ရင်ထဲက ပုလဲ

ရင်ထဲက ပုလဲ
Published 25 December 2015
တက္ကသိုလ်မိုးဝါ

(၁)၂၀၁၅ မှာ မြန်မာနိုင်ငံနှင့်တကွ မှီတင်း နေထိုင်ကြသော ပြည်သူ အများစုအတွက် ကြီးမားသည့် အချိုးအကွေ့နှစ် တစ်နှစ် ဖြစ်သည်။ ထိုအချိုးအကွေ့ တစ်ရပ်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးသည် ဝေဖန်သုံးသပ်သူများ၏ ပြောဆိုချက်အရ စနစ်ပြောင်း၊ မူပြောင်း၊ လူပြောင်း ဖြစ်သည့် ပြောင်းလဲခြင်းမျိုးဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုနေကြသည်ကို တွေ့ရသည်။ စာရေးသူကတော့ အဆိုပါ ‘အပြောင်း’ သုံးမျိုးသို့ နောက်ထပ် စတုတ္ထ မပြောင်းခြင်း တစ်ခုဖြစ်သော ‘ယုံကြည်ချက် ခံယူချက် မပြောင်းခြင်း’ ကို ဖြည့်စွက်ရန် လိုအပ်သည်ဟု ယူဆသည်။ ‘စနစ်ပြောင်း’ ဆိုသည်မှာလည်း ဒီမိုကရေစီစနစ်မှ အခြားစနစ်သို့ ပြောင်းခြင်းကို ဆိုလိုသည် မဟုတ်၊ အုပ်ချုပ်မှု ယန္တရားလည် ပတ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်ဟူ၍ ဆိုလိုခြင်းသာ ဖြစ်သည်။အဆိုပါ အချိုးအကွေ့နှစ်ဖြစ်သည့် ၂၀၁၅ တွင် စာရေးသူတို့ ရန်ကုန်စက်မှု တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရ အချို့က ကျောင်းဆင်းပုလဲရတု ကျင်းပရန် စီစဉ်နေကြပြီ။ ၎င်းတို့က ၁၉၈၅ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ ရခဲ့သည်မှာ ယခုဆိုလျှင် အနှစ် ၃၀ ပြည့်ပြီဟုဆိုသည်။  အထိမ်းအမှတ်တစ်ရပ်အဖြစ် တွေ့ဆုံကြရုံမျှမက ကျေးဇူးရှင် ဆရာများအားလည်း ဖိတ်ခေါ်၍ ပူဇော်ကန်တော့ကြမည့် သူတို့၏ စီစဉ်မှု၊ စိတ်ဓာတ်နှင့် ခံယူချက်ကို မလေးစားဘဲ၊ ဂုဏ်မယူဘဲ မနေနိုင်တော့။ အသေးအမွှား ကိစ္စဟုပင် ထင်မြင်ရသော်လည်း မည်သည့်ကိစ္စကိုမဆို မှန်ကန်သော စိတ်ဓာတ်နှင့် မပြောင်းလဲသော ခံယူချက်တို့ဖြင့် ဖော်ဆောင်မှသာလျှင် အောင်မြင်နိုင်မည်ဟူသည့် သက်သေတစ်ရပ်အား သူတို့က ထူထောင်ပြသလိုက်ခြင်း ဖြစ်သည်။ စာရေးသူအဖို့ ပုလဲရတုသည် အနှစ် ၃၀ မဟုတ်၊ ၁၉၇၀ မှရေတွက်သော် ၄၅ နှစ်ပြည့်သော ‘ပုလဲရတု’ ဖြစ်သည်။ ရင်ထဲ၌ ဖြစ်တည်လာခဲ့သော ပုလဲတစ်ပွင့်သည် ယခုထက်တိုင် ကိန်းအောင်းနေဆဲ။ ယင်းပုလဲမှာ ခိုင်မာ၍ မယိမ်းယိုင်သည့် ခံယူချက်၊ ယုံကြည်ချက်တည်းဟူသော ပုလဲဖြစ်သည်။(၂)ပုလဲဟူသည် ခရုခွံအတွင်းရှိ တစ်သျှူးပျော့နေရာများ၌ ဖြစ်ပေါ်သည့် မာသောအရာဝတ္ထုတစ်ခုဖြစ်သည်။ပုလဲ၏ ဓာတုဆိုင်ရာ တည်ဆောက်ထား ပုံဂုဏ်သတ္တိမှာ သေးမွှားသော ပုံဆောင်ခဲ ပုံသဏ္ဌာန်ရှိ ကယ်လ်စီယမ်ကာဗွန်နိတ်သာဖြစ်သည်။ ဗဟိုတူ စက်ဝိုင်းအလွှာများဖြင့် ဖွဲ့စည်းထားသည်။ လူသူအရောက်အပေါက်နည်းသော နေရာတို့တွင် တွေ့ရှိသည့် ပုလဲများသည် တန်ဖိုးအကြီးဆုံးဖြစ်သည်။ သဘာဝပုလဲနှင့် လူလုပ်ပုလဲဟူ၍ နှစ်မျိုးရှိရာ သဘာဝပုလဲများအား ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသည်။  ပင်လယ်အောက်ရှိ မုတ်ကောင်အရေအတွက် ရာချီစုဆောင်းခွဲထုတ် ကြည့်စေကာမူ ပုလဲတစ်လုံး ရရန်ပင် မသေချာ။ သို့အတွက်ကြောင့်လည်း လူလုပ် သို့မဟုတ် မွေးပုလဲများ ဈေးကွက်ထဲသို့ ဝင်ရောက်လာရခြင်းဖြစ်သည်။ ပုလဲမုတ်ကောင်မျိုးစု တစ်စုသည် ပင်လယ်ထဲတွင် ရှင်သန်နေထိုင်ပြီးနောက် မျိုးစု တစ်စုမှာ ရေချိုထဲတွင် ရှင်သန်သည်ဆိုသည်။မုတ်ကောင်ထဲ၌ ပုလဲဖြစ်တည်လာပုံမှာ ဤသို့ဖြစ်သည်။ ကပ်ပါးကောင်ကဲ့သို့သော ပြင်ပအရာ တစ်စုံတစ်ရာ ယင်းမုတ်ကောင် အခွံအတွင်းသို့ ဝင်ရောက်သွားသောအခါ ထိုပြင်ပ အရာဝတ္ထုကြောင့် ခိုးလိုးခုလု ဖြစ်ကာ ယင်းအရာဝတ္ထုကို ဖုံးလွှမ်းစေရန် ပုလဲဖြစ်စေသည့် အရည်အိတ်များအား မုတ်ကောင်က အဆက်မပြတ် ထုတ်လွှတ်လိုက်သည်။ မွေးပုလဲများတွင် မူလကပင် မုတ်ကောင်ထဲသို့ ပြင်ပအရာဝတ္ထုတစ်ခု ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး အချိန်ကာလတစ်ခု ကုန်လွန်ခဲ့သည်နှင့် မုတ်ကောင်ထဲမှ ပုလဲကို ခွဲထုတ်ရယူနိုင်သည်။ခန္ဓာတွင်းသို့သွတ်သွင်းခွဲထည့်၊ ဖိသိပ်လုံးမွပြင်ပဝတ္ထု၊ ပစ္စည်းစုကြောင့်ခုလုလူးလွန့်၊ ခန္ဓာတွန့်လိမ်စွန့်ပစ်အန်ထုတ်၊ ထွေးထုတ်မရနေခက်လှတဲ့၊ ဘဝပိတ်လှောင်မုတ်ကောင်တွေ ...။စာရေးသူ၏ ‘ငါ့ရင်ထဲက ပုလဲ’ ကဗျာမှ အပိုဒ်တစ်ပိုဒ်ဖြစ်သည်။ အလှအပ အဆောင်အယောင် သက်သက်အတွက် အသုံးပြုရန် တစ်မျိုး၊ စီးပွားရေး အကျိုးအမြတ် ရရှိရေးအတွက် တစ်ဖုံ ရေနေသက်ရှိ သတ္တဝါအပေါ် ခုတုံးလုပ်ပြီး လူတို့၏ ကြမ်းကြုတ်ရက်စက်သည့် အပြုအမူကြောင့် သေကျေပျက်စီးရခြင်း အဖြစ်သနစ်ကို ခံစားရေးသားထားခြင်း ဖြစ်သည်။ သဘာဝပုလဲများတွင် ကယ်လ်စီယမ် ကာဗွန်နိတ် ရာခိုင်နှုန်းပြည့်နီးပါး ပါသည့်အပြင်၊ Conchiolin ဟုခေါ်သည့် ပရိုတင်းဓာတ်များလည်း ပါရှိသည်။ အိတ်စ်ရေးရောင်ခြည် ရိုက်ကူးခြင်းဖြင့် ယင်းတို့ကို မွေးပုလဲများနှင့် ကွဲပြားစွာ သိရှိနိုင်ရန် ပြုလုပ်နိုင်သည်။ ယေဘုယျအားဖြင့် အိတ်စ်ရေးဓာတ်ရောင်ခြည်ဖြင့် ရိုက်ကူးကြည့်သော် မွေးပုလဲ၏ ပုံပန်းသဏ္ဌာန်သည် ကင်းပိတ်အလယ် အူပတ်လည်၌ ဗဟိုတူ (Concentric) စက်ဝိုင်းကွင်းများ ပါရှိခြင်း မရှိသည်ကို တွေ့ရပေသည်။  သဘာ၀ ပုလဲများတွင်မူ ဗဟိုတူ စက်ဝိုင်းကွင်းများ အလွှာအထပ်ထပ် ပါရှိသည်။ သို့ဖြစ်၍လည်း သဘာ၀ ပုလဲများသည် ဒေါ်လာသိန်းချီ၍ တန်ဖိုးရှိနေခြင်း ဖြစ်၏။  ၁၉၃၀ ပြည့်နှစ်ဝန်းကျင်၌ ဖြစ်ပေါ်ခဲ့သည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကြီးမားသော စီးပွားရေးကျဆင်းမှု (The Great Depression) ဖြစ်စဉ်ဖြစ်ပွားပြီး နောက်ပိုင်းကာလတွင် သဘာဝပုလဲ တန်ဖိုးများစွာ ကျဆင်းသွားခဲ့သည်။ မွေးပုလဲ အများအပြား ဈေးကွက်ထဲသို့ ရောက်ရှိလာခြင်းသည်လည်း သဘာဝပုလဲ၏ ဈေးနှုန်း ထိုးဆင်းသွားရခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့သည်။ပို၍ ဆွဲဆောင်မှုရှိစေရန်နှင့် ဈေးကွက်တွင်ကျယ်စေရန် ပုလဲများ၊ အထူးသဖြင့် ရေချိုပုလဲများအား ဝါ၊ စိမ်း၊ ပြာ၊ ညို၊ ပန်း၊ ခရမ်း၊ အနက် စသော အရောင်များဖြစ်အောင် ဆေးဆိုးနိုင်သည် ဆိုသည်။ အရေးကြီးသည်မှာ ပုလဲအရောင် တောက်ပြောင်ခြင်း ဂုဏ်သတ္တိသည် ယင်း၏ အရည်အသွေးဖြစ်သည်။ အလင်းပေါက်သော၊ ထိုးဖောက်မမြင်နိုင်သော အလွှာထပ်တို့မှ အလင်းရိုက်ပြန်ခြင်း၊ အလင်းယိုင်ကွေ့ခြင်း (Refraction) ဖြစ်စဉ် အမျိုးမျိုးတို့က ယင်း၏ တန်ဖိုးမြင့်ခြင်း နိမ့်ခြင်းကို သတ်မှတ်ပေးသည်။(၃)မည်သို့ပင်ဆိုစေ၊ လူတို့၏ အတ္တဝါဒနှင့် ကိုယ်ကျိုးစီးပွားကို ဖြည့်ဆည်းရန် အလို့ငှာ အသက်ခန္ဓာများ စွန့်လွှတ်ပေးရရှာသော မုတ်ကောင်တို့ဘက်မှ ကိုယ်ချင်းစာစိတ်ဖြင့် ပြင်းစွာခံစားမိသည်။အို…. မုတ်ကောင်…..လူ့ဘောင်လောက၊ အလှတန်ဆာဆင်ပါ မွမ်းပြောက်၊ စိတ်ရူးပေါက်ဖို့သင်တို့ ထိုးအပ်၊ ပေးဆပ်ညွန့်ကျိုးတန်ဖိုး ကြီးမား၊ စိတ်လှုပ်ရှားစွ….။လူတစ်ယောက် အနေဖြင့် မုတ်ကောင်ကဲ့သို့ပင် သူ၏ ရင်ထဲ နှလုံးသားထဲတွင် အခြေအနေနှင့် လိုက်လျောညီထွေစွာ ပုလဲဖြစ်တည်နိုင်သေးသည်ဟု ဆိုချင်ပါသည်။ ထိုပုလဲမှာ ယုံကြည်ချက်၊ ခံယူချက် ပုလဲမျိုး ဖြစ်သည်။ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း ၄၅ နှစ်ကြာ ဖြစ်တည်မွေးမြူလာခဲ့သော ခံယူချက် ပုလဲသည် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပို၍ တောက်ပြောင်လာပြီး ပို၍ မာကျောလာပြီဟု ဆိုချင်ပါသည်။ ယင်းပုလဲကို မည်သူကမျှ မုတ်ကောင်ကိုသတ်၍ ပုလဲခွဲထုတ်ယူသကဲ့သို့ ခွဲထုတ်ယူငင်သွား၍ မရနိုင်။ ပြီးတော့ အမှန်တရားဘက်မှ လည်းကောင်း၊ ပြည်သူအများ အကျိုးအတွက် လည်းကောင်း အစဉ်တစိုက် ရပ်တည်လုပ်ဆောင် လာခဲ့သော ခိုင်မာမြဲမြံသည့် ယုံကြည်ချက်၊ ခံယူချက် ပုလဲအတွက် မည်သည့် အကာအကွယ်မျှ မလို။ သူ့ဘာသာ ထီးတည်းရပ်တည် နေနိုင်သည်။ လူ့လောက၌ လူတစ်ယောက် အနေဖြင့် နေထိုင်ကျင့်ကြံသော လူ့စည်းမျဉ်းအတိုင်း လိုက်နာကျင့်သုံးလျှင် မည်သည်ကိုမျှ စိုးရွံ့နေစရာ မရှိဟုတော့ ခံယူသည်။ အမှန်တရားက ကာကွယ်ပေးထားပြီးသားဖြစ်သည်။ ‘ငါ့ရင်ထဲက ပုလဲ’ ကဗျာ၏ အဆုံးသတ် အပိုဒ်ကို ဖတ်ရှုခံစားကြည့်တော် မူကြပါ။နှစ်များစွာကပင်၊ ငါ့ ရင်ထဲမှာဖွေရှာဖွဲ့စည်း၊ ဖြစ်တည်ပြီးတဲ့ကြီးသေးရွယ်စုံ၊ ယုံကြည်ချက် ပုလဲတစ်ကုံးရွဲကို၊ ခွဲထုတ်ယူငင်အသင် တစ်သက်၊ မရက်စက်နိုင်။ဘာကြောင့်ဆို…..ရိုကျိုးစရာငါဟာ မုတ်ကောင်မျိုးမဟုတ်. . .။ - (ဒဂုန်မဂ္ဂဇင်း- ၁၉၈၅)

Most Read

Most Recent