ပထမအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးရန်အချိန် တစ်လခန့်သာ ကျန်ရှိတော့သည့် အချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းရန် မသင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့သည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုနိုင်ရန် ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ်များသို့ ဖြန့်ဝေထားသည်။
အဆိုပါ ကာ/လုံဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အနေဖြင့် အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးခြင်းများ မရှိသေးကြောင်း၊ ကာ/လုံ ဥပဒေကြမ်းအား လွန်ခဲ့သည့်တစ်နှစ်ခန့်မှစ၍ လွှတ်တော်သို့ တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း၊ ယခုတစ်ကြိမ် ထပ်မံတင်သွင်းရန် ကြိုးစားလာခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရေးဆွဲရန် စတင်အဆိုပြုခဲ့ကြောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်မှအဖွဲ့ဝင်များအား ရေးဆွဲစေခဲ့သည့် ဥပဒေကြမ်းတစ်ခု ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။
“အခုတင်သွင်းလာမယ့် ဥပဒေကြမ်းကို ပြည့်စုံစွာရေးသားဖို့ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာ/လုံအား ပေးအပ်ထားတဲ့အာဏာကို ဘောင်ခတ်ကန့်သတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ မည်သည့် ကိစ္စများထက် ကျော်လွန်ပြီး မလုပ်ဆောင်ရ စသည်ဖြင့်ပေါ့။ ကာ/လုံ သည် နိုင်ငံတော်၏ အမြင့်ဆုံး အဖွဲ့အစည်းမဟုတ်ဘူး စသည်ဖြင့် ပေါ်လွင်စွာရေးဆွဲဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြဋ္ဌာန်းဖို့ မသင့်သေးပါဘူး”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့ဖြင့် ပါဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းထားသည့်အတွက် ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်ထားသည့် ဦးရေမှာ ငါးဦးသာရှိပြီး အခြားတစ်ဖက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ခြောက်ဦးရှိမည် ဖြစ်သည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ညီမျှမှုမရှိနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။
ကာ/လုံဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြထားသည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေကြမ်းနှင့် အပြိုင်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောကြားသည်။
လွှတ်တော်သက်တမ်း ကုန်ဆုံးခါနီးတွင် ကာ/လုံ ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ်များထံ ထပ်မံဖြန့်ဝေသည့်အတွက် ဝေဖန်စရာဖြစ်နေကြောင်း၊ ဥပဒေကြမ်းကို ရေးဆွဲထားသည်မှာ ကြာပြီဖြစ်ကြောင်း၊ လက်ရှိ လွှတ်တော်သက်တမ်းတွင် အတည်မပြုသင့်ကြောင်း၊ နောက်လွှတ်တော် သက်တမ်းတွင်သာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြည်တွင်းပြည်ပကိစ္စရပ်များကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတထံ အဆိုပြုထောက်ခံတင်ပြခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံ ဆောင်ရွက်ခွင့်ပြုရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောတူညီချက် တောင်းခံလာလျှင် အဆုံးအဖြတ်ပေးခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် သမ္မတက တင်ပြလာလျှင် စိစစ်၍ထောက်ခံချက်ပေးခြင်း၊ နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်း ခံရသဖြင့် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ရေးနှင့်ပတ်သက်၍ သမ္မတက ညှိနှိုင်းလာလျှင် အဆုံးအဖြတ်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေ ကြမ်းပါကောင်စီ၏ လုပ်ငန်းတာဝန်များအရ သိရသည်။
ထို့အတူ ကောင်စီ၏ လုပ်ငန်းတာဝန်များတွင် ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက ညှိနှိုင်းလာလျှင် အဆုံးအဖြတ်ပေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာ လွှဲအပ် ဆောင်ရွက်စေရာတွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းင်းအား ပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် တင်ပြလာလျှင် အဆုံးအဖြတ်ပေးခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်ကို ပယ်ဖျက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက ညှိနှိုင်းလာလျှင်အဆုံးအဖြတ်ပေး ခြင်း၊ ပယ်ဖျက်ကြောင်း ကြေညာခြင်းတို့ ပါဝင်ကြောင်း သိရသည်။
ကောင်စီသည် ဆုံးဖြတ်ချက်များကို ကောင်စီဝင်များအားလုံး၏ သဘောတူညီစွာဖြင့် ဆန္ဒပြုမှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး သဘောထားကွဲလွဲမှုရှိပါ က များရာဆန္ဒဖြင့် ချမှတ်ရမည်ဖြစ်ကာ၊ ထိုသို့ ဆန္ဒမဲယူရာ၌ နိုင်ငံတော်သမ္မတသည် ဆန္ဒမဲမပေးရဘဲ ဆန္ဒမဲတူညီနေမှသာ နိုင်ငံ တော်သမ္မတသည် အဆုံးအဖြတ်မဲပေးရမည်ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။
ကောင်စီ၏ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာပုဂ္ဂိုလ်၊ ဌာနနှင့် အဖွဲ့အစည်းများက တာဝန်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကာ အကောင်အထည်ဖော် ဆောင်ရွက်မှုများမှာ အချိန်ကိုက် အောင်မြင် ပြီးမြောက်မှု ရှိမရှိကို နိုင်ငံတော်သမ္မတရုံး က စိစစ် ကြပ်မတ်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားသည့် ဥပဒေကြမ်းအရ သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေကြမ်းကို လက်ရှိ လွှတ်တော်သက်တမ်းတွင် ပြဋ္ဌာန်းရန် မသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်















