EMG ၏ CEO တိုက်ခိုက်ခံရမှု (၁၂) ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေ ရဲအုပ်အောင်ကိုကိုမှာ အရေးကြီးတာဝန် ထမ်းဆောင်ရန်ရှိသောကြောင့် ဇန်နဝါရီ ၆ ရက်သို့ ပြန်လည်ချိန်းဆို

EMG ၏ CEO တိုက်ခိုက်ခံရမှု (၁၂) ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေ ရဲအုပ်အောင်ကိုကိုမှာ အရေးကြီးတာဝန် ထမ်းဆောင်ရန်ရှိသောကြောင့် ဇန်နဝါရီ ၆ ရက်သို့ ပြန်လည်ချိန်းဆို
Published 23 December 2015
အောင်မျိုးသန့်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသားနှစ်ဦးအား ဗဟန်းမြို့နယ် တရားရုံးတွင်  ဒီဇင်ဘာ ၂၃ ရက်က (၁၂) ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကိုကိုမှာ အရေးကြီးတာဝန် ထမ်းဆောင်ရန်ရှိသောကြောင့် ဇန်နဝါရီ ၆ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှ သိရသည်။
 
အဆိုပါရုံးချိန်းတွင် ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုပြသက်သေ ၁၄ ဦးထဲမှ တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကိုကိုမှာ အရေးကြီးတာဝန် ထမ်းဆောင်ရန်ရှိသည့်အတွက် ရုံးချိန်းကို ပြန်လည်ချိန်းဆိုပေးရန် ဗဟန်းမြို့မရဲစခန်း မှ သမ္မန်စာကို ပြန်လည်အကြောင်းပြန်ခဲ့ကြောင်း ၊ ဗဟန်းမြို့နယ်တရားသူူကြီးက လာမည့်ရုံးချိန်းကို ဇန်နဝါရီ ၆ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
 
ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် တတိယပါဝင်သူအဖြစ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမှတ် (၁) တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်) မှ သန်းထိုက်အောင်ဖြစ်ကြောင်း သိရပြီး ယင်းနှင့် ပတ်သက်၍ အဆိုပါစစ်တပ်မှသာ တာဝန်ယူ ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။ 
 
၎င်းနှင့်ပတ်သက်၍ ဖမ်းဆီး စစ်ဆေးနေသော ရလဒ်အခြေအနေကိုမူ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများမှ ယနေ့အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
 
ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း မင်းလမ်းမှတ်တိုင်အနီး ဖြစ်ပွားခဲ့သော Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား အမျိုးသားငါးဦး ပါဝင်သောအဖွဲ့က ကုန်းသီးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ 
 
ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခ) စပိုက်ဒါနှင့် ရန်နိုင် (ခ) တီကောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
 
ယင်းနောက်အမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံဖမ်းဆီးရမိခြင်း မရှိတော့ဘဲ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ရသည်။
 
 ယင်းနှင့် ပတ်သက်၍  သြဂုတ် ၁၁ ရက် က အမှုအား ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် CEO ဒေါက်တာသန်းထွဋ်အောင်အား တိုက်ခိုက်ခဲ့သူများအနက် တတိယတရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ် (၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်)မှဖြစ်ကြောင်း အမှုစစ်မြို့နယ်တရားသူကြီးက ပြောကြားသည်။
 
ထို့ပြင် သန်းထိုက်အောင်ကို  ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်ဘက်ဆိုင်ရာတရားရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်ကို တပ်မတော်မှ တရားရုံးသို့ အကြောင်းပြန်စာ ပေးပို့ခဲ့ကြောင်း သိရသည်။
 
ဗဟန်းမြို့နယ်တရားရုံးတွင် ဖမ်းဆီးရမိထားသူနှစ်ဦးအား ပြစ်မှုကြီးအမှတ် ၃၅၄/၁၅၊ ပုဒ်မ ၄၄၀/၁၁၄ ဖြင့် အမှုဖွင့် ရမန်ယူခြင်း ဖြစ်ပြီး ဇူလိုင် ၂၈ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  
 

Most Read

Most Recent