မြန်မာနိုင်ငံသို့ ဘန်ကောက်နှင့် စင်ကာပူမှ လူနာတင်လေယာဉ် ဆင်းသက်မှု တစ်လလျှင် ပျမ်းမျှ လေးကြိမ်ခန့်ရှိ

မြန်မာနိုင်ငံသို့ ဘန်ကောက်နှင့် စင်ကာပူမှ လူနာတင်လေယာဉ် ဆင်းသက်မှု တစ်လလျှင် ပျမ်းမျှ လေးကြိမ်ခန့်ရှိ
Published 25 December 2015
ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံသို့ ဘန်ကောက်နှင့် စင်ကာပူ နိုင်ငံများမှ လူနာတင်လေယာဉ် ဆင်းသက်မှု တစ်လလျှင် ပျမ်းမျှ လေးကြိမ်ခန့်ရှိကြောင်း သတင်းရရှိပါသည်။“လူနာတင် လေယာဉ်က တစ်လကို လေးကြိမ်၊ ငါးကြိမ်လောက်အထိ ရှိတယ်။ အများဆုံးကတော့ ဘန်ကောက်နဲ့ စင်ကာပူ နိုင်ငံတွေကပါပဲ” ဟု Myanmar MJET မှ Executive Chairman ဦးအုန်းမြင့်က ပြောကြားခဲ့သည်။ရန်ကုန် လေဆိပ်ရှိ နိုင်ငံတကာမှ ကိုယ်ပိုင်လေယာဉ်စီး ခရီးသည်များကိုသာ ဝန်ဆောင်မှုပေးသည့် Myanmar MJETS Business Aviation centre ၌ တစ်နှစ်အတွင်း ဆင်းသက်ခဲ့သည့် ကိုယ်ပိုင်လေယာဉ် အစင်း ၂၆၀ တွင် စီးပွားရေး ကိစ္စဖြင့် ဆင်းသက်သည့် လေယာဉ် ဆင်းသက်မှု ၁၂၅ ခေါက်၊ အလည်ပတ် ခရီးသွား လာရောက်သည့် လေယာဉ် ဆင်းသက်မှု ၇၅ ခေါက်နှင့် လူနာတင် လေယာဉ် ဆင်းသက်မှု ၆၀ ခေါက် အသီးသီး ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။မြန်မာနိုင်ငံသို့ ကိုယ်ပိုင် လေယာဉ်ဖြင့် လာရောက်သည့် ခရီးသည်များ အနေဖြင့် ရန်ကုန်လေဆိပ် အဆောက်အုံအား အသုံးပြုရန် မလိုဘဲ သီးသန့်နားနေ ထွက်ခွာနိုင်မည့် Myanmar MJETS Business Aviation centre အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။နိုင်ငံတကာမှ ကိုယ်ပိုင် လေယာဉ်စီး ခရီးသည်များ သီးသန့် အသုံးပြုနိုင်မည့် Myanmar MJETS Business Aviation centre ဖွင့်လှစ်ပြီး တစ်နှစ်ကျော်အတွင်း ကိုယ်ပိုင် လေယာဉ် အစင်းရေ ၂၆၀ ဆင်းသက်အသုံးပြုခဲ့သည်။ အဆိုပါ ကိုယ်ပိုင် လေယာဉ် အစင်း၂၆၀ တွင် မြန်မာနိုင်ငံမှ လူနာအား ပြည်ပသို့ လာရောက် ခေါ်ဆောင်ပေးသည့် လူနာတင် လေယာဉ် ဆင်းသက်မှုများ၊ စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင် လေယာဉ်များနှင့် အလည်ပတ် ခရီးလာရောက်သည့် ကိုယ်ပိုင် လေယာဉ်စီး ခရီးသည်များ၏ လေယာဉ်များ ပါဝင်ခဲ့သည်။ယခုနှစ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကိုယ်ပိုင် လေယာဉ် အစင်း ၂၆၀ ဆင်းသက်ခဲ့ရာတွင် စီးပွားရေးအရ လာရောက်သည့် ကိုယ်ပိုင် လေယာဉ် ဆင်းသက်မှု အများဆုံး ဖြစ်ကြောင်း သိရှိရသည်။Myanmar MJETS Business Aviation centre သည် ကိုယ်ပိုင်လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသည်များ ရန်ကုန်လေဆိပ် အဆောက်အအုံအား အသုံးပြုရန် မလိုဘဲ အဆိုပါ စင်တာ၌ပင် လူဝင်မှု ကြီးကြပ်ရေးနှင့် အကောက်ခွန် လုပ်ငန်းစဉ်များ အပါအဝင် လေဆိပ် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ တစ်ပါတည်း ပြုလုပ်၍ သီးသန့် ထွက်ခွာနိုင်မည် ဖြစ်သည်။Myanmar MJETS Business Aviation centre အနေဖြင့် ကိုယ်ပိုင်လေယာဉ် ထားရှိ၍ စင်းလုံးငှား လေယာဉ်နှင့် လူနာတင်ယာဉ် ဝန်ဆောင်မှု (Air Charter & Air Ambulance) အား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကိုလည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။Myanmar MJETS Business Aviation centre သည် နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းနှင့် Joint Operation အနေဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာ့လေကြောင်းမှ လေယာဉ်ရုံ အဆောက်အအုံအား ငှားရမ်း၍ (MMBAC) အဆောက်အအုံအား တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။Myanmar MJETS Business Aviation centre တွင် ရရှိနိုင်မည့် ဝန်ဆောင်မှု လုပ်ငန်းများမှာBusiness Aviation Centre,  Business and Conference Facilities, Pilots Briefing room, Baggage service, Aircraft Services များဖြစ်သည့် Aircraft  Refueling, Aircraft Handling, Aircraft Washing & Bright Work, Aircraft Cleaning, Hotel Reservations  နှင့် Tour Booking စသည့် ဝန်ဆောင်မှုများကိုပါ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

Most Read

Most Recent