တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်မထိုးဘဲနှင့် နိုင်ငံရေး ဆွေးနွေးပွဲသွားမည် ဆိုသည့်ကိစ္စမှာ ဖြစ်နိုင်မည်မဟုတ်ဟု NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။လက်ရှိတွင် အစိုးရနှင့် အပစ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့အကြား NCA လက်မှတ်ထိုးပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲမှု ပြီးစီးကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက် တွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပမည် ဖြစ်သည်။ပဒိုစောကွယ်ထူးဝင်းက “တချို့လက် မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေကတော့ အစိုးသစ် တက်လာလို့ရှိရင် သူတို့ဆက်ဆွေးနွေးမယ် ဆိုတာကိုတော့သိရတယ်။ သူတို့ရဲ့ သတင်းအရပေါ့။ ဒါပေမဲ့ အစိုးရသစ်က သူတို့ကို နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါလာဖို့ဆိုတာ ဘယ်နည်းလမ်းနဲ့ ပါဝင်မလဲဆိုတော့ ကျွန်တော်တို့ စဉ်းစားကြည့်တယ်။ သိရသလောက်တော့ အစိုးရသစ်ကလည်း NCA ကတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားမှာပဲလို့ နားလည်တယ်”ဟု ပြောကြားသည်။ဆက်လက်၍ ပဒိုစောကွယ်ထူးဝင်းက “အစိုးရကလည်း သူတို့ကို အမြဲတမ်းကြိုဆိုနေတာပဲ လက်ကမ်းနေတာပဲ။ အသိအမှတ်ပြုတဲ့ ၁၆ ဖွဲ့မှာ ရှစ်ဖွဲ့ကျန်နေတာကိုး။ တစ်လောတုန်းကလည်း ‘ဝ’ တွေကို သွားပြီးတော့ ဖိတ်တာ။ NCA မှာ လက်မှတ်ထိုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲသွား။ NCA မထိုးရင် နိုင်ငံရေးဆွေးနွေးပွဲသွားလို့လည်း မရဘူးဆိုတော့ အစိုးရသစ်ကလည်းပဲ ဘယ်နည်းလမ်းနဲ့ သုံးမလဲတော့။ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆို အခြေခံနိုင်ငံရေး ပြဿနာတွေကိုတော့ ဆွေးနွေးရမှာကိုး။ ဒါကိုကျတော့ အပစ်အခတ် ရပ်စဲရေးမလုပ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ သွားမှာဆိုတဲ့ တချို့အဖွဲ့တွေ အမြင်ကတော့ ဒါက ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသစ်ကလည်း လက်ရှိ တပ်မတော်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ရမှာကိုး။ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင် လက်ရှိ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲအောင်လုပ်။ ဒုတိယက အခြေခံနိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ အဖြေရှာ ဒီနည်းလမ်းတစ်ခုပဲ ရှိနေတာ။ အစိုးရသစ်တက်လို့ ရှိရင်လည်း ဒီနည်းလမ်းပဲ သုံးမှာပဲလို့ NLD ရဲ့ခေါင်းဆောင်တချို့ရဲ့ အင်တာဗျူးတွေမှာ အဲဒီလိုပဲ ကျွန်တော်တို့ နားလည်တယ်”ဟု ပြောကြားသည်။ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းစဉ်များတွင် အဓိက ပါဝင်ဆောင်ရွက်နေသည့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် Myanmar Peace Center မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဝင်းထိန်က “ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက်မှာက အခုလက်မှတ်မထိုးတဲ့ အဖွဲ့တွေ အမြန်ဆုံး ပါဝင်ဖို့တော့ ဖိတ်ခေါ်မယ်။ သူတို့ပါဝင်မှသာလျှင် ပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အထဲမှာပါတာပေါ့”ဟု ပြောကြားသည်။NCA တွင် ပါဝင်လက်မှတ်ရေးထိုးမည် မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲကျမှသာ ပါဝင်မည်ဟု ပြောဆိုထားသည့် ‘ဝ’ ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP/ UWSA) နှင့် မိုင်းလားအဖွဲ့(NDAA)တို့ အပါအဝင် လက်ရှိတွင် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်း ၁၃ ဖွဲ့ရှိနေသေးသည်။အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးလှထွန်းနှင့် ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် စသည်တို့ ပါဝင်သည့် အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်က UWSP/UWSA မှ ခေါင်းဆောင်များနှင့် ‘ဝ’ ဒေသ ပန်ဆန်း (ပန်ခမ်း)မြို့တွင် သွားရောက်တွေ့ဆုံခဲ့ရာ ဦးသိန်းဇော်က ငြိမ်းချမ်းရေး ခရီးလျှောက်လှမ်းရာတွင် ခိုင်ခိုင်မာမာဖြင့် ပစ်ခတ်တိုက် ခိုက်မှုများ ရပ်စဲရန် လိုကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရန် လိုကြောင်း စသည်တို့ကိုပြောကြားခဲ့ကြောင်းနှင့် ဇန်နဝါရီ ၁၂ ရက်တွင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ‘ဝ’ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ကြားကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် အချိန်မရွေး ပါဝင်ရန် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ထို့နောက် ဦးသိန်းဇော်နှင့်အဖွဲ့သည် မိုင်းလား လက်နက်ကိုင်အဖွဲ့နှင့်လည်း ဒီဇင်ဘာ ၂၀ ရက်တွင် ဆွေးနွေးခဲ့သည်။ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ‘ဝ’ နှင့် မိုင်းလားလက်နက်ကိုင် အဖွဲ့များ အပါအဝင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ကို အထူးဖိတ်ကြားသူများအဖြစ် တက်ရောက်ရန် ဖိတ်ကြားထားကြောင်းနှင့် အထူးဖိတ်ကြားထားသူများအနေဖြင့် မိမိတို့၏ သဘောထားကို တင်ပြနိုင်သော်လည်း နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ခွင့်မရှိသေးကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်မထိုးဘဲနှင့် နိုင်ငံရေး ဆွေးနွေးပွဲသွားမည်ဆိုသည့်ကိစ္စမှာ ဖြစ်နိုင်မည်မဟုတ်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား















