ့စမ်းဟ။
          (အစေခံက ငွေကို အရည်ကြိုပြီး ယူလာရာမှာ နည်းနည်းကလေး ဖြစ်နေတာ မြင်တော့)
ဘုရင် - ငွေတစ်ကျပ်သား အရည်ကြိုတာ ဒါပဲလားကွ၊ နည်းလှချည်လား၊ ခွေးမသား ချိန်ကြည့်မယ်။ မပြည့်ရင် နင်အသေဘဲ။
အစေခံ - မှန်ပါ၊ အမတ်ကြီးဆီက ငွေတစ်ကျပ်သား ထုတ်ယူတာ။ ငါးမူးသားပဲ ရပါတယ်။ ငါးမူးသား သူလှီးလိုက်ပါတယ်။ ပန်းထိမ်ဆရာက တစ်မတ်သား ဘုံးပြန်တော့ တစ်မတ်သားပဲ ကျန်ပါတယ်။ ကျွန်တော်မျိုးလည်း ဒါလောက်ဘုံးကျတာ မထူးပါဘူး ဆိုပြီးတော့ လမ်းမှာ တစ်မူးသား အုပ်လိုက်တယ်..ဘုရား။ အခု တစ်မူးသားတောင် ကျန်ပါသေးတယ်။
ဘုရင် - ရက်စက်ပါပေ့ မအေးပေးတွေရယ်။
          (မူရင်းသတ်ပုံအတိုင်း)
လို့ ရေးခဲ့တာကို ကြည့်ရင် အခုအချိန်ထိ ခေတ်မီနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် အခုအချိန်ထိ ခေတ်မီနေရတာလဲဆိုရင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောတဲ့ "ဘတ်ဂျက်တွေက ပွဲခင်းထဲ ဆီးသီးဗန်းမှောက် ကျသလို ဟိုလူက တစ်ဆုပ် ကောက်စားလိုက်၊ ဒီလူက တစ်ဆုပ် ကောက်စားလိုက်နဲ့ ဘာမှမကျန်တော့ဘူး" ဆိုသလို 'ဘုံး' နေကြတာတွေက ဦးဘဂျမ်း ခေတ်ကနေ အခုအထိ 'ဘုံးမြဲ ဘုံးလျက်.. ဘုံးမပျက်' ဖြစ်နေတာကြောင့်ပါပဲ။
ဦးဘဂျမ်းတို့ ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ ယေဘုယျ ပြောရရင် ခေတ်သုံးခေတ် ရှိလာခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ အထိ စစ်အာဏာရှင် ခေတ်နဲ့ ၂၀၁၀ ခုနှစ်ကနေ အခုအထိ စစ်တစ်ပိုင်း ဒီမိုကရေစီ အတုခေတ်တွေပဲ ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှာ စာနယ်ဇင်းတွေကို ထိန်းချုပ်မှု ရှိလာခဲ့ပေမယ့် ပုဂ္ဂလိက မဂ္ဂဇင်း ဂျာနယ်တွေနဲ့ အစိုးရ သတင်းစာတွေမှာ ဖော်ပြတဲ့ ကာတွန်းတွေကတော့ ခေတ်ကို မီးမောင်း ထိုးပြနိုင်ခဲ့ပါသေးတယ်။
အဲဒီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာ ရေးတဲ့ကာတွန်း တစ်ပုံကို ကျွန်တော် မှတ်မိနေပါသေးတယ်။ ကာတွန်း ရေးဆွဲသူကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ သူ ရေးဆွဲထားတာက တင့်ကားကြီး တစ်စီးကို ကလေးတစ်ယောက်က မောင်းလာတာ တဂျိမ်းဂျိမ်းနဲ့ ဆူညံသွားပါတယ်။ ဒါကိုမြင်တော့
အမေ - ဟဲ့ နင့်ကို သမဆိုင်မှာ 'အပ်' သွားဝယ်ခိုင်းတာ ဒါကဘာကြီးလဲ။
ကလေး - အမေဝယ်ခိုင်းတဲ့ 'အပ်' ကို လိုချင်ရင် ဒီတင့်ကားကြီးနဲ့ တွဲယူမှ ရောင်းမယ်ဆို လို့...
ဆိုပြီး ရေးထားတာပါ။ အဲဒီအချိန်က သမဝါယမ ဆိုင်တွေမှာ လူထုအတွက် အကျိုးမရှိတဲ့ ပစ္စည်းတွေ တင်ရောင်းတာ လူထုအတွက် အကျိုးရှိပေမယ့် လူထုမဝယ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းနေတာကို ပြောတာပါပဲ။ အဲဒီလို ပစ္စည်းတွေက ဆိုင်မှာ ပုံ..ပုံလာတော့ လူထုအသုံးပြုနိုင်တဲ့ ပစ္စည်းတွေ လာဝယ်တဲ့အခါ စောစောကပြောတဲ့ ရောင်းမစွံတဲ့ ပစ္စည်းတွေနဲ့ အတင်းတွဲပြီး ရောင်းတဲ့အတွက် လူထုမှာ ဒုက္ခရောက်ကြ ရပုံတွေကို ကာတွန်းဆရာက လှောင်တာပဲ ဖြစ်ပါတယ်။
၁၉၈၈-၂၀၁၀ စစ်အာဏာရှင် ခေတ်မှာတော့ အာဏာရှင်တွေဟာ စာပေစိစစ်ရေးကို ပိုမို တင်းကျပ်လိုက်ပြီး ရေသမျှစာ၊ ကဗျာ၊ ကာတွန်းတွေကို ဂက်စတာပို မျက်စီနဲ့ စောင့်ကြည့် စစ်ဆေးပြီး ဖြုတ်ထုတ်သတ် လုပ်လာပါတယ်။ အာဏာရှင် ခေတ်ထဲက ပြည်သူထုရဲ့ ဘဝ၊ ခံစားချက်နဲ့ တရားမျှတမှု မရှိတဲ့ ဝန်ထမ်း အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေကို ရေးသားခွင့် မပြုတော့ပါဘူး။ ဒါပေမဲ့ ကာတွန်းဆရာတွေပဲလေ။ အဲဒီခေတ်ကြီးထဲမှာ ကိုအော်ပီကျယ်က ကာတွန်းတစ်ပုံ ရေးပါတယ်။ သူ့ကာတွန်းက-
လယ်သမားကြီး တစ်ယောက်က နွားကြီးတစ်ကောင်ကို ကြိုးနဲ့ဆွဲပြီး တိရစ္ဆာန် ဆရာဝန်အိမ်ကို လာပါတယ်။ ရောက်တော့ လယ်သမားက ရိုရိုကျိုးကျိုးနဲ့ တိရစ္ဆာန် ဆရာဝန်ကို "ဆရာရယ် ကျွန်တော့နွားကြီး လက်ကျိုးသွားလို့ တစ်ဆိတ်လောက် ကြည့်ပေးပါ" လို့ ပြောတဲ့အခါ မှန်ရှေ့မှာရပ်ပြီး အပြင်ကိုသွားဖို့ ပြင်ဆင်နေတဲ့ ဆရာက "နွားက လက်ကျိုးရအောင် ဘာလုပ်လို့လဲ" လို့ မေးပါတယ်။ လယ်သမားက "ဆရာရယ် ဒီကောင်ကြီးလေ ကျပ်ခိုးစင်ပေါ်တက်ပြီး ကြွက်ခုတ်တာ.. ကျပ်ခိုးစင် ပြိုကျပြီး လက်ကျိုးသွားတာပါ" လို့ ပြောတဲ့အခါ တိရစ္ဆာန် ဆရာဝန်က "အောင်မာ နွားဖြစ်ပြီး ကျပ်ခိုးစင်ပေါ်တက်ပြီး ကြွက်ခုတ်တယ် ဟုတ်လား.. ကိုယ့်အလုပ် ကိုယ်မလုပ်တဲ့ကောင် လက်ကျိုးတာ နည်းတောင် နည်းသေးတယ် ခဏစောင့်" ဆိုပြီး အပြင်ကိုထွက်မယ် လုပ်ပါတယ်။ အဲဒီမှာ လယ်သမားကြီးက "ဆရာ ဘယ်လဲ" လို့ မေးလိုက်တာမှာ တိရစ္ဆာန် ဆရာဝန်က လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်တာကတော့ "တံတားဖွင့်ပွဲ" ပါတဲ့။
နွားကျတော့ နွားအလုပ် နွားမလုပ်ဘဲ ကျပ်ခိုးစင်ပေါ်တက်ပြီး ကြွက်ခုတ်တဲ့ကောင် လက်ကျိုးတာတောင် နည်းသေးတယ်လို့ ပြောတဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်ရဲ့ အလုပ်က လက်ကျိုးလာတဲ့ နွားကို ဆေးကုပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်က နွားကို ဆေးမကုဘဲ တံတားဖွင့်ပွဲ သွားမလို့ ဆိုတာကတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ကြတဲ့ စစ်အာဏာရှင် ခေတ်ကြီးတစ်ခုလုံးကို လှောင်လိုက်တာပဲ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်နဲ့ အခုအထိကတော့ ဒီမိုကရေစီ အတုခေတ်လို့ ဆိုရမယ်။ ဒါပေမဲ့ စာပေစိစစ်ရေးကြီးကို ဖျက်သိမ်းပြိး လွတ်လပ်ခွင့် နည်းနည်းရှိတာကြောင့် စာပေရုပ်ရှင်နဲ့ ဂီတအနုပညာတွေ အထဲမှာ ကာတွန်းတွေက ရှေဆုံးတန်းကို ရောက်လာကြပါတယ်။ ရောက်ရှိနေတဲ့ အချိန်အထိ ၂၀၁၀ ပြည့်နှစ်က စခဲ့တဲ့ တစ်ခေတ်လုံးကို အထိမိဆုံး ဖော်ပြခဲ့တဲ့ ကာတွန်းတစ်ပုံ ရှိပါတယ်။ ရေးသူကတော့ ဆရာနေမျိုးဝင်း ဖြစ်ပါတယ်။ သူရေးထားတာက ဝန်ကြီးနှစ်ပါး စကားပြောနေတဲ့ ပုံကလေးဖြစ်ပြီး ဝန်ကြီးတစ်ပါးက "ဒို့က ပြည်သူ ရွေးချယ်ထားတဲ့ ဒီမိုကရေစီ အစိုးရကွ" လို့ ပြောလိုက်တာကို ကျန်ဝန်ကြီး တစ်ပါးက စစ်တပ်ပုံစံ သတိဆွဲပြီး "ဟုတ်..ဗိုလ်ချုပ်" လို့ စစ်တပ်လေသံနဲ့ ပြန်ပြောလိုက်တာပါပဲ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရ အဖွဲ့ရဲ့ ထိပ်ဆုံးမှာ ကာလုံအဖွဲ့ ၁၁ ဦးရှိနေပြီး အဲဒီ ကာလုံမှာ စစ်တပ်က ခြောက်ဦး ပါဝင်ပါတယ်။ ကျန်အရပ်သား ငါးဦးမှာလည်း တစ်ဦးသာ အရပ်သား စစ်စစ်ဖြစ်နေတာနဲ့ သမ္မတ၊ ဒုသမ္မတတစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာ စစ်ထွက်တွေဖြစ်နေတာ၊ ကာကွယ်ရေး ဦးစီးချုပ်မှာ အာဏာအပြည့် ရှိနေတာ၊ ပြည်နယ်တိုင်း ဝန်ကြီးချုပ်အားလုံး စစ်ထွက်တွေ ဖြစ်နေတာ၊ လုပ်တဲ့ကိုင်တဲ့၊ ပြောတဲ့ဆိုတဲ့ နေရာတွေ အားလုံး စစ်တပ်ပုံစံတွေပဲ ဖြစ်နေတာတွေကို ကာတွန်းဆရာက လှောင်တာပါ။
ဒါတွေက ၁၈၁၅ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာကာတွန်းတွေရဲ့ နှစ်တစ်ရာပြည့် သက်တမ်းအတွင်း အခြေအနေနဲ့ ပြည်သူနဲ့ ဖြတ်သန်းတဲ့ ခေတ်တွေအပေါ် တာဝန်ကျေပွန်မှုကို အကြမ်းဖျဉ်း အကဲခတ်တာ ဖြစ်ပါတယ်။ နှစ်တစ်ရာကို သက်သောင့်သက်သာ ဖြတ်သန်းခဲ့ကြရတာတော့ မဟုတ်ပါဘူး။ လောက သဘာဝအတိုင်း အခက်အခဲမျိုးစုံ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထူးခြားဖြစ်စဉ်ကတော့ ၁၉၅၀ မှာ အစိုးရက ဦးဘဂျမ်း ကာတွန်းတွေ အပေါ် အခွန်ကောက်တာ၊ ဒါကို ဦးဘဂျမ်းက မကျေနပ်လို့ သုံးလလောက် ကာတွန်းမရေးဘဲ သပိတ်မှောက်ခဲ့ပါတယ်။
ဘာပဲပြောပြော မြန်မာကာတွန်း သက်တမ်းကတော့ နှစ်တစ်ရာ ပြည့်သွားပါပြီ။ လာမယ့် ဒီဇင်ဘာ ၃၀-၃၁ ရက်  MCC ခန်းမမှာ ပြုလုပ်မယ့် နှစ်တစ်ရာပြည့် မြန်မာကာတွန်း ပွဲတော်ကို သွားကြည့်ရင် အခုထက်ပိုပြီး သိရမှာပဲ ဖြစ်ပါတယ်။

Most Read

Most Recent